ဒီတစ်ပတ်မှာလည်း ခရစ္စမတ်ပွဲတော် (သို့) နှစ်သစ်ကူးအကြိုညမှာ တည့်ခင်းဧည့်ခံဖို့ပဲ ဖြစ်ဖြစ်၊
ရုံး/ကျောင်းပိတ်ရက်ရှည်မှာပဲဖြစ်ဖြစ် ဖျော်သောက်လို့ရမယ့် Iced tea (ခေါ်) လက်ဖက်ရည်ကြမ်း
အေးအေးလေးကို ဖျော်သောက်နိုင်ဖို့ လုပ်နည်းလေးတွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
လက်ဖက်ရည်ကြမ်းကို အရသာစုံ ခပ်အေးအေးလေး ဖျော်သောက်တာဟာ အမောပြေစေသလို
သကြားမပါတဲ့အတွက် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
သူ့ထဲမှာ အသီးတွေမှာပါတဲ့ သဘာဝ သကြားအရသာတွေကိုသာ သုံးထားပါတယ်။
နောက်ပြီး ဟင်းခတ်အမွှေးအကြိုင်နဲ့ ဟင်းခတ်အရွက်တွေကိုသုံးထားတာမို့ အနံ့အရသာမွှေးပြီး
ဆေးဖက်ဝင်စေပါတယ်။
နောက်ပြီး ကလေး၊ လူကြီးမရွေး အချိန်မရွေး သောက်နိုင်တာမို့ မိသားစုဆုံရက်တွေမှာ အရသာ
အသစ်အဆန်းတွေပြုလုပ်ပြီး ဖျော်သောက်ရတာ ပျော်စရာကောင်းပါတယ်။
ဖြိုးတို့မိသားစုကတော့ အခုလို မိုးအကုန်၊ ရာသီဥတုပူတဲ့နေ့ခင်းအချိန်မှာ ဖျော်သောက်လေ့ရှိသလို
မိတ်ဆွေတွေ လာရင်လည်း ရေအစား Iced tea လေးတွေ လုပ်ထားပြီး အမောပြေအောင် ဧည့်ခံ
ပါတယ်။
ဘယ်ရီသီးစုံ လက်ဖက်ရည်နှင့် ပူစီနံ
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ဘယ်ရီသီးစုံ လက်ဖက်ခြောက်အိတ် လေးအိတ်
ရေနွေး (၁ လီတာ) ၄ ခွက်
ရေသန့်ရေခဲ ၂ ခွက်
ပူစီနံ ၅-၆ ပင်
ဘယ်ရီ juice ၂ ခွက် (အချိုကြိုက်တတ်သူများ ပိုထည့်လိုရသလို မထည့်လည်း ရပါတယ်)
ပြင်ဆင်ပုံ
ဘယ်ရီသီးစုံ လက်ဖက်ခြောက်အိတ်များကို အပူခံဖန်ချိုင့် တစ်လုံးထဲမှာ ထည့်ပါ။ (သို့) မတ်ခွက်
များထဲမှာ တစ်ခုစီထည့်ပါ။
ပြီးရင် ရေနွေး တစ်လီတာကို လောင်းထည့်ကာ ငါး မိနစ်လောက် စိမ်ထားပါ။
ရေနွေးကြမ်း အေးလောက်တဲ့ အချိန်ရောက်ရင် နောက်ရေကရားတစ်ခုထဲတွင် ရေသန့်ရေခဲများ၊
ဘယ်ရီ juice နဲ့ ပူစီနံတို့ကို ဖြည်းဖြည်းချင်း လောင်းထည့်ကာ ရေခဲသေတ္တာထဲမှာ အအေးခံ
ထားပါ။
သောက်ခါနီးမှထုတ်ပြီး တည်ခင်း သုံးဆောင်နိုင်ပါတယ်။ ဘယ်ရီသီးစုံ လက်ဖက်ခြောက်အိတ်များ
ကို စူပါမားကတ်ကြီးများတွင် ၀ယ်ယူနိုင်ပါတယ်။
ကြိုက်နှစ်သက်ရာတံဆိပ် ဘယ်ရီသီးစုံ လက်ဖက်ခြောက်အိတ်ကို သုံးနိုင်ပါတယ်။
ချင်းနှင့်လက်ဖက်စိမ်း လက်ဖက်ရည်ကြမ်း
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
လက်ဖက်စိမ်း လက်ဖက်ခြောက်အိတ် ၄ အိတ်
ရေနွေး (၁ လီတာ) ၄ ခွက်
ချင်းနုနု ၄ စင်တီမီတာ x ၁ စင်တီမီတာခန့်
ရေသန့်ရေခဲ ၂ ခွက်
ပြင်ဆင်ပုံ
