ကြက်သား ဘာဘီကျူးနှင့် နာနတ်သီး ပန်ထွေဖျော်

ကြက်သား ဘာဘီကျူးနှင့် နာနတ်သီး ပန်ထွေဖျော်

ကြက်သား ဘာဘီကျူး
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)

ကြက်ပေါင် (drumstick) ၈ ခု
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၆ မြွှာ
ချင်း စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီး အနီတောင့် ၁ တောင့်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချယ်ရီဝိုင်/ ဘရန်ဒီ/ ရမ် စားပွဲဇွန်း ၂ ဇွန်း
ဘာဘီကျူးဆော့စ် ၁/၄ ခွက်
သကြား စားပွဲဇွန်း ၁ ဇွန်းခွဲ
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ကြက်သွန်နီကို လေးခြမ်းစိတ် (သို့) နုပ်နုပ်လှီးပါ။ ကြက်သွန်ဖြူများကို နုပ်နုပ်စဉ်းပါ။
ချင်းကိုအခွံသင်ပြီး ပါးပါး လှီးထားပါ။ (သို့) နုပ်နုပ်လေး ခြစ်ထားပါ။

ပြီးလျှင် ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ ငရုတ်သီးတောင့်တို့ကို food processor ထဲမှာ
ထည့်မွှေပါ။

ဒါမှမဟုတ် ငရုတ်ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။

နောက် ဟင်းသီးဟင်းရွက်ဆီ၊ သကြား၊ အရက် (သို့) ချယ်ရီဝိုင်၊ သစ်ကြံပိုး၊ ဘာဘီကျူးဆော့စ်၊
ငရုတ်သီးမှုန့်တို့ကို ထည့်ပြီး သမအောင်မွှေပါ။

ပြီးလျှင် ကြက်သားများပေါ် လောင်းချကာ နှံ့အောင်နယ်ပါ။

နောက်ပြီး ရေခဲသေတ္တာထဲမှာထည့်ကာ ၆-၇ နာရီမျှထားပါ။ (သို့) တစ်ညသိပ်ထားပါ။

နောက် မီးဖိုပေါ်မှာ (ဂတ်စ်မီးဖိုပေါ်ပဲဖြစ်ဖြစ်၊ မီးသွေးဖို ပေါ်ပဲဖြစ်ဖြစ်) ကြက်သားများကို ကျက်တဲ့
အထိ ကင်ပါ။

ကြက်သားများ ရွှေအိုရောင်သမ်းလာလျှင် အသားအထဲ ထိကျက်မကျက်ကို စစ်ဆေးပါ။

ကြက်သားများကျက်လျှင် သံပရာသီးစိတ်များနဲ့ စားသုံးနိုင်ပါတယ်။

အရသာအတွက် ဆားကို ထည့်နိုင်ပါတယ်။

နာနတ်သီး ပန်ထွေဖျော်
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)

နာနတ်သီး ၁ လုံး (အသေး)
ကြက်သွန်နီ ၁ လုံး (နုပ်နုပ်လှီးလျက်)
နံနံပင် စားပွဲဇွန်း ၃ ဇွန်းခွဲ
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အစပ်ကြိုက်သူများ ပိုထည့်နိုင်ပါတယ်)
သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

နာနတ်သီးအသေးတစ်လုံးကို အခွံနွှာကာ မျက်စိများကို ထုတ်ပါ။

နောက် အကွင်းလိုက်လှီးကာ အလယ်အူကို၀ုိက်ပြီး ထုတ်ပါ။

ပြီးလျှင် မီးဖိုပေါ်မှာ တစ်ဖက်ကို နှစ်မိနစ်စီလောက် ကင်ပါ။

အရမ်းကြီးပျော့ပြဲလာတဲ့အထိတော့ မကင်ပါနဲ့။

ကြက်သွန်နီကိုလည်း မီးဖုတ်ပါ။

နောက် ကြက်သွန်နီ၊ ငရုတ်သီး၊ နံနံပင်၊ နာနတ်သီး၊ သံပရာရည်နဲ့ ငံပြာရည်တို့ကို ရောကာ
ငရုတ်ဆုံ (သို့)food processor ထဲတွင် ထည့်ကာ သမအောင်ထောင်းပါ (သို့) မွှေပါ။

ဘာဘီကျူးများနဲ့ တွဲစားနိုင်ပါတယ်။

ပဲပြား ဘာဘီကျူး
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)

ပဲပြား ၂ တုံး
ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
နှမ်းလှော်ဖြူ စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးနဲ့ ကြက်သွန်ဖြူဆော့စ် (သို့) ရှမ်းငရုတ်ချဉ် စားပွဲဇွန်း ၁ ဇွန်း
(အစပ်မကြိုက်လျှင် လျှော့ထည့်ပါ)

ပြင်ဆင်ပုံ

ပဲပြားများကို ရေစင်အောင်စစ်ပြီးလျှင် ၁ စင်တီမီတာ အပြားများဖြစ်အောင် လှီးထားပါ။

ပါ၀င်ပစ္စည်းများကို ရောပြီးလျှင် (ဆီကို တစ်ဇွန်းထဲထည့်ပါ) ဖန်ဇလုံတစ်ခုထဲမှာ ရောမွှေကာ
ပဲပြားများနဲ့နယ်ပါ။

ပဲပြားထဲကို အရသာဝင် အောင် ဖွဖွလေးဖိနယ်ပေးပါ။

နောက် ၅-၆ နာရီမျှ နှပ်ထားပါ။

အဆင်သင့်ဖြစ်ပြီဆိုရင် ပဲပြားများကို မီးဖိုပေါ်မှာ ရွှေရောင်သန်းလာတဲ့အထိ ကင်ပါ။

ကင်နေစဉ်အတွင်း ကျန်ဆီကို ပဲပြားများပေါ် သုတ်ပေးပါ။

Tips

အသားတွေကို နှပ်မယ်ဆိုရင် ဖန်ထည်ပစ္စည်းတွေထဲမှာ ထည့်နှပ်ပါက ပိုကောင်းပါတယ်။

 
[