အစားကောင်းကြိုက်သူတွေ သွားသင့်တဲ့ ၅၂ လမ်းက Green gallery

ကြက်ဥကြော်သုပ်
ကြက်ဥကြော်သုပ်

အစားကောင်းကြိုက်သူတွေ သွားသင့်တဲ့ ၅၂ လမ်းက Green gallery

ရန်ကုန်မြို့လယ်ကောင်မှာ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ စားသောက်ဆိုင် တစ်ဆိုင်
ရှိပါတယ်။ ဒီဆိုင်က စားစရာတွေက ထူးထူးခြားခြား ကောင်းလှပါတယ်။

၅၂ လမ်း၊ အောက်ဘလောက်မှာရှိတဲ့ Green gallery snacks and drinks ဆိုတဲ့
စားသောက်ဆိုင်လေးမှာ အသုပ်တွေနဲ့ ထိုင်းအစားအစာတွေ ကို အဓိကထား ရောင်းချပေးနေပါ
တယ်။

ဆီများတဲ့ ဟင်းတွေကို ငြီးငွေ့နေပြီး ဈေးကြီးတဲ့ အနောက်တိုင်း အစားအစာတွေကိုလည်း
ခဏလောက် ရှောင်ထားချင်တဲ့ ရန်ကုန်မြို့လယ်ကောင်က စားသုံးသူတွေ ဆုတောင်းပြည့်သွားပြီ
လို့ ပြောရမှာပါ။

ဆိုင်ရှင်လည်းဖြစ်၊ စားဖိုမှူးလည်း ဖြစ်ပြီး လိုအပ်ရင် ဟင်းပွဲတွေ ပြင်ဆင်ပေးတဲ့သူအဖြစ်ပါ
ဆောင်ရွက်ပေးနေတဲ့ မဘိုဟာ ထိုင်းနိုင်ငံမှာ ဆယ်နှစ်ကျော်လောက်နေပြီး အလုပ်လုပ်ခဲ့တဲ့ သူပါ။

ဒီလောက်နှစ် အတိုင်းအတာဟာ သူ့ကို ထိုင်းဟင်းတွေ ကျွမ်းကျွမ်းကျင်ကျင်ချက်နိုင်တဲ့သူ
ဖြစ်သွားစေပါတယ်။

သူ့ဆိုင်က အစားအစာတွေဟာ ထိုင်းဟင်းချက်နည်းနဲ့ မြန်မာဟင်းချက်နည်းကို ရောစပ်ထားတာ
မျိုးမဟုတ်သလို ထိုင်းဟင်းချက်နည်းတွေကို ပြုပြင်ထားတာမျိုးလည်း မဟုတ်ပါဘူး။

တကယ့် ထိုင်းအစားအစာ စစ်စစ်တွေပါ။

ကျွန်တော်ကတော့ ထမင်းဖြူ တစ်ပွဲရယ်၊ ကမာဆော့စ်နဲ့ ချက်ထားတဲ့ ကြက်သားကြော်တစ်ပွဲရယ်
မှာလိုက်ပါတယ်။

နှစ်လို့ဖွယ် အနံ့အရသာတွေရှိပြီး အစပ်အဟပ်လိုက်ဖက်တဲ့ ဟင်းခတ်အရွက်တွေ၊ အဆာပလာ
တွေပါတဲ့ ဆော့စ်ရယ်ကြောင့် ဒီဟင်းပွဲဟာ တော်တော်လေးအရသာ ရှိပါတယ်။

ကျွန်တော့် မိတ်ဆွေကတော့ ကြက်ဥကြော်သုပ်နဲ့ ခေါက်ဆွဲသုပ် မှာစားပါတယ်။

အသုပ်ပွဲတွေက အရသာရှိပြီး အများကြီးလည်း ပါတဲ့အတွက် မနက်စာအတွက် စားလို့အဆင်ပြေ
တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီဆိုင်ရဲ့ တကယ့်ကို ထူးထူးခြားခြားအရသာရှိတဲ့ ဟင်းပွဲကတော့ ကြက်သားမှိုအုန်းနို့ဟင်း
ပါ။ ကြက်သားက နူးနေပြီး မှိုကလည်း လတ်ဆတ်ပါတယ်။ ဒီဟင်းပွဲရဲ့ ထူးခြားချက်ကတော့
အရသာမျိုးစုံကို တစ်ချိန်တည်းမှာ ခံစားရတာပါ။ ဟင်းရည်က ချိုစိမ့်နေသလို အစပ်ကလည်း
အနေတော် အဝင်ကောင်းတဲ့ အနေအထားမှာ ဖြစ်တဲ့အတွက် အရသာက လျှာပေါ်မှာ မြိုးမြိုး
မြက်မြက် ရှိလှပါတယ်။