ချင်းနုနုကို ရေဖြင့်စင်အောင် ပွတ်တိုက်ဆေးကာ အခွံမသင်ဘဲ ခပ်ကြမ်းကြမ်းလေး ထုထားပေးပါ။
နောက် လက်ဖက်စိမ်း လက်ဖက်ခြောက် အိတ်များကို အပူခံဖန်ချိုင့် တစ်လုံးထဲမှာ ထည့်ပါ။ (သို့)
မတ်ခွက်များထဲတွင် တစ်ခုစီ ထည့်ပါ။
ပြီးရင် ရေနွေး တစ်လီတာကို လောင်း ထည့်ကာ ငါးမိနစ်လောက် စိမ်ထားပါ။
ရေနွေး ကြမ်းအေး လောက်သည့် အချိန်ရောက်လျှင် နောက်ရေကရားတစ်ခုထဲမှာ ရေသန့်ရေခဲ
များနဲ့ ချင်းပြားတို့ကို ဖြည်းဖြည်းချင်း လောင်းထည့်ကာ ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။
သောက်ခါနီးမှထုတ်ကာ တည်ခင်းသုံး ဆောင်ပါ။
လက်ဖက်စိမ်း လက်ဖက်ခြောက်အိတ်အတွက်ကို ကြိုက်နှစ်သက်ရာတံဆိပ်ကို သုံးနိုင်ပါတယ်။
ပန်းသီး၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ကြမ်းနှင့် အီတာလျံပင်စိမ်း
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ပန်းသီးနှင့် သစ်ကြံပိုးခေါက် လက်ဖက်ခြောက်အိတ် လေးအိတ် (သို့) ပန်းသီး ၁ လုံး
သစ်ကြံပိုးခေါက် (ပြောင်ချော) ၁ ချောင်း
ကြိုက်နှစ်သက်ရာ ရိုးရိုးလက်ဖက်ခြောက် စားပွဲဇွန်း ၃ ဇွန်း
ပန်းသီး Juice တစ်ခွက်/ ၂၅၀ မီလီလီတာ (အချိုကြိုက်တတ်လျှင်)
ရေနွေး (၁ လီတာ) ၄ ခွက်
ပန်းသီး ၁ လုံး
အီတာလျံပင်စိမ်း ၆-၇ ပင်
ရေသန့် ရေခဲ ၂ ခွက်
ပြင်ဆင်ပုံ
ပန်းသီးနဲ့ သစ်ကြံပိုးခေါက် လက်ဖက်ခြောက် အိတ်များကို အပူခံဖန်ချိုင့်တစ်လုံးထဲမှာထည့်ပါ။
(သို့) မတ်ခွက်များထဲမှာ တစ်ခုစီ ထည့်ပါ။
ပြီးတဲ့အခါ ရေနွေး တစ်လီတာကို လောင်းထည့်ကာ ငါးမိနစ်လောက် စိမ်ထားပါ။ (သို့) ပန်းသီး
များကို အခွံခွာကာ အတုံးလေးများဖြစ်အောင် တုံးပါ။
လက်ဖက်ခြောက်များကို လက်ဖက်ခြောက်အိတ်ထဲမှာ ထည့်ပါ။
နောက် ဖန်ချိုင့်ထဲမှာ ပန်းသီး၊ သစ်ကြံပိုးခေါက်နဲ့ လက်ဖက် ခြောက်များကိုထည့်ကာ ရေနွေးကို
လောင်းထည့်ပါ။
မိနစ် ၃၀ ကျော်လောက် နှပ်ထားပါ။ ဒုတိယအခေါက် ပြန်သုံးမယ်ဆိုရင်တော့ ရေနွေးကို တစ်ဝက်
လောက်ပဲ ထည့်ပါ။
ရေနွေးကြမ်းအေးလောက်သည့် အချိန်ရောက်ရင် နောက်ရေကရား တစ်ခုထဲမှာ ရေသန့်ရေခဲများနဲ့
အီတာလျံပင်စိမ်းတို့ကို ဖြည်းဖြည်းချင်း လောင်းထည့်ကာ ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။
ဒါမှမဟုတ် လက်ဖက်ခြောက်ထုပ်များကို ဆယ်ထုတ်ကာ လွှင့်ပစ်ပါ။ ေ
သာက်ခါနီးမှ ပန်းသီးကိုစိတ်ကာ ဖန်ခွက်ထဲ တချို့ထည့်ပြီး တချို့ရေကရားထဲမှာ ထည့်ကာ
သောက်ပါ။
ပန်းသီးကို အရောင်သိပ်ပြီး မပြောင်းအောင်လို့ အခွံမသင်ပါနဲ့။

