ကြက်သားကဘတ်နှင့် ဒိန်ချဉ် Dressing ဟင်းရွက်စုံသုပ်

ဖြိုးစတိုင် ကြက်သားကဘတ်
ဖြိုးစတိုင် ကြက်သားကဘတ်

ကြက်သားကဘတ်နှင့် ဒိန်ချဉ် Dressing ဟင်းရွက်စုံသုပ်

ဒီရက်တွေမှာ နေသိပ်မကောင်း၊ အသံကဝင်နဲ့ဆိုတော့ ခပ်စပ်စပ်ဟင်းလေးတွေချက်၊ ရှူးရှူးရှဲရှဲနဲ့
လည်ချောင်း ရှင်းသွားအောင်ဆိုပြီး ဟင်းစပ်စပ်လေးတွေ ချက်ဖြစ်နေပါတယ်။

အချဉ်၊ အစပ်လေးတွေကိုပဲ စားချင်စိတ်ကဝင်နေတော့ ကြက်သားကဘတ်လေး ချက်ဖြစ်သွား
ပါတယ်။

ငယ်ငယ်တုန်းက လသာလမ်းမှာ သွားစားလေ့ရှိတဲ့ ပလာတာနဲ့ ကြက်သားကဘတ်ကို
အလွမ်းပြေချက် ကြည့်ရာကနေ ဒီဟင်းချက်နည်းလေးကို မိသားစုလက်ရာအဖြစ် မှတ်တမ်းတင်
ဖြစ်သွားတာပါ။

ဒီချက်နည်းက ကြက်သား၊ ဆိတ်သား၊ အမဲသား ကိုယ်ကြိုက်ရာအသားနဲ့ ချက်နိုင်ပါတယ်။

ဒါပေမဲ့ ဆိတ်သားကို သုံးမယ်ဆိုရင်တော့ ကြိတ်သားက ပိုကောင်းပါတယ်။

အမဲသားဆိုရင်လည်း အရင်ဆုံး ပြုတ်ကြော်လိုမျိုး လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။

နောက်ပြီး သူနဲ့လိုက်ဖက်မယ့်အသီးအရွက်လေးကို အစုံသုပ်ပါမယ်။

Dressing အရည်ကိုတော့ ဒိန်ချဉ်ကို သုံးထားပါတယ်။

ဖြိုးစတိုင် ကြက်သားကဘတ်
ပါ၀င်ပစ္စည်းများ
(၄ ယောက်စာ)

အရေခွံမပါ ကြက်သားရင်ပုံ ၂ ခု (၅၀၀-၅၅၀ ဂရမ်)
ငရုတ်ပွသီး အသေး ၂ ခု
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၃ ဇွန်း
ခရမ်းချဉ်သီးမှည့်မှည့် ၄ လုံး
ကြက်သွန်နီ အလတ် ၃ ဥ
ကြက်သွန်ဖြူ ၃ မြွှာ
ကုလားလေးမဆလာ စားပွဲဇွန်း ၂ ဇွန်း
နံနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ပဲငံပြာရည် စားပွဲဇွန်း ၃ ဇွန်း
ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်းခွဲ
ပူစီနံ (သို့) နံနံပင် လက်တစ်ဆုပ်စာ
ငရုတ်သီးအနီတောင့်/ အစိမ်းတောင့်ရှည် ၁ တောင့် (အစပ်ကြိုက်တတ်သူတွေအတွက်သာ)

ပြင်ဆင်ပုံ

ကြက်သားတွေကို ရေဆေး၊ အဆီတွေကို ဖယ်ထုတ်ပြီး ရေစစ်ထားပါ။

ပြီးတဲ့အခါ ဆား၊ နံနွင်းမှုန့်တို့နဲ့နယ်ကာ အနည်းဆုံး ၃၀ မိနစ်လောက် နှပ်ထားပေးပါ။

ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကို အဝိုင်းလိုက် မထူမပါးလှီးပါ။

ငရုတ်ပွများကို အစေ့ထုတ်ကာ တစ်စင်တီမီတာခွဲပတ်လည်လောက် လှီးထားပါ။

ကြက်သွန်ဖြူတွေကို ညက်ညက်ထောင်းပါ/ ညှစ်ထားပါ။ ဟင်းသီးဟင်းရွက်ဆီကို အိုးထဲထည့်ကာ
မီးမပြင်းတပြင်းနဲ့ ဆီပူအောင်တည်ပါ။

