ဒီတစ်ပတ်မှာတော့ fish cake လို့ခေါ်တဲ့ အာလူးနဲ့ ငါးကိုရောပြီး ကက်သလိတ်ပုံစံမျိုး ကြော်စားပါ
မယ်။ သူ့ကို ငါးကြီးကြီး အသားတွေနဲ့ လုပ်စားလေ့ရှိပါတယ်။ ပြီးတော့ ဆယ်လ်မွန်ငါး (salmon)၊
အိုးရှင်းထရောက် (ocean trout) တို့လို ငါးမျိုးတွေနဲ့လည်း လုပ်စားလေ့ရှိပါတယ်။
ငါးကို ဟင်းခတ်အမွှေးအကြိုင်၊ အရွက်တွေနဲ့ရောကြိတ်၊ အာလူးနဲ့ရောပြီး အဝိုင်းလေးတွေလုပ်ကာ
ကြော်စားပါတယ်။
ထမင်းနဲ့စားလို့ရသလို အဆာပြေစားလည်း ရပါတယ်။ နောက်ပြီး သူ့ကို အသုပ်နဲ့လည်းတွဲစားပါ
တယ်။
ချိုချဉ်ငံစပ်အရသာနဲ့အတူ တွဲစားနိုင်ရင် ပိုကောင်းပါတယ်။
fish cake (သို့) အာလူးငါးကက်သလိတ်ကြော်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)
အာလူး ၂၀၀ ဂရမ် ငါးတန် (သို့) ငါးဘတ် ၂၅၀ ဂရမ်
ဟင်းသီးဟင်းရွက်ဆီ ၁/၃ ခွက်
ကြက်သွန်နီ အလတ် ၁ ဥ
ကြက်သွန်ဖြူ ၃ မွှာ
ဂျင်း (ခပ်နုပ်နုပ်ခြစ်ထားသော) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နံနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ပင်စိမ်းအရွက် ၁/၂ ခွက်
စပါးလင် ၂ ချောင်း
ငရုတ်သီးစိမ်း ၂ တောင့် (အစပ်မကြိုက်ရင် မထည့်ပါနဲ့)
ပြင်ဆင်ပုံ
ငါးကို ရေဆေးပြီး အလယ်ရိုးထုတ်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ နှစ်မြွှာ၊ ချင်း လက်ဖက်ရည်ဇွန်း
တစ်ဇွန်းနဲ့ နံနွင်းမှုန့်တို့ကို ဆီစားပွဲဇွန်းတစ်ဇွန်းနဲ့ ဆီသတ်ပြီးပြုတ်ပါ။
ငါးနူးတဲ့အခါ အရေခွံနဲ့ အရိုးများကို ထုတ်ပြီး အသားနွှင်ထားပါ။
အာလူးများကို ရေဆေးပြီး ပြုတ်ပါ။
နူးလာပြီဆိုရင် အအေးခံပြီး အခွံသင်ထားပါ။
ကျန်ပါ၀င်ပစ္စည်းများကို ကြိတ်စက်ထဲမှာထည့်ပြီး ကြိတ်ပါ။
ပြီးရင် ငါးပြုတ်နဲ့ အာလူးထည့်ပြီး သမအောင်ကြိတ်ပါ။
အရသာအတွက် ဆားကို သုံးပါ။
အားလုံးပြီးသွားပြီဆိုရင် လက်ပေါ်မှာ အဝိုင်းပြားလေးတွေလုပ်ပြီး ပန်းကန်ပြား (သို့) ဗန်းထဲမှာ
ထည့်ကာ ပလတ်စတစ်အကြည်အုပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ထည့်ထားပါ။
အဝိုင်ပြားများလုပ်ရာမှာ မထူမပါးနဲ့ လက်တစ်လုံးစာ အမြင့်လောက်သာ လုပ်ပါ။
၆-၇ စင်တီမီတာအဝိုင်းလောက်ဆိုရင်တော်ပါပြီ။
အဆင်သင့်ဖြစ်ပြီဆိုရင် မတူးနိုင်တဲ့ ဒယ်ပြားထဲမှာ ဆီထည့်ပြီး မီးမပြင်းတပြင်းနဲ့ ဆီပူအောင်
တည်ပြီး ကြော်ပါ။
ကြော်နေစဉ်မှာ တစ်ဖက်သို့ လှန်ပေးပါ။
အပေါ်ယံအသားများ ရွှေအိုရောင်ပြောင်းလာပြီဆိုလျှင် နောက်တစ်ဖက်ကို လှန်လို့ ရပါပြီ။
အတွင်းပိုင်းထဲထိ ကျက်ပြီဆိုရင် ဆယ်ယူပြီး မီးဖိုချောင် သုံးတစ်ရှူးစက္ကူပေါ်မှာတင်ပြီး ဆီစစ်ပါ။
Sweet and chili sauce နဲ့တွဲပြီး စားပါ။
ထမင်းနဲ့လည်း တွဲစားလို့ရပါတယ်။
ကန်စွန်းရွက်သုပ်
ပါ၀င်ပစ္စည်း
(၄ ယောက်စာ)
ကန်စွန်းရွက်
ကြက်သွန်နီ ၂ ဥ
သံပုရာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ
ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း ၁ ဇွန်းခွဲ
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူကြော် စားပွဲဇွန်း ၁ ဇွန်းခွဲ
ဆန်လှော်မှုန့် စားပွဲဇွန်း ၁ ဇွန်း
ပုစွန်ခြောက် စားပွဲဇွန်း ၁ ဇွန်း
ပြင်ဆင်ပုံ
ကန်စွန်းရွက်များကို ရေဆေးပြီး အနုလေးများကို ဆိတ်ထားပါ။
ကြက်သွန်နီကိုပါးပါးလှီးကာ ရေဆေးပြီး စစ်ထားပါ။
နောက် အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆား စားပွဲဇွန်းတစ်ဇွန်း ထည့်ကာ ရေနွေးအိုးတည်ပါ။
ရေနွေးပွက်ပြီဆိုရင် ကန်စွန်းရွက်များကို ထည့်ပြီး ၃-၄ မိနစ်လောက် စိမ်ထားပါ။
နောက်တစ်ဆင့်မှာတော့ ကန်စွန်းရွက်များကို ဆယ်ယူပြီး ရေခဲများထည့်ထားတဲ့ ရေအေးခွက်ထဲမှာ
ထည့်စိမ်ပါ။
ပြီးရင် အားလုံးကို ရေစင်အောင်စစ်ထားပါ။
နောက် အနေတော်လှီးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် အားလုံးကို ဇလုံတစ်ခုထဲမှာ ထည့်ပြီး သုပ်ပါ။
အစပ်ကြိုက်သူများ ငရုတ်သီးစိမ်း ထည့်စားနိုင်ပါတယ်။
