ငွေကုန်ရကျိုးနပ်တဲ့ Kobe-Ya ဂျပန်စားသောက်ဆိုင်

ဂျပန်အမဲသားလွှာကင်။ ဓာတ်ပုံ - ဖိလစ်
ဂျပန်အမဲသားလွှာကင်။ ဓာတ်ပုံ - ဖိလစ်

ငွေကုန်ရကျိုးနပ်တဲ့ Kobe-Ya ဂျပန်စားသောက်ဆိုင်

ဂျပန်အမဲသားကင်နဲ့ တခြားအကင်မျိုးစုံ ကောင်းကောင်းရတဲ့ ဂျပန်စားသောက်ဆိုင်တွေထဲမှာ
Kobe-Ya ဂျပန်စားသောက်ဆိုင် ကလည်း သူ့အဆင့်အတန်းနဲ့သူ ကောင်းတဲ့ ဆိုင်တစ်ဆိုင်ပါပဲရှင်။

ကမာရွတ်မြို့နယ်၊ ပြည်လမ်းအနီးက Kobe-Ya စားသောက်ဆိုင်ဝင်းထဲ ၀င်လိုက်တာနဲ့ပဲ
အသေအချာပြုပြင်ထားတဲ့ ပန်းဥယျာဉ်၊ လှပသပ်ရပ်တဲ့ အလှဆင်မီး အပြင်အဆင်နဲ့
စားသောက်ဆိုင် အဆောက်အအုံရဲ့ ခေတ်ဆန်ကြော့မော့တဲ့ အပြင်ပိုင်းအပြင် အဆင်တွေက
ထူးခြားမှုတစ်ခုခုအတွက် ဒီကို ရောက်လာရတယ်ဆိုတာကို အသိပေးနေသလိုပါပဲ။

ဧည့်သည်တွေကို ဂရုစိုက်တတ်တဲ့ ဧည့်ကြိုက ၀ိုင်နဲ့ဆာကေးတွေထားရာ အခန်းကို ဖြတ်ပြီး
သီးသန့်ခန်းတွေဖြစ်တဲ့ နှစ်ယောက်ခန်း၊ လေးယောက်ခန်း၊ ရှစ်ယောက်ခန်းနဲ့ လူ၂၀ စာအခန်းတွေ
ရှိရာဘက်ကို ခေါ်ဆောင်သွားပေးပါတယ်။

အခန်းထဲက စားပွဲပေါ်မှာတော့ အကင်ဖိုတို့၊ ဟော့ပေါ့အိုးတို့ တင်စရာ အပူခံစကျင်ကျောက်ပြား
တို့ကို ချထားပေးပြီး စားပွဲအပေါ်မှာလည်း အကင်ညှော်နံ့တွေ အထဲမှာ ရှိမနေရအောင် ခရိုမီယံ
သတ္တုမီးခိုးခေါင်းတိုင်လေး တပ်ဆင်ပေးထားပါတယ်။

မီနူးထဲမှာတော့ အကင်မျိုးစုံကို ဖော်ပြထားသလို အမဲသားဟော့ပေါ့၊ shabu shabu ဟော့ပေါ့နဲ့
တခြားရွေးစရာ အမည်တွေလည်း ရှိပါသေးတယ်။

ပိုင်ရှင်ဖြစ်တဲ့ ဟီရိုကိုနာကာမူရာကိုယ်တိုင် စားသောက်ဆိုင်အတွက် မြန်မာနိုင်ငံကနေ တိုကျိုမြို့
ဆီသွားရောက်ပြီး Kobe နဲ့ Wagyu အမဲသားကို အမြဲသွားဝယ်လေ့ရှိတယ်လို့ သိရပါတယ်။

သူတို့ဆိုင်မှာသုံးတဲ့ အမဲသားက တိုကျိုမှာ အကောင်းဆုံးပဲလို့လည်း မစ္စနာကာမူရာက ပြောပါ
တယ်။

"ကျွန်မက အခက်အခဲတွေကို ရှောင်ပြေးတတ်တဲ့သူ မဟုတ်ပါဘူး။ ဒီမှာတော့ ဂျပန်မှာ
အကောင်းဆုံးအမဲသားဖြစ်တဲ့ ကိုဘေးမြို့က အကောင်းဆုံး ကိုဘေးအမဲသားကိုပဲ တိုက်ရိုက်
တင်သွင်းပြီး အသုံးပြုပါတယ်" လို့လည်း ပြောပါတယ်။

မစ္စဟီရိုကို နာကာမူရာ။

ဒီစားသောက်ဆိုင်မှာ အထူးစားသောက်ပွဲတွေအတွက်လည်း ပြင်ဆင်ထားပါတယ်။ အကင်ပွဲတွေ
ရဲ့ဈေးနှုန်းက လူတစ်ယောက်စာကို အမေရိကန်၂၅ ဒေါ်လာကနေ ၈၉ ဒေါ်လာ အထိရှိပြီး ၀ိုင်တွေနဲ့
ဆာကေးတွေရဲ့ ဈေးနှုန်းကလည်း တစ်ပုလင်းကို ၁၃ ဒေါ်လာကနေ ၃၀၀ အထိ အမျိုးမျိုးရှိပါတယ်။

