အစားအစာရဲ့အရသာအပေါ် စိတ်ပူစရာမလိုတဲ့ Dynasty Bistro တရုတ်စားသောက်ဆိုင်

ကဏန်းသားအသုပ်
ကဏန်းသားအသုပ်

အစားအစာရဲ့အရသာအပေါ် စိတ်ပူစရာမလိုတဲ့ Dynasty Bistro တရုတ်စားသောက်ဆိုင်

စားသောက်ဆိုင်မှာ သွားစားတဲ့အခါ ကိုယ်မစားဖူးတဲ့ အစားအစာတွေကို ရွေးပြီး မြည်းစမ်းရတာ
စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုပေမယ့် စားမကောင်းတာမျိုး ကြံုရရင်တော့ တော်တော်လေးကို
စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အိမ်မှာစားတာထက် ပိုက်ဆံအများကြီးအကုန်ခံပြီး စားသောက်မှတော့ ကျွန်မလိုပဲ တခြား
သူတွေလည်း အရသာ ကောင်းတဲ့အစားအစာတွေ မြည်းစမ်းနိုင်ဖို့ကိုပဲ မျှော်လင့်ထားကြတယ်
မဟုတ်လား။

အဲဒီအတွက် ကျွန်မမှာ လျှို့ဝှက်ချက်ရှိပါတယ်။ ပိုပြီးရှင်းလင်းအောင် ပြောပြရမယ်ဆိုရင်
ဘယ်အချိန်ပဲသွားစားစား၊ ဘယ်နှစ်ခေါက်ပဲသွားစားစား အစားကောင်းတွေ အမြဲစားရမယ်ဆိုတဲ့
သေချာတဲ့စိတ်ခံစားမှုကို ပေးနိုင်တဲ့ စားသောက်ဆိုင်တချို့ကို ကျွန်မသိနေလို့ပါပဲ။

တိတိကျကျပြောရရင် ကျွန်မဟာ အဲဒီစားသောက်ဆိုင်တွေရဲ့ ပင်တိုင်ဖောက်သည်ကြီးပေါ့ရှင်။

ကျွန်မဟာ ပုံမှန်အချိန်တွေထက် အစားကောင်းကောင်း စားချင်မိတဲ့အချိန်ဆိုရင် အဲဒီဆိုင်တွေပဲ
ရွေးပြီးသွားပါတယ်။

ဒီတစ်ပတ်တော့ ကျွန်မရဲ့ လျှို့ဝှက်ချက်စားသောက်ဆိုင်တွေထဲက Dynasty Bistro တရုတ်
စားသောက်ဆိုင်လေးအကြောင်းကို ဝေမျှ ဖောက်သည်ချပေးပါမယ်။

ဒီဆိုင်က ဓမ္မစေတီလမ်းပေါ်မှာ ရှိတဲ့ Market Place အောက်ထပ်မှာဖွင့်ထားတာပါ။

ဈေးဝယ်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ခေါက်လောက် ရောက်တယ်ဆိုပေမယ့် ဒီဆိုင်လေးကိုတော့
ကျွန်မ အမြဲမဝင်ပါဘူး။

ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မ အပေါ်မှာလည်း ရှင်းပြခဲ့ပြီးပါပြီ။

ဒါပေမဲ့ အကြာကြီးတော့လည်း ခပ်ဝေးဝေးမနေနိုင်ပါဘူး။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ ခံတွင်းပျက်နေတာကြောင့် အဲဒီဆိုင်ဆီသွားဖို့ အကြောင်းပေါ်ခဲ့တယ်
ပေါ့နော်။

အပေါ်မှာ ပြောခဲ့သလိုပဲ ဒီဆိုင်ရဲ့ ထူးခြားချက်က မီနူးထဲမှာ ဟင်းအမယ်တွေအများကြီး
ထည့်ထားသလို တစ်ကြိမ်သွားတိုင်း မစားဖူးတဲ့အသစ်ကိုမှ ရွေးချယ်စားတတ်တဲ့ ကျွန်မကို
စိတ်ကျေနပ်စေတာပါပဲ။

