အကောင်းဆုံးဟင်းပွဲတွေနဲ့ မမေ့နိုင်စရာ Spice Brasserie က ဘူဖေးပွဲညစာ

Spice Brasserie စားသောက်ဆိုင်မှ ၀န်ထမ်းတစ်ဦး။ ဘူးသီး/မြန်မာတိုင်း(မ်)
Spice Brasserie စားသောက်ဆိုင်မှ ၀န်ထမ်းတစ်ဦး။ ဘူးသီး/မြန်မာတိုင်း(မ်)

အကောင်းဆုံးဟင်းပွဲတွေနဲ့ မမေ့နိုင်စရာ Spice Brasserie က ဘူဖေးပွဲညစာ

ပါ့ခ်ရွိုင်ရယ်ဟိုတယ်က ပြင်ဆင်မွမ်းမံပြီး အသစ်ပြန်ဖွင့်လိုက်တဲ့ Spice Brasserie စားသောက်ဆိုင်
ကတော့ သူ့ရဲ့ ဘူဖေးညစာနဲ့ ဆိုင်အောင်မြင်မှု ရရှိရေးအတွက် ရည်မှန်းချက်ကြီးကြီးထားပြီး
ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာ ကျွန်မ ညစာသွားစားဖြစ်တဲ့အခါ စားသောက်ဆိုင်ထဲမှာ စားသုံးသူတွေနဲ့
ပြည့်နှက်နေတာကို တွေ့ရတာကြောင့် ဒီဆိုင်လေး အောင်မြင်မှုရနေတာကို ဒီအချက်က ဖော်ပြ
နေပါတယ်။

ဒီဆိုင်မှာ နေ့စဉ် ဘူဖေးညစာရနိုင်ပြီး ပင်လယ်စာ၊ အကင်မျိုးစုံနဲ့ အိန္ဒိယအစားအစာတွေအပါအဝင်
အစားအသောက်တွေကို တစ်ညတစ်မျိုး မရိုးအောင် စီစဉ်ပေးထားပါတယ်။

ကျွန်မတို့ သွားစားဖြစ်တဲ့ ညမှာတော့ မြန်မာအစားအစာတွေကို အဓိက ဦးစားပေး စီစဉ်ပေးထား
တာနဲ့ ကြံုခဲ့ရပါတယ်။

၀ိုင်တစ်ခွက်၊ ဘီယာ (သို့) အအေးတစ်ခွက် အပါအဝင် ဘူဖေးညစာ တစ်ယောက်စာကို
အမေရိကန် ၃၈ ဒေါ်လာ သတ်မှတ်ပေးထားပါတယ်။

မြန်မာအစားအစာကို မြည်းစမ်းကြည့်ချင်သူ နိုင်ငံခြားသားတွေအတွက် စီစဉ်ပေးထားတဲ့ ဟင်းပွဲ
တွေကတော့ လမ်းဘေးစားသောက်ဆိုင်တွေမှာလို အချိုမှုန့်တွေ အများကြီး ထည့်ထားပြီး ဆီတွေ
အိနေတဲ့ ဟင်းတွေလိုမဟုတ်ဘဲ အရည်အသွေးကောင်း မြန်မာအစားအစာတွေပါ။

ဆိုင်ရဲ့ အခင်းအကျင်းကတော့ သီးသန့်စားဝိုင်းတွေ စီစဉ်ပေးထားသလို အုပ်စုလိုက်စားဝိုင်းတွေ
လည်း ရှိပါတယ်။

အစားအစာတွေကို အသုပ်ပွဲ၊ အချိုပွဲနဲ့ အပူစာ၊ ဒင်းမ်ဆမ်း၊ ဆူရှီနဲ့ ဆာရှိမိ၊ ဘာဘီကျူးအကင်တွေနဲ့
အကြော်အလှော်တွေကို နေရာသုံးနေရာမှာ အစီအရီ အသေးစိတ်ပြင်ဆင်ပေးထားပါတယ်။