ဒီဆိုင်က ဟင်းပွဲတွေအားလုံးနဲ့ ထိုက်တန်လှတဲ့ စကားတစ်လုံးကတော့ 'လတ်ဆတ်တယ်'
ဆိုတာပါပဲ။

မဘိုဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို မနက်တိုင်းဝယ်
ပါတယ်။ ဒါကြောင့် အသီးအရွက်တွေနဲ့ အသားငါးတွေက လတ်ဆတ်နေတာပါ။

ဟင်းပွဲတော်တော်များများရဲ့ ဈေးနှုန်းကလည်း သိပ်မများပါဘူး။

တစ်ပွဲကို ကျပ် ၃,၀၀၀ အောက်ဆိုတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းပွဲတွေကို စိတ်တိုင်းကျ
မြည်းစမ်းစား သောက်နိုင်ပါတယ်။

အထုပ်အပိုးတွေနဲ့ သွားနေရတဲ့ ခရီးသည်တွေနဲ့ ဟင်းပွဲမျိုးစုံမှာပြီး မျှစား ရတာမျိုး နှစ်သက်တဲ့
သူတွေအတွက်ကတော့ Green gallery က ဆိုင်ကောင်း တစ်ဆိုင် ပါပဲ။

ဆိုင်ရဲ့ အပြင်အဆင်ကတော့ ပြန်လည် ပြင်ဆင်ထားတဲ့ ပရိဘောဂတွေကို အသုံးပြုထားတာ
တွေ့ရပါတယ်။

စားပွဲနဲ့ကုလားထိုင်တွေကို ပြန်လည်ပြုပြင်ထားတဲ့ သစ်သားတွေနဲ့ စိတ်တိုင်းကျ ဖန်တီးထားတာ
တွေဖြစ်ပြီး မီးဖိုခန်းထဲက စားစရာတွေပြင်တဲ့ စားပွဲကလည်း သစ်သားအဟောင်းတွေကို ပြန်သုံးပြီး
ပြုလုပ်ထားတာပါ။

ဆိုင်ရဲ့ အခင်းအကျင်းက စားသုံးသူတွေကို သက်သောင့်သက်သာဖြစ်စေပြီး ဆိုင်ရှင်နဲ့ ၀န်ထမ်း
တွေကလည်း ဖော်ရွေကြတဲ့အတွက် နေ့လယ်စာကို အကြာကြီး အချိန်ယူစားမယ့်သူတွေနဲ့ ညစာ
ကို ညဉ့်နက်မှ စားတတ်သူတွေအတွက် အဆင်ပြေမယ့် ဆိုင်လေးလို့ ပြောရမှာပါ။

လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ဆိုင်ရဲ့ မီးနူးအတွက် အမယ်(အမည်)တွေ ထပ်ဖြည့်ဖို့
အစီအစဉ်ရှိတာကိုလည်း မဘိုက ပြောပြပါတယ်။

သစ်သီး milk shake တွေ၊ ကောက်ညှင်း နဲ့ သရက်သီးမှည့်အချိုပွဲ၊ ရာသီပေါ်သီးနှံ စတာတွေကို
ထပ်ဖြည့်ပေးဖို့ စီစဉ်ထားတယ်လို့ မဘို က ပြောပါတယ်။

ဒါကြောင့် အစားကောင်း ကြိုက်တတ်သူတွေ ဒီဆိုင်သစ်လေးမှာ လက်မလွတ်တမ်း သွားရောက်
မြည်းစမ်းကြည့်သင့်ပါတယ်။

Green Gallery
အမှတ် ၅၈၊ ၅၂ လမ်း၊ ဗိုလ်တထောင်မြို့နယ်။

 
[