Shakshuka (သို့) Shakshouka လို့ခေါ်တဲ့ အာဖရိကမြောက်ပိုင်းမှာ နာမည်ကြီးတဲ့ ကြက်ဥဟင်း
ကို ဒီတစ်ပတ်မှာ ချက်မှာဖြစ်ပါတယ်။
အနီရောင် capsicum (သို့) bell pepper ရယ်၊ ခရမ်းချဉ်သီးအနှစ်များများရယ်ကို ဟင်းခတ်
အမွှေးအကြိုင်တွေနဲ့ ချက်ထားတာပါ။
အစပ်ကြိုက်တတ်သူတွေအဖို့ ငရုတ်သီးထည့်ချက်လည်း ရပါတယ်။
ပြီးတော့ သူ့ကို အချဉ်ဓာတ်နည်းနည်းပါတဲ့ ပေါင်မုန့်နဲ့ တို့စားလို့ရပါတယ်။
တနင်္ဂနွေလိုနေ့မျိုးမှာ အားရပါးရအိပ်ပြီး မနက်စာနဲ့ နေ့လယ်စာ ပေါင်းစားမယ်ဆိုရင်လည်း
ချက်ရလွယ်ပြီး စားလို့ကောင်းတဲ့ ဟင်းတစ်ခွက်လို့ ပြောလို့ရပါတယ်။
ခပ်စပ်စပ်၊ အနှစ်များများနဲ့ ကြက်ဥမကျက်တကျက်ကို ပေါင်မုန့်နဲ့ တို့စားရတာမို့ စားလို့ကောင်း
ပါတယ်။
မြန်မာကြက်ဥဟင်းကြိုက်တတ်သူတွေအဖို့ နောက်ထပ် ကြက်ဥဟင်းချက်နည်းတစ်မျိုး ထပ်တိုး
တာပေါ့။
Shakshuka ခရမ်းချဉ်သီးချက်
ပါ၀င်ပစ္စည်း
(၂ ယောက်စာ)
အနီရောင် capsicum (သို့) bell pepper ကြီးကြီး ၁ လုံး
ငရုတ်သီးအနီတောင့်/အစိမ်းတောင့်ရှည် ၁ တောင့် (အစပ်ကြိုက်တတ်သူများ အတွက်သာ)
သံလွင်ဆီ စားပွဲဇွန်း ၂ ဇွန်း
ခရမ်းချဉ်သီး (ပြုတ်ပြီး ခပ်ကြမ်းကြမ်းစဉ်းထားသော) ၅၀၀ ဂရမ်
ခရမ်းချဉ်သီးအနှစ် (အသာအေသနျ စေျအန) စားပွဲဇွန်း ၁ ဇွန်း
ဇီရာစေ့အမှုန့် (လှော်ပြီးသား) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
Paprika လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ ၄ လုံး
ကြက်သွန်ဖြူ ၃ မြွှာ
ပြင်ဆင်ပုံ
ခရမ်းချဉ်သီးတွေကို ထိပ်မှာ ကြက်ခြေခတ်ပုံ ဓားရာပေးပြီး ရေမြှုပ်အောင် ထည့်ပြီးပြုတ်ပါ။
ခရမ်းချဉ်သီးအခွံတွေ လန်ထွက်လာရင် အိုးကိုချပြီး အအေးခံပါ။
နောက် အခွံတွေကိုသင်ပြီး ခပ်ကြမ်းကြမ်းလှီးပါ။
အစေ့တွေကို သတ်သတ်ဖယ်ထားပါ။ အနီရောင် capsicum (သို့) bell pepper များကို
ထက်ခြမ်းခြမ်းကာ အစေ့ထုတ်ပြီး အပြင်ပိုင်းကို အောက်မှထားကာ မီးကင်ပါ။
အပေါ်ယံခွံတွေ မည်းလာပြီဆိုရင် လှည့်ပေးပါ။
အားလုံးနွမ်းပြီး ပျော့လာပြီဆိုရင် မီးဖိုပေါ်မှာချကာ အအေးခံထားပါ။
နောက်အခွံတွေကိုသင်ပြီး ခပ်ကြမ်းကြမ်းလေးလှီးပါ။
ကြက်ဥလေးလုံး အနည်းဆုံးဆံ့နိုင်တဲ့ ဒယ်အိုးပြားနဲ့ ချက်နိုင်ရင် ပိုကောင်းပါတယ်။
မတူးနိုင်တဲ့ဒယ်အိုးပြားထဲမှာ သံလွင်ဆီကို ထည့်ပါ။
နောက်ပြီး ခရမ်းချဉ်သီးအနှစ်ကိုထည့်ကာ တစ်မိနစ်လောက် ဆီသတ်ပါ။
ဟင်းခတ်အမွှေးအကြိုင်၊ နောက်ပြီး ကြက်သွန်ဖြူနဲ့ ငရုတ်သီးတွေကို နုပ်နုပ်စဉ်းထည့်ပြီး
ဆီသတ်ပါ။
ပြီးရင် စဉ်းထားတဲ့ ခရမ်းချဉ်သီးတွေကိုထည့်ကာ ဆီသတ်ပါ။
သုံးမိနစ်လောက်လုံးပြီးပြီဆိုရင် capsicum (သို့) bell pepper များကို ထည့်ကာ အဖုံးအုပ်ပြီး
