ချမ်းစိမ့်စိမ့် ဆောင်းတွင်းညနေပိုင်းမှာ ရင်ထဲနွေးသွားအောင် ဟော့ပေါ့ပူပူလေး စားချင်တဲ့ အာသီသ
ကြောင့် ဟောပေါ့မှာ နာမည်ကြီးတဲ့ ရွှေဂုံတိုင်က 'ရွှေကောင်း'ကို သူငယ်ချင်းနဲ့ နှစ်ယောက်သွား
ဖြစ်ခဲ့ပါတယ်။
ရွှေကောင်းဟော့ပေါ့ဆိုင်ဟာ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်နဲ့ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်မှာ
တည်ရှိပြီး မိသားစုတွေ အေးဆေးဆေးဆေးစားသောက်နိုင်တဲ့ ပင်မစားသောက် ခန်းကျယ်ကြီး
တစ်ခုအပြင် ဘေးကာမပါတဲ့ ဟင်းလင်းပြင် အဆောက်အအုံကြီးမှာလည်း လွတ်လွတ်လပ်လပ်
ထိုင်ချင်သူတွေ ထိုင်နိုင်အောင်လည်း စီစဉ်ထားပါတယ်။
ကားပါကင် ကျယ်တစ်ခု ရှိတာမို့ ကိုယ့်ကားနဲ့ကိုယ် လာစားမယ့် မိသားစုတွေအတွက် ကားရပ်စရာ
နေရာလည်း ပူစရာမလိုပါဘူး။ (ခုခေတ်မှာက ဘယ်နေရာသွားသွား ကားပါကင်နေရာက
အရေးကြီးနေတာ မဟုတ်လား။)
ဟော့ပေါ့စားဖို့ကတော့ အရင်ဆုံးဟော့ပေါ့ထဲမှာ ထည့်ဖို့ နှစ်သက်ရာအသားမျိုးစုံ၊ ငါးနဲ့ ဟင်းသီး
ဟင်းရွက်ကို ရေခဲသေတ္တာထဲကနေ ရွေးယူရပါတယ်။
၀က်သားကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ ရွေးချယ်စရာ များလွန်းလှပါတယ်။
၀က်ကျောက်ကပ်၊ ၀က်နှလုံး၊ ၀က်ချင်း၊ ၀က်အူပိတ်၊ ၀က်လျှာ၊ ၀က်နံရိုးနု၊ ကြောရိုးချဉ်ဆီ၊
၀က်ချင်းနဲ့ ၀က်အူမကြီးကအစ အစုံရပါတယ်။
ကြက်အသည်း၊ အမြစ်၊ ပုစွန်၊ ပုစွန်လုံးရေညှိပတ်၊ ပိန်းဥမုန့်၊ တရုတ်မှို၊ အပ်မှို၊ ကောက်ရိုးမှို၊ ထီးမှိုက
အစ မှိုမျိုးစုံလည်း ရနိုင်ပါတယ်။
ကျွန်မနဲ့အတူ ပါလာတဲ့ သူငယ်ချင်းက ၀က်အတွင်းကလီစာတွေ မရွေးချယ်ဖို့ တိုက်တွန်းပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ၀က်အသည်း၊ ၀က်ကျောက်ကပ်စတဲ့ ကလီစာတွေက ဆူပွက်နေတဲ့ ဟော့ပေါ့
ဟင်းရည်ပူပူထဲ ထည့်လိုက်ရင် အရည်ပျော်သွားတတ်လို့ပါ။
အသား၊ ငါးနဲ့ ဟင်းရွက်တွေကို ရောင်စုံပလတ်စတစ် ဆန်ခါခွက်ထဲမှာ ထည့်ထားပြီး ဈေးနှုန်း
ကိုလည်း ဆန်ခါခွက်ရဲ့ အရောင်အတိုင်း သတ်မှတ်ထားပါတယ်။
ဥပမာ- မှိုနဲ့ အရွက်ဆိုရင် ကြိုက်တဲ့မှို (သို့) အရွက်တစ်ခွက်ကို ကျပ် ၃၀၀ မှ ၄၅၀ အထိ သတ်မှတ်
ထားပြီး ကြက်၊ ၀က်၊ ငါးနဲ့ ပုစွန်ကိုတော့ တစ်ခွက်ကို ကျပ် ၈၀၀ ကနေ ၁,၈၀၀ ထိ သက်မှတ်ထား
ပါတယ်။
မှိုမျိုးစုံ၊ ရွှေပဲရွက်၊ ရုံးပတီသီး၊ အာလူး၊ သကြားပြောင်းနဲ့ ပဲလိပ် စတာတွေကို ကျပ် ၃၀၀ မှ ၄၅၀ ထိ
ပေးရတာ တန်ပေမယ့် ပြည်ကြီးငါး၊ ပုစွန်လုံး၊ ကင်းမွန်၊ ကဏန်းလက်မ၊ ငါးနဲ့ ၀က်တို့ကိုတော့
သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေက အနည်းငယ်များတယ်လို့ ထင်မိပါတယ်။
