မကြာခင် ဒီဇင်ဘာလထဲကို ရောက်တော့မှာဆိုတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးမယ့် ညလည်း
နီးလာပါပြီ။
ကျောင်းပိတ်ရက်ရှည်လည်း ရောက်လာတော့မှာ ဖြစ်ပါတယ်။ ကျောင်းပိတ်ရက်ရှည်မှာ
ကလေးတွေအတွက် မုန့်ပဲ သရေစာတွေ ပြင်ဆင်နိုင်ဖို့နဲ့ ပွဲတော်ကာလမှာ တည်ခင်းဧည့်ခံနိုင်မယ့်
ဟင်းချက်နည်းလေးတွေကို ဒီတစ်ပတ်ကစပြီး ရေးပေးသွားပါမယ်။
ပထမဆုံး ခေါက်ဆွဲကြွပ်ကြော်ကို သရေစာအဖြစ် လုပ်စားနိုင်မယ့် ချက်နည်းပြုတ်နည်းလေးနဲ့
စတင်ပါမယ်။
ခေါက်ဆွဲကို ပြုတ်ပြီး အကြွပ်ကြော်ကာ ဟင်းခတ်အမွှေးအကြိုင်များနဲ့ နယ်ပါမယ်။
ကလေးတွေရော လူကြီး တွေပါ စားလို့ရမယ့် နည်းကလေးပါ။
နောက်တစ်မျိုးကတော့ ထန်းလျက်ရယ်၊ မြေပဲရယ် နှမ်းရယ်ကို ကပ်စေးနှဲလိုပုံစံမျိုး ကျိုပြီး
ခေါက်ဆွဲကြွပ်ကြော်လေးတွေ ထည့်ထားတာပါ။
ကလေးတွေကို ကူပြီးလုပ်ခိုင်းလို့ ရတာမို့ မိသားစု ပျော်ပျော်ပါးပါး မုန့်လုပ်စားနိုင်ကြပါတယ်။
ချက်နည်းနှစ်မျိုးလုံးအတွက် ကြက်ဥခေါက်ဆွဲခြောက်ကို သုံးထားပါတယ်။
ခေါက်ဆွဲကြွပ်ကြော်
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)
ကြက်ဥခေါက်ဆွဲအခြောက် လေးခွေ
ကြော်ရန် ဟင်းသီးဟင်းရွက်ဆီ နှစ်ခွက်ခန့်
Paprika အမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်ကောင်းအနက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပင်စိမ်းရွက် ၈ - ၁၀ ရွက်
ပြင်ဆင်ပုံ
ကြက်ဥခေါက်ဆွဲကို အထုပ်ပါအညွှန်း အတိုင်း ပြုတ်ပါ။
ဆီ စားပွဲဇွန်း တစ်ဇွန်းကို ထည့်ပြီးပြုတ်ပါ။
ဒီလိုဆိုရင် ခေါက်ဆွဲကို ရေစစ် ယူချိန်မှာ စေးကပ်မနေတော့ပါဘူး။
ပင်စိမ်း ရွက်တွေကို ရေဆေးပြီး ခြောက်အောင် သုတ်ထားပါ။
နောက် ဒယ်အိုးထဲမှာ ဆီကိုထည့်ကာ မီးပြင်းပြင်းဖြင့် ဆီပူအောင် တည်ပါ။
ဆီပူရင် မီးကိုလျှော့ကာ မီးမပြင်းတပြင်းနဲ့ ခေါက်ဆွဲတွေကို အသုတ်လိုက် ကြော်ပါ။
ကြော်နေစဉ် အနည်းဆုံး တစ်ကြိမ်လောက် အထက်အောက် လှန်ပေးပါ။
ခေါက်ဆွဲတွေ ကြွပ်လာပြီဆိုရင် မီးဖိုချောင်သုံးတစ်ရှူးစက္ကူပေါ် ဆီစစ်ကာ ထားပါ။
ပြီးရင် ပင်စိမ်းရွက်ကိုကြွပ်အောင် ကြော်ပါ။ နောက် paprika၊ ဆား၊ ငရုတ်ကောင်းအနက်မှုန့်၊
ပင်စိမ်းရွက်တို့ကို ဇလုံတစ်ခုထဲမှာထည့်ပြီး သမအောင်မွှေပါ။