လိမ္မော်သီးနှင့် ဗင်နီလာ လက်ဖက်ရည်ကြမ်း
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
လိမ္မော်သီး ၁ လုံး
ဗင်နီလာအရသာအရည် (vanilla essence) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြိုက်နှစ်သက်ရာ ရိုးရိုး လက်ဖက်ခြောက် စားပွဲဇွန်း ၃ ဇွန်း
ရေနွေး (၁ လီတာ) ၄ ခွက်
ရေသန့်ရေခဲ ၂ ခွက်
ပြင်ဆင်ပုံ
လိမ္မော်သီးကို အခွံမသင်ပဲ အပြားလိုက်လှီး ကာထားပါ။ လက်ဖက်ခြောက်များကို
လက်ဖက်ခြောက်အိတ်ထဲသို့ ထည့်ပါ။
နောက် ဖန်ချိုင့်ထဲသို့ လိမ္မော်သီး၊ ဗင်နီလာ အရသာအရည် (vanilla essence) နဲ့
လက်ဖက်ခြောက်များကိုထည့်ကာ ရေနွေးလောင်းထည့် လိုက်ပါ။
မိနစ် ၃၀ ကျော်လောက်နှပ်ထားပါ။
ရေနွေးကြမ်း အေးလောက် သည့်အချိန်ရောက်လျှင် နောက်ရေကရားတစ်ခုထဲမှာ ရေသန့်ရေခဲ
များကို ဖြည်းဖြည်းချင်းထည့်ပါ။
နောက် လက်ဖက်ခြောက်အိတ်ကို ဆယ်ယူကာ လွှင့်ပစ်ပါ။ ရေခဲ သေတ္တာထဲမှာ အအေးခံထားပါ။
ရေကရားထဲမှာ ထည့်ပြီး တည်ခင်း ဧည့်ခံပါ။
လိမ္မော်သီးအချပ်လေးများကိုလည်း ဖန်ခွက်ထဲသို့ တစ်ခုစီ ထည့်ထားပါက ပိုပြီး မွှေးပါတယ်။

ဖရဲသီးနှင့် အီတာလျံပင်စိမ်း အနံ့သင်းမွှေးရေ
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ဖရဲသီး ၅၀၀ ဂရမ်
အီတာလျံ basil ရ-၈ ပင်
ဆိုဒါရေ (pop soda) ၁ လီတာ
ပြင်ဆင်ပုံ
ဖရဲသီးများကို အစေ့ထုတ်ပြီး အစိတ်စိတ်ထားပါ။ အီတာလျံပင်စိမ်းများကို အရွက်များ ချွေထားပါ။
ရေကရားတစ်ခုထဲတွင် ဖရဲသီးနှင့် အီတာလျံပင်စိမ်းအရွက်များကို တစ်လွှာစီ ထည့်ပါ။
ပြီးလျှင် ဆိုဒါရေကို ဖြည်းဖြည်းချင်း ဖောက်ထည့်ပါ။
ပြီးလျှင် ရေခဲသေတ္တာထဲ၌ အနည်းဆုံး သုံးနာရီလောက် အအေးခံထားပါ။
သောက်ခါနီးမှ ထုတ်ပြီး ရေခဲအနည်းငယ် ထည့်ပါ။
ပူစီနံ၊ သံပရာသီးနှင့် သခွားမွှေးအရသာ ဆိုဒါရေ
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
သံပရာသီး ၁ လုံး
သခွားမွှေး ၁/၄ လုံး
ပူစီနံ ရ-၈ ပင်
ဆိုဒါရေ (pop soda) ၁ လီတာ
ပြင်ဆင်ပုံ
သံပရာသီးကို အခွံမသင်ဘဲ အပြားလိုက် လှီးကာထားပါ။
သခွားမွှေးကို အခွံနွှာပြီး အတုံးလေးများဖြစ်အောင် တုံးထားပါ။
နောက် ဖန်ချိုင့်ထဲမှာ ရေခဲများထည့်ကာ သံပရာသီး၊ သခွားမွှေးနဲ့ ပူစီနံအရွက်များကို တစ်ထပ်စီ
စီထည့်ပါ။
ပြီးရင် ဆိုဒါရေကို ဖြည်းဖြည်းချင်း ဖောက်ထည့်ပါ။
ပြီးလျှင် ရေခဲသေတ္တာထဲ၌ အနည်းဆုံး သုံးနာရီမျှ အအေးခံထားပါ။
သောက်ခါနီးမှ ထုတ်ပြီး ရေခဲအနည်းငယ် ထည့်ပါ။