ဆီပူပြီဆိုလျှင် ကြက်သွန်နီတွေကို ထည့်ကြော်ပါ။

ကြက်သွန်တွေ အရောင်ပြောင်းပြီဆိုရင် ခရမ်းချဉ်သီးတွေကို ထည့်ပြီးကြော်ပါ။

နှစ်မိနစ်လောက်ရှိလာပြီဆိုရင် ကြက်သွန်ဖြူနဲ့ ငရုတ်ပွသီးတွေကို ထည့်ကြော်ပါ။

သုံးမိနစ်နီးပါးလောက် ကြာလျှင် ကြက်သားတွေကို ထည့်ကြော်ပါ။

ကြက်သားတွေ အရေတင်း (အရောင်ပြောင်း)သွားပြီဆိုလျှင် အဖုံးအုပ်ပြီး နောက်ထပ်
ငါးမိနစ်လောက် ကြော်ပါ။

အိုးမကပ်အောင် မွှေပေးပါ။

ကြက်သားတွေ နူးပြီဆိုလျှင် မီးကိုနည်းနည်းမြှင့်ကာ ပဲငံပြာရည်နဲ့ ရှာလကာရည်ကိုထည့်ပါ။

နောက် မဆလာထည့်ပါ။

၃-၄ မိနစ်လောက်ကြာအောင် ခပ်သွက်သွက်လေးကြော်ပြီးလျှင် ပူစီနံ (သို့) နံနံပင်လေးထည့်ကာ
အဖုံးအုပ်ပြီးချပါ။

ထမင်း၊ ပလာတာ၊ နံပြားတို့နဲ့ တွဲစားနိုင်ပါတယ်။

ဒိန်ချဉ် Dressing ဟင်းရွက်စုံသုပ်

ဒိန်ချဉ် Dressing ဟင်းရွက်စုံသုပ်
ပါ၀င်ပစ္စည်းများ
(၄ ယောက်စာ)

ရွှေပဲသီး ၁၂၅-၁၅၀ ဂရမ်
ရုံးပတီသီး အရွယ်အလတ် ၆ တောင့်
ကြက်သွန်မြိတ် ၃ ပင်
ပူစီနံ ၁/၂ ခွက် အရွက်များသာ
ဒိန်ချဉ် စားပွဲဇွန်း ၃ ဇွန်း
သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ ၃ မြွှာ
ဆား လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပြင်ဆင်ပုံ

ရွှေပဲသီးတွေကို အညှာသင်ကာ ရေးဆေးထားပါ။

ရုံးပတီသီးတွေကိုရေဆေးပါ။

ကြက်သွန်မြိတ်တွေကိုလည်း ရေဆေးကာ ရေစင်အောင် စစ်ပြီးတဲ့အခါ အဖြူရောင်အပိုင်းကို
ခပ်ပါးပါးလေးလှီးထားပါ။

နောက် အိုးတစ်လုံးထဲမှာ ရေထည့်ကာ ဆားစားပွဲဇွန်းတစ်ဇွန်း ထည့်ပြီး ရေနွေးအိုးတည်ပါ။

ရေနွေးပွက်ပြီဆိုလျှင် ရွှေပဲသီးတွေကိုထည့်ပြီး ၃-၄ မိနစ်လောက် စိမ်ထားပါ။

ပြီးရင် ရွှေပဲသီးတွေကို ရေခဲထည့်ထားတဲ့ ရေအေးခွက်ထဲဆီ ဆယ်ယူပြီး ထည့်ထားပါ။

ရုံးပတီသီးတွေကိုလည်း အလားတူ ရေနွေးဖျောပါ။

ပြီးရင် အားလုံးကို ရေစင်အောင်စစ်ထားပါ။ နောက် အနေတော်လှီးပါ။

Dressing အတွက် ဒိန်ချဉ်နဲ့ သံပရာရည်ကို ဖန်ခွက်အသေးတစ်ခုထဲမှာ ရောစပ်ပါ။

ကြက်သွန်ဖြူတွေကို ညှစ်ထည့်ပါ။ (သို့) ညက်ညက်ထောင်းပြီး ထည့်ပါ။

အရသာအတွက် ဆားကိုထည့်ပါ။

ငရုတ်ကောင်းအနက်မှုန့်အနည်းကိုလည်း ထည့်မွှေပါ။

ပြီးရင် ပန်းကန်ထဲမှာ ဟင်းသီးဟင်းရွက်တွေကို ခင်းကာ ဒိန်ချဉ် Dressing ကိုဆမ်းပြီး
သုံးဆောင်နိုင်ပါတယ်။

 
[