ပြီးလျှင် ခေါက်ဆွဲကြွပ်ကြော်တွေပေါ်မှာ ဖြူးကာ သမ အောင် ဖြည်းဖြည်းလေးမွှေပေးပါ။
အဆာပြေ ပဲစားစား၊ အမြည်းအဖြစ်ပဲစားစား၊ အနံ့လည်း မွှေး အရသာလည်းရှိတဲ့ ခေါက်ဆွဲကြွပ်
ကြော်လေးပါ။

ကပ်စေးနှဲခေါက်ဆွဲကြွပ်ကြော်
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)
ကြက်ဥခေါက်ဆွဲအခြောက် လေးခွေ
ကြာ်ရန် ဟင်းသီးဟင်းရွက်ဆီ နှစ်ခွက်ခန့်
မုန့်လုပ်ထန်းလျက် ၁/၂ ခွက်
ရေ တစ်ခွက်
ဆား လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
နှမ်းလှော်အဖြူ စားပွဲဇွန်း တစ်ဇွန်း
မြေပဲ (စလုံးစခု) စားပွဲဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
ကြက်ဥခေါက်ဆွဲကို အထုပ်ပါ အညွှန်း အတိုင်းပြုတ်ပါ။
ခေါက်ဆွဲကို ရေစစ်ယူချိန်မှာ စေးကပ်မနေအောင် ဆီစားပွဲဇွန်း ၁ ဇွန်းလောက်ထည့်ပြီး ပြုတ်ဖို့
မမေ့ပါနဲ့။
နောက် ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ ဆီပူအောင် တည်ပါ။
ဆီပူရင် မီးကိုလျှော့ကာ မီး မပြင်းတပြင်းနဲ့ ခေါက်ဆွဲတွေကို အသုတ်လိုက် ကြော်ပါ။
ကြော်နေစဉ် အနည်းဆုံး တစ်ကြိမ်လောက် အထက်အောက် လှန်ပေးပါ။
ခေါက်ဆွဲများ ကြွပ်လာပြီဆိုရင် မီးဖိုချောင်သုံး တစ်ရှုးစက္ကူပေါ်မှာ ဆီစစ်ကာ ထားပါ။
ပြီးရင် လင်ပန်းတစ်ခုထဲမှာ ဆီစိမ်စက္ကူ သို့မဟုတ် grease paper ကို ခင်းထားပါ။
ထန်းလျက်တွေကို သဲစင်အောင် ရေဖွားဖွား လေးဆေးကာ အိုးတစ်လုံးထဲမှာ ရေတစ်ခွက်ခန့်
ထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။
နည်းနည်းလေး စေးပျစ်လာပြီဆိုရင် အိုးပေါ်မှချပြီး အအေးခံပါ။
ညောင်စေးကျသည်အထိ မကျိုပါနဲ့။
ထန်းလျက်ရည်ကို ကိုင်တွယ်လို့ရ လောက်ချိန်မှာ ခေါက်ဆွဲကြွပ်ကြော်များကို အနည်းငယ်ခြေကာ
အိုးထဲမှာ ထည့်လုံးပါ။
နှမ်းလှော်ဖြူနဲ့ မြေပဲလှော်ကိုလည်း ထည့်ပါ။ အားလုံးနှံ့အောင် ဇွန်းဖြင့် နယ်ပါ။
နောက် ထမင်းစားတဲ့ ဇွန်းနှစ်ချောင်းကို ဟင်းသီးဟင်းရွက်ဆီဖြင့် ခပ်ပါးပါးလေးသုတ်ပြီး
ဇွန်းနှစ်ချောင်းကိုအသုံးပြုကာ တစ်ဇွန်းဖြင့် ခပ်ပြီး နောက်တစ်ဇွန်းဖြင့် ဗန်းထဲကိုတွန်းချပါ။
အနေတော်ကိုက်စားလို့လွယ်မယ့် အလုံးလေး တွေ လုံးပြီးရင် ဗန်းထဲမှာထည့်ပြီး ရေခဲသေတ္တာ
ထဲမှာထည့်ကာ အအေးခံထားပါ။
စားခါနီးမှ ထုတ်ပါ။