သူငယ်ချင်းနဲ့ ကျွန်မကတော့ ၀က်နံရိုးနု၊ ပုစွန်လုံးရေညှိပတ်၊ ပိန်းဥ၊ မှိုနဲ့ ရွှေပဲရွက် တစ်မျိုးစီကို
နှစ်ယောက်စာ ရွေးကြပါတယ်။
ကျွန်မတို့နှစ်ယောက်ဟာ သီးသန့်လည်းဖြစ် ပြီး အေးအေးဆေးဆေးထိုင်လို့ကောင်းမယ့် ပင်မ
စားသောက်ခန်းထောင့်နားက စားပွဲကို ရွေးချယ်ခဲ့ပါတယ်။
အသင့်စောင့်နေတဲ့ စားသောက်ဆိုင်က ၀န်ထမ်းလေးက အချိုနဲ့အစပ် အရသာနှစ်မျိုးပါတဲ့ စားပွဲခုံ
အလယ်ကောင်က စတီးအိုးလေးကို အပူစပေးပါတော့တယ်။
စားပွဲခုံနဲ့ တွဲဖက်တပ်ဆင်ထားတဲ့ ဂက်စ်အိုးကို ဖွင့်ပြီး ဟင်းရည်ကို အပူပေးတာဖြစ်ပါတယ်။
ပြီးမှ ကျွန်မတို့ရွေးလာခဲ့တဲ့ အသားနဲ့ ပုစွန်လုံး တွေကို ဟင်းရည်ပူထဲ စထည့်ပါတယ်။
အရွက်တွေကိုတော့ ဟင်းရည်ဆူမှ ထည့်ဖို့ ချန်ထားပါတယ်။
ငါးမိနစ်ကျော်လောက် စောင့်လိုက်ပြီး ဟင်းရည်ပွက်ပွက်ဆူတော့မှ အရွက်တွေကိုထည့်ပြီး
ဟော့ပေါ့ပူပူလေးကို စတင်မြည်းစမ်းကြည့်ပါတယ်။
၀က်နံရိုးနုကတော့ အတော်လေးနူးသွားပြီး ၀ါးစားလို့ အဆင်ပြေပါတယ်။
ပူလွန်းတော့ အရသာခံရတာ ခက်တဲ့အတွက် အသားနဲ့ ပုဇွန်လုံးတွေကို ဟင်းရည်အိုးထဲကနေ
ခွဲထုတ်ပြီး အအေးခံရပါတယ်။
ပြီးမှ ဟင်းရည်ပူပူလေး သောက်လိုက် အသားလေးစားလိုက်နဲ့ အေးစိမ့်တဲ့ဆောင်းရာသီမှာ ခံတွင်း
မြိန်လှပါတယ်။
ဟင်းရည်ဆူမှ အရွက်ထည့်ပေမယ့်လည်း အရွက်တွေက သိပ်ပြီးမကျွတ်တော့ပါဘူး။
နွမ်းဖတ်ပြီး စားရတာ သိပ်မကောင်းပါဘူး။
ပြီးတော့ ဟင်းရည်တွေက အနည်းငယ်ငန်တော့ ဟင်းရည် တစ်ဇွန်းသောက်ပြီးတိုင်း ရေတစ်ခွက်
သောက်လိုက် လုပ်ရပါတယ်။
အသားအရသာကတော့ လတ်ဆတ်ပြီး ဟင်းရည်ထဲထည့်ပေးထားတဲ့ ဂျူးမြစ်ကလည်း ချိုပြီးဆိမ့်
ပါတယ်။
ကျွန်မတို့နှစ်ယောက်က အသားသုံးလေးဖတ်နဲ့ ပုစွန်လုံး နှစ်လုံးလောက်စားပြီး ဗိုက်တင်းလာတာ
ကြောင့် ဆက်မစားနိုင်တော့ပါဘူး။
ဟော့ပေါ့ဆိုတာ မိသားစုလိုက်သွားပြီး စားရင် ပိုတန်တယ်လို့ထင်ပါတယ်။
ဗိုက်တင်းလို့ ဆက်မစားနိုင်တော့တဲ့ ကျွန်မတို့နှစ်ယောက်က အစားရပ်လိုက်ပြီး ကျသင့်ငွေကို
တွက်ချက်ပေးဖို့ ၀န်ထမ်းလေးကို ခေါ်လိုက်ပါတယ်။
ကျွန်မတို့ ရွေးချယ်ထားတဲ့ ပလတ်စတစ်ခွက်နဲ့ အရောင်တွေအလိုက် ကျသင့်ငွေတွက် လိုက်တာ
နှစ်ယောက်ပေါင်းကို ကျပ်၂၂,၀၀၀ တောင် ကျသွားလို့ အံ့အားသင့်ရပါတယ်။
အိုးထဲမှာလည်း လက်ကျန် ၀က်နံရိုးနုတွေနဲ့ ပုစွန်လုံးတွေ ကျန်သေးလို့ နှစ်ယောက်စာကို
သုံးယောက်လောက် ၀ိုင်းစားမှ တန်တယ်လို့ ယူဆမိပါတယ်။
အားလုံးကို ခြံုပြောမယ်ဆိုရင် ရွှေကောင်း စားသောက်ဆိုင်က ဟော့ပေါ့အတွက် အသားငါး
အမယ်တွေက လတ်ဆတ်တယ်၊ အရသာကလည်း သဘာဝအတိုင်းပါပဲ။
ဟင်းရည်ငံတာကလွဲရင် အရသာရှိတဲ့ ဟော့ပေါ့တစ်ခွက်လို့ ဆိုချင်ပါတယ်။