မီးအေးအေးနဲ့ ၁၅ မိနစ်ခန့်မျှ နှပ်ပါ။
ခရမ်းချဉ်သီးတွေပျော့ပြီး အနှစ်မပျစ်တပျစ်ဖြစ်လာပြီဆိုရင် ဟင်းအနှစ်များအကြားတွင်းပုံစံ လေးခု
လောက်လုပ်ပြီး ကြက်ဥများကို တစ်ခုချင်း ဖောက်ထည့်ပါ။
နောက် အဖုံးအုပ်ကာ မီးအေးအေးနဲ့ဆက်တည်ပါ။
ကြက်ဥတွေ အပေါ်ယံတင်းလာပြီဆိုရင် အဖုံးဖွင့်ကာ မီးဖိုပေါ်မှချပြီး ချက်ချင်း ပူပူလေး
သုံးဆောင်ပါ။
ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်ကို အပေါ်က ဖြူးပါ။
Sourdough ပေါင်မုန့် (သို့) ပြင်သစ်ပေါင်မုန့်ချောင်းတို့နဲ့ တို့စားနိုင်ပါတယ်။
ဖြိုးအကြိုက် မြန်မာကြက်ဥ မကျက်တကျက်ဟင်း
ပါ၀င်ပစ္စည်း
ကြက်သွန်နီ ၃ လုံး
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၄ ဇွန်း
ခရမ်းချဉ်သီး (ပြုတ်ပြီး ခပ်ကြမ်းကြမ်းစဉ်းထားသော) ၅၀၀ ဂရမ်
ခရမ်းချဉ်သီး အနှစ် (tomatoes paste) စားပွဲဇွန်း ၁ ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
Paprika လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကုလားလေးမဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ ၄ လုံး
ကြက်သွန်ဖြူ ၃ မြွှာ
နံနံပင် လက်တစ်ဆုပ်စာ
ပြင်ဆင်ပုံ
ခရမ်းချဉ်သီးတွေကို ထိပ်မှာကြက်ခြေခတ်ပုံ ဓားရာပေးပြီး ရေမြှုပ်အောင် ထည့်ပြီးပြုတ်ပါ။
ခရမ်းချဉ်သီးအခွံများ လန်ထွက်လာရင် အိုးကိုချကာ အအေးခံပါ။
နောက်ပြီး အခွံတွေကိုသင်ပြီး ခပ်ကြမ်းကြမ်း လှီးပါ။ အစေ့တွေကို သတ်သတ်ဖယ်ထားပါ။
ကြက်ဥလေးလုံး အနည်းဆုံးဆံ့နိုင်တဲ့ ဒယ်အိုးပြားနဲ့ ချက်နိုင်ရင် ပိုကောင်းပါတယ်။
မတူးနိုင်တဲ့ဒယ်အိုးပြားထဲမှာ ဟင်းသီးဟင်းရွက်ဆီကို ထည့်ပါ။
နောက်ပြီး ကြက်သွန်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး ဆီသတ်ပါ။
ကြက်သွန်များ အရောင်ပြောင်းလာပြီဆိုရင် ခရမ်းချဉ်သီးအနှစ်ကိုထည့်ကာ တစ်မိနစ်လောက်
ဆီသတ်ပါ။
ပြီးရင် ကြက်သွန်ဖြူများကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။
အနံ့ထွက်လာပြီဆိုရင် စဉ်းထားတဲ့ ခရမ်းချဉ်သီးများကို ထည့်ဆီသတ်ပါ။
ခရမ်းချဉ်သီးနဲ့ ကြက်သွန်တွေ ရွှေအိုရောင်သန်းလာတဲ့အထိ ကြော်ပါ။
အနှစ်တွေ ခြောက်ခါနီးလာပြီဆိုရင် ရေ ၁/၂ ခွက်ထည့်ကာ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ၁၅ မိနစ်ခန့်
လောက် နှပ်ပါ။
အရသာအတွက် ဆားထည့်ပါ။
အနှစ်မပျစ်တပျစ်ဖြစ်လာပြီဆိုရင် ဟင်းအနှစ်များအကြား တွင်းသဏ္ဌာန် လေးခုလောက်လုပ်ကာ
ကြက်ဥများကို တစ်ခုချင်း ဖောက်ထည့်ပါ။
နောက် အဖုံးအုပ်ကာ မီးအေးအေးဖြင့် ဆက်တည်ပါ။
ကြက်ဥတွေအပေါ်ယံ တင်းလာပြီဆိုရင် အဖုံးဖွင့်ကာ မီးဖိုပေါ်မှချပြီး ချက်ချင်းပူပူလေး သုံးဆောင်ပါ။
နံနံပင်လေးအုပ်ပါ။ ထမင်းဖြူနဲ့ စားနိုင်ပါတယ်။
