ဈေးသက်သာပြီး ခံတွင်းတွေ့စရာတွေရနိုင်တဲ့ မန္တလေးက 'ထိုင်းမယ်အောင်' စားသောက်ဆိုင်

၀က်နံရိုးပေါင်း
၀က်နံရိုးပေါင်း

ဈေးသက်သာပြီး ခံတွင်းတွေ့စရာတွေရနိုင်တဲ့ မန္တလေးက 'ထိုင်းမယ်အောင်' စားသောက်ဆိုင်

နေပူဖုန်ထူတယ်လို့ နာမည်ကြီးတဲ့ မန္တလေးမြို့က အခုလိုအချိန် ဆောင်းရာသီရဲ့ နောက်ပိုင်းနေ့ရက်
တွေမှာလည်း အအေးက ကဲနေတုန်းပဲဆိုတော့ နေရာအသစ်ကို ပြောင်းနေခါစ စာရေးသူအဖို့
အစားစားချင်စိတ်လည်း သိပ်မရှိလှပါဘူး။

ဒါကြောင့် ပေါ့ပေါ့ပါးပါး အစားအစာတွေ ရနိုင်တယ်ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေညွှန်းတဲ့
ထိုင်းမယ်အောင် ထိုင်းသရေစာဆိုင်ဆီ ရောက်သွားခဲ့ပါတယ်။

၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ၆၉ လမ်းမကြီးပေါ်မှာရှိတဲ့ ဒီထိုင်းသရေစာဆိုင်က ထင်ထားသလိုပဲ
ထိုင်းဆိုင်တွေရဲ့ထုံးစံအတိုင်း လူစည်တာထက်ကို ပိုဆူညံနေပါတယ်။

ဆိုင်ထဲဝင်လိုက်တာနဲ့ ဆူညံပြည့်ကျပ်နေတဲ့ စားသောက် ၀ုိင်းတွေရှိတာကြောင့် ကျွန်မနဲ့
လုပ်ဖော်ကိုင် ဖက်တွေဟာ ၀ုိင်းလွတ်တစ်ခုကို ခပ်မြန်မြန် ရှာဖွေနေရာယူလိုက်ပါတယ်။

အဲဒီနောက်မှာတော့ မီနူးစာအုပ်ထဲမှာ ခပ်ရှုပ်ရှုပ် ဖော်ပြထားတဲ့ ဟင်းနာမည်တွေထဲက
အချိန်မဆွဲဘဲ စရွေးလိုက်တာကတော့ တစ်ခုကို ကျပ် ၆၀၀ ပေးရတဲ့ဟင်းထုပ်ပါ။

အဆာပြေအဖြစ် မြည်းဖြစ်ခဲ့တဲ့ ဟင်းထုပ်ဟာ (ဆန်မှုန့်၊ အသီးအရွက်တွေနဲ့ ၀က်သားတွေကို
ရောပြီး ငှက်ပျောရွက်ထဲမှာ ထည့်ထုပ်ပြီး ပေါင်းထားတာပါ) ပျော့ပြဲလွန်းနေပြီး အသားလည်း
နည်းတာကြောင့် နောက်ထပ်လာမယ့် ဟင်းပွဲတွေကိုပဲ အာရုံ စိုက်လိုက်ပါတော့တယ်။

ငါးထမင်းနယ်

တစ်ဇွန်းဖဲ့စားလိုက်တိုင်း ခပ်စေးစေးအနေထားနဲ့ ဒီဆိုင်ရဲ့ ငါးထမင်းနယ် (ကျပ် ရ၀၀) ကတော့
မှာခဲ့သမျှထဲမှာ အဆင်ပြေဆုံးပါပဲ။

