ဒီတစ်ပတ်မှာ လွယ်လွယ်လေးနဲ့ လုပ်စားလို့ရမယ့် အချိုပွဲလေးတွေကို စုစည်းပြီး ဝေမျှပေးလိုက်
ပါတယ်။
ငှက်ပျောသီးကို အချိုပွဲ၊ အစာပိတ်အဖြစ် သုံးနေကျမို့ နည်းနည်းလေးထူးဆန်းတဲ့ အချိုပွဲအဖြစ်
ထည့်နေကျမဟုတ်တဲ့ အရာလေးတွေ၊ အတွဲအစပ်အသစ်လေးတွေနဲ့ အပြောင်းအလဲလေး
လုပ်ထားပါတယ်။
ငှက်ပျောသီးကို ဖီးကြမ်းသုံးလို့ရသလို သီးမွှေးလည်း သုံးလို့ရပါတယ်။
တကယ်တော့ ငှက်ပျောသီးနဲ့ မုန့်များစွာကို လုပ်လို့ရတာမို့ ဟင်းချက်ဝါသနာပါသူတွေအဖို့
လက်တည့်စမ်းစရာ အများကြီးပါနော်။
ငှက်ပျောသီးချိုချဉ်နဲ့ ဗင်နီလာအိုက်စ်ကရင်မ်
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)
ငှက်ပျောသီး ၆ လုံး
ငရုတ်ချို (sweet chilli) ဆော့စ် စားပွဲဇွန်း ၃ ဇွန်း
လိမ္မော်သီး ၂ လုံး သံပရာသီး ၁ လုံး
ပူစီနံ ၁/၄ ခွက်
ဗင်နီလာ အိုက်စ်ကရင်မ် ၆ ခွက်
ပြင်ဆင်ပုံ
မတူးနိုင်တဲ့ ဒယ်ပြားထဲမှာ လိမ္မော်သီးအရည်၊ သံပရာသီးအရည်နဲ့ ငရုတ်ချိုဆော့စ်တို့ကို
ထည့်မွှေပြီး မီးအေးအေးနဲ့ ၂-၃ မိနစ်လောက် ကျိုပါ။ အိုးကိုလည်း မွှေပေးပါ။
ပြီးရင်တော့ ငှက်ပျောသီးကို အခွံနွှာပြီး မီးပြပါ။ အနံ့ထွက်လာပြီဆိုရင် ရပါပြီ။
ဗင်နီလာအိုက်စ်ကရင်မ် ခြောက်ခွက်ပေါ်မှာ ငှက်ပျောသီးတစ်လုံးစီကို အစိတ်လေးများစိတ်ပြီး
တင်ပါ။
နောက် ဆော့စ်ကို မျှပြီး ဆမ်းကာ ပူစီနံရွက်လေးများနဲ့ အလှဆင်ကာ သုံးဆောင်နိုင်ပါတယ်။
ငှက်ပျောသီးနဲ့ ကိတ်မုန့်ပဒေသာ
ပါ၀င်ပစ္စည်း
(ခြောက်ယောက်စာ)
သီးမွှေးငှက်ပျောသီး ၆ လုံး
Swiss roll (သို့) sponge ကိတ် ၁ လုံး
Thickened ကရင်မ် ၅၀၀ မီလီမီတာ
Icing sugar (သကြားမှုန်) စားပွဲဇွန်း ၃ ဇွန်း
Vanilla essence လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Nutella (chocolate and hazelnut cream) စားပွဲဇွန်း ၃ ဇွန်း
ပြင်ဆင်ပုံ
Thickened ကရင်မ်၊ Icing sugar၊ Vanilla essence နဲ့ Nutella တို့ကို ဖန်ဇလုံတစ်ခုတည်းမှာ
ထည့်ပြီး ခေါက်တံနဲ့ နာနာလေးမွှေပြီး ခေါက်ပါ။
အားလုံးပေါင်းစပ်သွားပြီး ပျော့ပျော့လေးဖြစ်သွားတဲ့အထိ မွှေခေါက်ပါ။
နောက်တစ်ဆင့်မှာတော့ အချပ်လိုက်လှီးထားတဲ့ ကိတ်မုန့်တွေကို ပန်းကန် နက်နက်ထဲမှာ
စီထည့်ပါ။
နောက် ကရင်မ်များကို ထည့်ပါ။
ငှက်ပျောသီးကို အဝိုင်းလိုက်လှီးထည့်ပါ။
နောက် ကိတ်မုန့်များကို ထည့်ကာ ကရင်မ်နဲ့ ငှက်ပျောသီးတို့ကို အစဉ်လိုက်ထည့်သွားပါ။
အနည်းဆုံး နှစ်ထပ်ရအောင် ထည့်ချင်တာမို့ ပန်းကန် (သို့) ဇလုံကို ချိန်ထည့်ပါ။
ဖန်ဇလုံသုံးရင် ပိုပြီးကြည့်လို့ ကောင်းပါတယ်။
ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး စားခါနီးမှ ထုတ်ပါ။
