ဒီတစ်ပတ်မှာတော့ အမြည်းအဖြစ်ပဲစားစား၊ အဆာပြေပဲစားစား စားလို့ရမယ့် အစားအစာလေးတွေ
ကို ချက်ဖို့ စီစဉ်ထားပါတယ်။
လူကြီးတွေလည်း စားလို့ရသလို ကလေးတွေလည်း စားလို့ရတာမို့ ချက်ရတဲ့အိမ်ရှင်မအဖို့တော့
တစ်ခါတည်းနဲ့ အားလုံးအတွက် အဆင်ပြေပါတယ်။
ထောပတ်သီးကို သုံးပြီး ဂွာကာမိုလီလို့ခေါ်တဲ့ ထောပတ်သီးအနှစ် ခပ်ပျစ်ပျစ်ကို corn chips နဲ့
တွဲစားရတဲ့ မက်ဆီကန်စတိုင် အဆာပြေစားစရာမျိုးကို ချက်ပါမယ်။
ဖြိုးတို့တွေက ထောပတ်သီးကို ဖျော်ရည်အဖြစ် ဖျော်သောက်လေ့ရှိကြပေမယ့် အနောက်တိုင်း
အစားအစာများမှာတော့ ထောပတ်သီးကို salad တို့၊ dips လို့ ခေါ်တဲ့ အနှစ်ပျစ်ပျစ်တို့လိုမျိုးလုပ်ဖို့
သုံးလေ့ရှိကြပါတယ်။
နောက်ပြီး sandwich လုပ်ရာမှာလည်း သုံးလေ့ရှိပါတယ်။
ထောပတ်သီးကတော့ ဆိမ့်တဲ့အရသာမို့ စားကောင်းတာပေါ့။ ထောပတ်သီးမှည့်လေ ပိုကောင်း
လေပေါ့။ ကလေးတွေစပ်မှာ စိုးရိမ်ရင်တော့ ငရုတ်သီး မထည့်နဲ့ပေါ့။
နောက်တစ်ခုက ပြောင်းဖူးပြုတ်ကို မက်ဆီကန်စတိုင် salsa လုပ်ထားတာပါ။
သူ့ကို သတ်သတ်လွတ်စားသူတွေလည်း ချက်စားလို့ရပါတယ်။
ဂွာကာမိုလီ ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ထောပတ်သီး (အရွယ်အလတ်) မှည့်မှည့် ၃ လုံး
သံပရာသီးအရည် စားပွဲဇွန်း ၆ ဇွန်း
ခရမ်းချဉ်သီးအသေး ၂ လုံး (နုပ်နုပ်စင်းလျက်)
နံနံပင် နုပ်နုပ်စင်းလျက် စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီ (နုပ်နုပ်စင်းလျက်) အသေး ၁ လုံး
Tabasco ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အစပ်ကြိုက်ရင် ပိုထည့်လို့ရပါတယ်)
ဆား အနည်းငယ်
ပြင်ဆင်ပုံ
အရင်ဆုံး ခရမ်းချဉ်သီးများကို အစေ့ထုတ်ကာ ခပ်နုပ်နုပ်စင်းပါ။
ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးကာ နုပ်နုပ်လှီးထားပါ။
သံပရာသီးကို အရည်ညှစ်ကာ အစေ့များကို ဖယ်ထုတ်ထားပါ။
နံနံပင်ကို စားပွဲဇွန်း နှစ်ဇွန်းစာ ရအောင် နုပ်နုပ်စင်းထားပါ။
ပြီးရင် ထောပတ်သီးကို အသားများ ခြစ်ထုတ်ယူပါ။
ပန်းကန်တစ်ခုထဲတွင် ထောပတ်သီးများကို ခက်ရင်းနဲ့ချေကာ ကျန်ပါ၀င်ပစ္စည်းများကို
ရောထည့်ပြီး နှံ့အောင် မွှေပါ။
အရသာအတွက် ဆားကို လိုသလောက်ထည့်ပါ။
ပြီးရင် ပန်ကန်တစ်ခုထဲမှာ ပြင်ဆင်ပြီး ပလစ်စတစ်အကြည်ပါးနဲ့ အုပ်ကာ ရေခဲသေတ္တာထဲမှာ
သိမ်းထားပါ။
စားခါနီးမှ ထုတ်ကာ corn chip (သို့) tortilla chips နဲ့ တွဲပြီး စားပါ။
အဆာပြေစားနိုင်သလို အမြည်းအဖြစ်လည်း တည်ခင်းနိုင်ပါတယ်။

ပြောင်းဖူး salsa
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ပြောင်းဖူး ခပ်ကြီးကြီး ၄ ဖူး
ဇီယာစေ့လှော်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နံနံစေ့လှော်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
သံလွင်ဆီ စားပွဲဇွန်း ၁ ဇွန်း
အနီရောင် pepper တစ်စိတ် (သို့) ငရုတ်ပွသီးအစိမ်းအသေး ၁ လုံး (နုပ်နုပ်စင်းလျက်)
ခရမ်းချဉ်သီးအသေး ၂ လုံး
နံနံပင် ၅-၆ ပင်
ဆားအနည်းငယ်
ပြင်ဆင်ပုံ
ပြောင်းဖူးများကို နူးလာတဲ့အထိ ပြုတ်ပါ။
နောက် အခွံများနဲ့ အမျှင်များကို ဖယ်ပြီး အစေ့များ ချွေထားပါ။
ဒယ်ပြားထဲတွင် သံလွင်ဆီကို ထည့်ကာ ဇီယာနဲ့ နံနံစေ့မှုန့်တို့ကို ဆီသတ်ပါ။
၁၀ စက္ကန့် လောက်ဆိုရင် ရပါပြီ။
နောက် ပြောင်းဖူးများကိုထည့်ပြီး နှံ့အောင်မွှေပါ။
နောက် အအေးခံပါ။
ပြီးရင် ငရုတ်ပွသီးကို ခပ်နုပ်နုပ်စင်းပါ။
ခရမ်းချဉ်သီးကိုလည်း အစေ့ထုတ်ကာ ခပ်နုပ်နုပ်လှီးပါ။
နောက် ဇလုံတစ်ခုထဲမှာ ပြောင်းဖူး၊ ငရုတ်ပွသီးနဲ့ ခရမ်းချဉ်သီးတို့ကိုရောကာ သမအောင်
မွှေပေးပါ။
အရသာအတွက် ဆားကို ထည့်ပါ။
နောက် ပွဲပြင်ပြီးလျှင် နံနံပင်အရွက် လေးများကို အပေါ်က အုပ်ပါ။
သူ့ကိုလည်း tortilla chips နဲ့ တွဲစားလို့ ရပါတယ်။
ဈေးဝယ်လမ်းညွှန်
Tortilla chips ကို Sharky's နဲ့ တချို့ စူပါမားကက် ဆိုင်ကြီးများမှာ ရနိုင်ပါတယ်။