နောက်ထပ်ရောက်လာတဲ့ ထိုင်းနံရိုးပေါင်း (ကျပ် ၃,၀၀၀) ကလည်း အချိုအနေတော်နဲ့ နူးညံ့
နေတော့ စားလို့အဆင်ပြေစေပြီး ဟင်းချို အဖြစ်ရွေးချယ်ခဲ့တဲ့ ပင်လယ်စာစုံဟင်းရည်
(ကျပ် ၃,၅၀၀) ကလည်း ပွဲသေးပေမယ့် တော်တော်များများရတာမို့ တွက်ခြေကိုက်ပါတယ်။

နေ့လယ်စာကို အများကြီးမစားချင်တာကြောင့် အချိုပွဲဘက်လှည့်တော့ ကြက်သား စင်းကောကို
ခပ်ချိုချိုသာဂူစေ့တွေနဲ့ အနေတော်လုံးထားတဲ့ ထိုင်းသာကူလုံး (တစ်ပွဲ ကျပ် ၆၀၀) က ကျွန်မ
အကြိုက်ဖြစ်ပေမယ့် ဆီချက်ဖတ်တွေ ပါနေတာကြောင့် အတူပါသူတွေကတော့ သိပ်ခံတွင်း
မတွေ့ကြပါဘူး။

ဒါပေမဲ့ အချိုပွဲနောက်တစ်မျိုးကတော့ ပန်းကန်ထဲမှာ တက်တက်ပြောင်တဲ့အထိ အားလုံးကို
ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ထိုင်းသာဂူလုံး

ဒါက အစိမ်းရောင် ကောက်ညှင်းစေးစေးရဲ့အလယ်မှာ ငှက်ပျော သီးအမှည့်ဌာပနာထည့်ထားတဲ့
ချိုဆိမ့်ဆိမ့် ငှက်ပျောထုပ် (တစ်ထုပ်ကျပ် ၆၀၀) ပဲဖြစ်ပါတယ်။

ထပ်ပိုးပေးထားတဲ့ သကြားအကူတောင် မလိုဘဲ သူ့ချည်းစားလို့ကို အရသာရှိပါတယ်။

မှာထားတာတွေ စားလို့ကုန်သလောက် ရှိချိန်မှာတော့ ဆိုင်က အလကားပေးတဲ့ သစ်သီးတွေ
ရောက်လာပါတော့တယ်။

ရေခဲမှုန်တွေဖုံးနေတဲ့ ဖရဲသီးနဲ့ သင်္ဘောသီးစိတ် လတ်လတ်ဆတ်ဆတ်တွေက ပြည့်နေပြီးသား
ဗိုက်ကို နည်းနည်းလေးတော့ ထပ်ဆွဲဆောင်လိုက်ပါသေးတယ်။

ရေအပြင် တခြားဘာမှမသောက်ချင်တာမို့ သောက်စရာတွေတော့ မှာမသောက်ဖြစ်ခဲ့ကြပါဘူး။

ဈေးသက်သာတဲ့ဆိုင်လေးမို့ နောက်တစ်ခေါက် ထပ်သွားဖြစ်ဖို့ တော့ ဆိုင်ကမထခင်မှာပဲ စိတ်ကူးမိ
ခဲ့ပါတယ်။

အဲဒီတစ်ကြိမ်အတွက်ကိုတော့ ပျော့ပြဲပြဲ ဟင်းထုပ်ကို စားမယ့်စာရင်းထဲကနေ ဖယ်ထားလိုက်ပါပြီ။

မှတ်ထားရတဲ့နောက်တစ်ချက်က မနက်ခင်းပိုင်းလည်း သွားစားနိုင်ပြီး နေ့လယ်စာအတွက်ဆိုရင်
၁ နာရီမထိုးခင်လောက် သွားမှ မီနူးထဲမှာရှိတဲ့ အစားအစာမျိုးစုံကို စားခွင့်ရမှာပါ။

ညနေပိုင်းတွေဆို တချို့အစားအစာတွေ မျိုးစုံမရနိုင်တာမျိုးရှိတတ်တယ်လို့ ကြိုတင် သတိပေး
လိုက်ပါတယ်နော်။

 
[