အသုပ်ပွဲ၊ ခံတွင်းဖွင့်စာ၊ ဂျပန်အမဲသားလွှာ လေးမျိုး၊ ပင်လယ်စာ၊ ဟင်းချို၊ ထမင်းနဲ့ အချိုပွဲပါ
Suma ဘာဘီကျူးပွဲ (၅၈ ဒေါ်လာ) ကို ကျွန်မတို့ ရွေးချယ်လိုက်ပါတယ်။

ဒါတွေကို အားပါးတရ ကုန်အောင်စားနိုင်ဖို့ အဖော်တွေလိုတာတော့ အားလုံးသိပြီးသားပါ။

မီးကျီး ခဲတွေ ရဲရဲပူနေတဲ့အိုးကြီးကို စားပွဲပေါ်က ကျောက်ပြားပေါ်မှာ တင်ထားပါတယ်။

သူ့အပေါ်မှာတော့ အသားကင်ဖို့အတွက် စတီးဆန်ခါ တစ်ခု တင်ထားပါတယ်။

သိပ်မကြာခင်မှာပဲ စတီးဆန်ခါပြားက ဘာဘီကျူးကင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အရင်ဦးဆုံး ကင်မ်ချီ၊ ကိုက်လန်၊ မုန်လာဥနဲ့ ပဲပင်ပေါက်တို့ပါတဲ့ စားမြိန်စာအချဉ်ပွဲအအေးစာနဲ့အတူ
ဂျပန်ဝါဆာဘီ၊ နှမ်းတို့နဲ့ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ သုပ်ထားတဲ့ အစိမ်းရောင်အရွက်သုပ်အအေးစာ
လည်း လာချပေးပါတယ်။

နောက်ထပ်လာချပေးတာကတော့ တစ်ပန်းကန်မှာ အမဲသားလွှာ ၁၅ ခုကနေ ၂၀ လောက်အထိ
ပါတဲ့ ကိုဘေးအမဲသားလွှာ အပါအဝင် အမဲသားလွှာ လေးမျိုး၊ ပုစွန်နဲ့ ပြည်ကြီးငါး ပင်လယ်စာ
နှစ်မျိုး ပါ၀င်တဲ့ အဓိက ဟင်းပွဲပါ။

စတီးညှပ်နဲ့ အသားစိမ်းကိုကိုင်၊ ဆန်ခါပူပူပေါ်တင်ပြီး ကိုယ်စားချင်တဲ့ အနေအထားမျိုး ကြိုက်သလို
ကင်စားလို့ ရပါတယ်။

အမဲသားလွှာတွေက အပူချိန်ကောင်းကောင်းရနေတဲ့ သံကင်ပျစ်ပေါ်မှာ တစ်မိနစ်အတွင်း
ကျက်သွားပါတယ်။

အကင်ပွဲ လေးမျိုးအတွက် ဆော့စ်ကလည်း လေးမျိုး ပေးထားပါတယ်။

ကိုဘေးအမဲသားက ခြောက်ကပ်ကပ်ကြီး မဖြစ်ဘဲ အရည်ရွှမ်းပါတယ်။

အဆီကြိုးကြား ကြိုးကြားပါတဲ့အသားလွှာက စားရတာ အရမ်းကို နူးည့ံပါတယ်။

အသားထဲက အချိုရည်တွေ ထွက်သွားလောက်အောင် အကြာကြီးလည်း ကင်စရာမလိုပါဘူး။

နောက်တော့ မှို၊ ဥနဲ့ အသီးအရွက်တွေပါတဲ့ ဟင်းချိုပွဲနဲ့ ထမင်းကို လာချပေးပါတယ်။

နောက်ထပ်မစားနိုင်တော့ဘူးလို့ ထင်နေတဲ့အချိန်မှာပဲ ရေခဲခြစ်လိုမျိုး lemony granita ice နဲ့
သစ်သီးတွေ အချိုပွဲအနေနဲ့ ကျွန်မတို့ရှေ့ ရောက်လာပါတယ်။

Kobe-Ya စားသောက်ဆိုင်က မကြာသေးခင်ကပဲ တစ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ရန်ကုန်
က စားသုံးသူတွေအတွက်ကတော့ အသစ်လို ဖြစ်နေပါသေးတယ်။

ဒါပေမဲ့ ဒီဆိုင်ကတော့ နေ့လယ်စာစားရင်း စီးပွားရေးကိစ္စတွေဆွေးနွေးကြသူတွေနဲ့ ဗီအိုင်ပီညစာ
စားပွဲတွေအတွက်တော့ နာမည်ကြီးပါတယ်။

အထူးပွဲတွေအတွက် သွားရောက်စားသောက်ရတာ တန်တဲ့ စားသောက်ဆိုင်မျိုးပါပဲ။

သီရိမင်းထွန်း ဘာသာပြန်သည်။

 
[