မြန်မာအစားအစာ အဓိကဘူဖေးပွဲတွေမှာ ရိုးရာအစဉ်အလာ အသုပ်ပွဲတွေ၊ ခရမ်းချဉ်သီးသုပ်၊
မြင်းခွာရွက်သုပ်နဲ့ ခရမ်းသီးသုပ် စတဲ့ မြန်မာအသုပ်ပွဲတွေလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းအစားအစာတွေ၊ မြန်မာဟင်းတွေနဲ့ ဟင်းချိုတွေကိုလည်း ဘူဖေးမှာ ရပါတယ်။

ဒီအစားအစာတွေအားလုံးကို နိုင်ငံတကာအဆင့်မီ သင်ကြားထားတဲ့ ပြည်တွင်းပြည်ပက စားဖိုမှူး
တွေက ၀ိုင်းဝန်းစီစဉ် ချက်ပြုတ်ပေးထားတာပါ။

ဒီဆိုင်မှာ အသုံးပြုတဲ့ အသားတွေနဲ့ သီးနှံထွက်ကုန်အများစုဟာ နိုင်ငံရပ်ခြားက တင်သွင်းလာတာ
ဖြစ်ပြီး ပင်လယ်စာတွေဆို နေ့စဉ် လတ်လတ်ဆတ်ဆတ် တင်သွင်းလာတာတွေလို့ သိရပါတယ်။

တင်သွင်းလာတဲ့ အသားတွေ နဲ့ ပင်လယ်စာတွေရဲ့ အရည်အသွေးက ကောင်းတဲ့အတွက်
အကင်တွေနဲ့ အကြော်အလှော်ပွဲတွေကတော့ အသားကြိုက်တတ် သူတွေအတွက် စိတ်ဝင်စားစရာ
ဖြစ်နေမှာပါ။

အရည်ရွှမ်းတဲ့ သိုးသား၊ လတ်လတ်ဆတ်ဆတ် ပြည်ကြီးငါးနဲ့ နူးအိတဲ့ အမဲသားကင် စတာတွေ
ကတော့ ကြိုက်ရာရွေးယူ စားသုံးနိုင်အောင် ခင်းကျင်းပေးထားတဲ့ အပူအအေး စားမြိန်ဟင်းပွဲစုံ
ကြားမှာ စားဖိုမှူးတွေက အကင်ပွဲအတွက် ရွေးချယ်စီစဉ်ပေးထားတဲ့ အမယ်တွေပါ။

အီတလီဝိုင်ဖြူ chardonnay နဲ့ ၀ိုင်နီ montepulciano ကတော့ သိပ်လည်း မပြင်းသလို
အညံ့စား ၀ိုင်တွေလည်း မဟုတ်တဲ့အပြင် ဘူဖေးပွဲ တော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။

အချိုပွဲအနေနဲ့ ပြောရရင်တော့ အချိုကြိုက်တဲ့သူတွေအတွက် နည်းနည်း စိတ်ပျက်စရာ ဖြစ်ကောင်း
ဖြစ်သွားနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အချိုပွဲအများစုဟာ အိန္ဒိယမူရင်း အချိုပွဲတွေပဲ ဖြစ်နေလို့ပါ။

ဒါပေမဲ့ အရမ်းကောင်းတဲ့ macaroon ဘီစကွတ်နဲ့ ဈေးအရမ်းကြီးတဲ့ ချိစ်ပြားတွေတော့ ရပါတယ်။

အစားအစာအသစ်တွေ မြည်းစမ်းကြည့်ချင်သူတွေကတော့ ဘူဖေးပွဲမှာ ခင်းကျင်းပေးထားတဲ့
အချိုပွဲအမျိုးမျိုးကို ကျေနပ်နေမှာ ဖြစ်သလို အချိုပွဲမှာ ချောကလက်ကိတ်နဲ့ ရေခဲမုန့်ကို
ဖယ်ထုတ်ထားရဲတဲ့ မီနူးစီစဉ်သူရဲ့ သတ္တိကိုလည်း ကျေးဇူးတင်နေကြမှာကတော့ သေချာပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

 
[