ဒီတစ်ခေါက်မှာတော့ ၀က်သားကို ပိန်းဥနဲ့ရောပြီး နူးမြည့်နေအောင် အချိုချက်ထားတဲ့ဟင်း
(Braised Pork with Taro) (ကျပ် ၄,၇၀၀) တစ်ပွဲရယ်၊ ချဉ်ငံစပ်ထိုင်းစတိုင် ကဏန်းသားသုပ်
ရယ် (ကျပ် ၈,၀၀၀) နဲ့ Hai Rum လို့ခေါ်တဲ့ ဟင်းရွက်စုံအချိုကြော်ချက် (ကျပ် ၄,၅၀၀) တစ်ပွဲ
တို့ကို ထမင်းနဲ့တွဲပြီး မှာလိုက်ပါတယ်။

Hai Rum ကတော့ အဲဒီဆိုင်က ကျွန်မရဲ့ အသည်းစွဲဟင်းပွဲပါ။ ဆိုင်ကနေ သူတို့ရဲ့ အထူးဟင်းလျာ
လို့ ညွှန်းထားပြီး ကျွန်မသွားတိုင်းလည်း အမြဲစားဖြစ်တာပါပဲ။

၀က်သားပိန်းဥဟင်း

သံဒယ်အိုးလေးထဲမှာထည့်ပြီး ပွဲပြင်ထားပေးတဲ့ ဒီဟင်းလျာက ဟင်းသီးဟင်းရွက်မျိုးစုံ၊ မှိုခြောက်၊
မှန်ကြာဆံ၊ ပုစွန်ခြောက်၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါး၊ ကြက်သားတို့ကို အရည်စပ်စပ်လေးပုံစံကြော်ချက်
ချက်ထားပါ။

ပူလွန်းလို့ ကိုယ်ရှေ့ရောက်လာတဲ့အထိ တပွက်ပွက်နဲ့ ထဆူနေတဲ့ဟင်းပွဲကနေ ပထမဆုံး
ဆွဲဆောင်နိုင်ကတော့ တရုတ်နံနံ ရနံ့လေးပါပဲ။

အဲဒီရနံ့ကြောင့် ဟင်းပူပူကို မဆင်မခြင် ပါးစပ်ထဲလှမ်းထည့်မိလို့ လျှာကျက်ခဲ့ရတာလည်း
အကြိမ်ကြိမ်ပါပဲ။

အသားတွေက နူးညံ့နေပြီး ဟင်းရွက်ဖတ်တွေပျော့ပြဲနေတာ မျိုးဖြစ်မနေတဲ့ ဒီဟင်းပွဲရဲ့အရသာဟာ
ချိုမြမြနဲ့ အငန်ဓာတ်ကလေးပါတယ်ဆိုပေမယ့် အချိုအရသာကို ပိုပေါ်လွင်စေတာမို့ တကယ့်ကို
နှစ်လိုဖွယ်ပါပဲ။

ချဉ်ငံစပ်ထိုင်းစတိုင် ကဏန်းသားသုပ်ကတော့ ပထမဆုံးအကြိမ် မှာစားဖြစ်တာပါ။ ဒါပေမဲ့ ကျွန်မ
စွဲသွားခဲ့ပါတယ်။

ကြော်ထားတဲ့ ကဏန်းပျော့အသားတွေကို ခရမ်းချဉ်သီး၊ ကြက်သွန်စိမ်း၊ ဆလတ်ရွက်တို့နဲ့
ရောသုပ် ထားတာပါ။

ပါးပါးလှီးတဲ့ ငရုတ်နီ ရောထည့်ထားတဲ့ သူ့ရဲ့ dressing ကတော့ ချို၊ ချဉ်၊ စပ်ပါ။ သုပ်ထားတာ
အစပ်အဟပ်တည့်လှတာမို့ ပထမဆုံး တစ်ဇွန်းမြည်းလိုက်ချိန်မှာ "အား..ကောင်းလိုက်တာ" လို့
အော်လိုက်မိပါတယ်။

