ဖရဲသီးကို ဖြိုးတို့တွေက သစ်သီးအချိုပွဲအတွက် ဒါမှမဟုတ် ဖျော်ရည်အဖြစ် ပြင်ဆင်စားသုံးလေ့
ရှိပါတယ်။
ဒီတစ်ပတ်မှာတော့ ဖရဲသီးကို bbq စားပွဲတွေနဲ့ တွဲဖက်စားသုံးနိုင်တဲ့ အသုပ် (salad)အဖြစ်
ပြင်ဆင်စားသုံးနိုင်မယ့် နည်းလေးတွေကို ရေးသွားပါမယ်။
ဆစ်ဒ်နီမှာ ဒီအချိန်ဆိုရင် နွေရာသီမို့ ဖရဲသီးတွေပေါလှပါတယ်။
ဖရဲသီးကို သီးစုံသုပ်အနေနဲ့သာ စားဖူးတာမို့ ပထမဆုံး အသားကင်တွေနဲ့ တွဲစားချိန်က
နည်းနည်းတော့ ထူးဆန်းတာ အမှန်ပါပဲ။
စပ်စုချင်စိတ်နဲ့သာ စားကြည့်လိုက်တာ အခုတော့ bbq လုပ်ရင် ဖရဲသီး salad လေးထည့်လိုက်ရမှ
ပြည့်စုံသလိုပဲ။
ဒီတစ်ပတ် Sharky's မှာ roquette သွားဝယ်ရင်း organic flat roquette နဲ့ organic cress
အရွက်တွေကို ရခဲ့တာနဲ့ အတော်ပဲဖြစ်သွားတယ်။
ဖရဲသီးကို ခါးဆိမ့်ဆိမ့်ရှိတဲ့ salad အရွက်တွေရယ်၊ feta ချိစ်လိုမျိုး ဆိမ့်တဲ့ချိစ်တွေနဲ့ တွဲစားရင်
ပိုကောင်းပါတယ်။
နောက်ပြီး သံပရာသီးလေးနဲ့လည်း လိုက်ပါတယ်။ စမ်းကြည့်ပါအုုံးနော်။
ဖရဲသီးနှင့် organic flat roquette salad
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ဖရဲသီးအသေး ၁ ခြမ်း (သို့) ရ၀၀-၈၀၀ ဂရမ်
Marinated fetta ချိစ် ၁၂၅ ဂရမ်
Organic flat roquette အရွက် ၁၅၀ ဂရမ်
သံလွင်ဆီစားပွဲဇွန်း ၃ ဇွန်း
သံပရာရည် (အသီးမှ ချက်ချင်း ညှစ်ယူပါ) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ပြင်ဆင်ပုံ
ဖရဲသီးများကို သုံးစင်တီမီတာပတ်လည်နီးပါး အတုံးလေးများဖြစ်အောင် လှီးပါ။
အစေ့လည်း ထုတ်ထားပါ။
နောက် ပန်းကန်ပြားကြီးကြီး တစ်ခုပေါ်မှာ organic flat roquette များကို ပါးပါးလေး ဖြန့်ခင်းပြီး
ရင် ဖရဲသီးများကို ဖြန့်ထည့်ပါ။
နောက် Marinated fetta ချိစ်များကိုလည်း ခပ်သေးသေးစီ ဖဲ့ကာ အနှံ့ဖြူးပါ။
ပြီးမှ သံလွင်ဆီနဲ့ သံပုရာရည်ကို ပန်းကန်ပြားအနှံ့ဆမ်းကာ ဖြည်းဖြည်းလေးမွှေပါ။
အရသာအတွက် ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်တို့ကို ဖြူးပါ။
ဖရဲသီးနှင့် organic cress salad
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ဖရဲသီးအသေး ၁ ခြမ်း (သို့) ရ၀၀-၈၀၀ ဂရမ်
Organic cress အရွက် ၁၅၀ ဂရမ်
သံလွင်ဆီ စားပွဲဇွန်း ၃ ဇွန်း
သံပရာရည််အခွံ (ခြစ်ဖြင့် ခပ်နုပ်နုပ်လေး ခြစ်ယူပါ) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ပြင်ဆင်ပုံ
ဖရဲသီးများကို သုံးစင်တီမီတာပတ်လည် နီးပါး အတုံးလေးများဖြစ်အောင် လှီးပါ။
အစေ့လည်း ထုတ်ထားပါ။
နောက် ပန်းကန်ပြားကြီးကြီးတစ်ခုပေါ်မှာ organic cress များနဲ့ ဖရဲသီးများကို ဖြန့်ထည့်ပါ။
နောက်သံပရာခွံများကို ခြစ်ထည့်ပါ။
ပြီးမှ သံလွင်ဆီကို ပန်းကန်ပြားအနှံ့ ဆမ်းကာ ဖြည်းဖြည်းလေး မွှေပါ။
အရသာအတွက် ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်တို့ကို ဖြူးပါ။
ဈေးဝယ်လမ်းညွှန်
Organic cress နှင့် organic flat roquette တို့ကို Sharky's မှ ၀ယ်ပါသည်။