သူ့ကိုစားရတာ ခံတွင်းလည်း မြိန်၊ ခံတွင်းလည်း ရှင်းသွားပါတယ်။ ၀

က်သားပိန်းဥဟင်းကတော့ အရသာကောင်းပေမယ့် တော်တော်လေးအီတာမို့ ဝေမျှစားဖို့
လူအင်အားတောင့်မှပဲ ဒီဟင်းကို မှာသင့်တယ်လို့ သင်ခန်းစာရလိုက်ပါတယ်။

သင်ခန်းစာရလိုက်တယ်ဆိုလို့ ဒီဟင်းပွဲနဲ့ ပတ်သက်ပြီး မကောင်းတဲ့ဘက်ကိုတော့ မတွေးစေချင်
ပါဘူး။

၀က်သားက လျှာပေါ်မှာ အရည်ပျော်မတတ် နူးအိချိုမြနေပြီး ပိန်းဥကလည်း ခပ်စေးစေးဆိုတော့
ဒီလိုဟင်းမျိုးက တစ်ဆုပ် တစ်လုပ်လောက်စားရရင်ကိုပဲ စိတ်ကျေနပ် စရာကောင်းနေပါပြီ။

ဒီဆိုင်နဲ့ပတ်သက်လို့ စိတ်ကျေနပ်စရာကောင်းတဲ့ နောက်ထပ်အချက်တစ်ခုကတော့ မီးဖိုခန်းကို
မှန်အကြည်တွေနဲ့ ကာထားတာမို့ စားဖိုမှူးတွေ ချက်ပြုတ်နေတာကို အပြင်ကနေ လှမ်းမြင်နေရတာ
ပါပဲ။

ဒီတော့ မီးဖိုချောင် သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်ကြမယ်လို့လည်း မျှော်လင့်လို့ရပါတယ်။

အဲဒီထဲမှာ အတွဲလိုက် အဆီတဝင်းဝင်းနဲ့ ချိတ်ဆွဲထားတဲ့ ဘဲကောင်လုံး၊ ကြက်ကောင်လုံးနဲ့
၀က်ကလေးကောင်လုံးတွေကို ခပ်ဝေးဝေးကနေ လှမ်းမြင်နိုင်ပြီး ကြက်ကင်၊ ဘဲကင်နဲ့
၀က်သားကင်တွေကတော့ ဒီဆိုင်မှာ အရသာတော်တော်လေး ကောင်းပါတယ်။

နေမကောင်းဖြစ်တုန်းက အမာစာတွေ မစားရတာမို့ မှာသောက်ဖြစ်ခဲ့တဲ့ ဆန်ပြုတ်ဟာလည်း
ရွေးချယ်ခွင့် မရှိလို့ သူ့ကိုစားရတယ်ဆိုတာ မေ့သွားလောက်အောင် တော်တော်လေးကောင်းပါ
တယ်။

သောက်စရာတွေကတော့ ဘာမှထူးထူးခြားခြား မရှိတာမို့ သိပ်စိတ်ဝင်စားဖို့ မကောင်းလှပါဘူး။

အချိုပွဲတွေမှာတော့ ထူးထူးဆန်းဆန်းလေးတွေ တွေ့ရပေမယ့် ဟင်းတွေစားပြီး ဗိုက်ပြည့်သွားတာမို့
တစ်ခါမှ မြည်းမကြည့်ဖူးသေးပါဘူး။

ဒါလည်းကောင်းတာပဲ.. နောက် တစ်ကြိမ်အတွက် ကြိုတွေးထားလို့ရတာပေါ့နော်။ အမြဲလိုလို
လူစည်နေတတ်ပေမယ့်လည်း မှာထားတာတွေကို အကြာကြီး မစောင့်ရတတ်တာကလည်း
ဒီဆိုင်နဲ့ပတ်သက်လို့ ကျွန်မ နှစ်သက်တဲ့ အချက်တစ်ချက်ပါပဲ။ ဒီဆိုင်ဟာ တရုတ်စာဆိုတာ
ခေါက်ဆွဲကြော်တစ်မျိုး တည်းရှိတာမဟုတ်ဘူးလို့ ကျွန်မကို အမြဲသတိရမိစေသလို တရုတ်
ဟင်းလျာတွေရဲ့ အနုစိတ်တဲ့ ဟင်းလျာအရည်အသွေးကိုလည်း အထင်ကြီးမိစေတာပါပဲ။

 
[