အိမ်အပြောင်းအရွှေ့နဲ့ ဒီရက်တွေမှာ ဟင်းချက်ဖို့ အဆင်မပြေတာရယ်၊ မပြောင်းရွှေ့ခင်
ရေခဲသေတ္တာထဲက ပစ္စည်းတွေကို မသယ်ရအောင် ရှင်းချင်တာနဲ့ ရှိတာတွေကို အကုန်ထုတ်ပြီး
ချက်ဖြစ်နေပါတယ်။
အမှန်တိုင်းပြောရရင်တော့ ရှင်းလင်းရေး လုပ်နေတာပေါ့။ နောက်ပြီး ချက်ဖို့ ပြုတ်ဖို့ မလွယ်တာ
လည်း ပါတယ်။ ပစ္စည်းတွေကလည်း သိမ်းရဦးမယ်။ အိမ်ကလည်း ရှင်းရဦးမယ်ဆိုတော့ အမြန်ဆုံး
ချက်လို့ရမယ့် ဟင်းတွေကို လက်လှမ်းသင့်ရာ စမ်းချက်ကြည့်ဖြစ်တာပေါ့။
တစ်ရက်က ကြက်ကင်တွေ ၀ယ်စားရင် ပိုနေတာလေးတွေကို နောက်နေ့မှာ စားဖို့ဆိုပြီး
ရေခဲသေတ္တာထဲမှာ သိမ်းထားလိုက်မိတယ်။
နောက်နေ့ကျတော့လည်း ကြက်ကင်သက်သက်ကို ထပ်မစားချင်တော့တာနဲ့ အအေးခန်းထဲ
သိမ်းထားတဲ့ ပဲစိမ်းလုံးတွေနဲ့ stir fry လို ကြော်ချက်လေး ချက်စားဖြစ်တာကို မျှဝေပေးလိုက်ပါ
တယ်နော်။
ကြက်သားကင်နဲ့ ငရုတ်ကောင်း၊ ပဲစိမ်းလုံးကြော်ချက်
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ကြက်သားကင် ၃ ခု
ကြက်သွန်နီ ၂ ဥ
ချင်း ၁ လက်မပတ်လည် ၁ တုံး
Kikoman ပဲငံပြာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းအနက်စေ့ စားပွဲဇွန်း ၂ ဇွန်း
တရုတ်မဆလာ (သို့) Chinese five spice powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခဲထားသော ပဲစိမ်းလုံး ၁ ခွက်
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
ပြင်ဆင်ပုံ
ကြက်ကင်တွေကို စားလို့လွယ်မယ့် အနေတော် အတုံးလေးတွေ တုံးပါ။
ကြက်သွန်နီကို အခွံသင်ပြီး ခပ်ကြမ်းကြမ်းလေး လှီးကာ ထားပါ။
နောက် ဒယ်အိုးထဲမှာ ဟင်းသီးဟင်းရွက်ဆီထည့်ပြီး ဆီပူအောင် မီးမပြင်းတပြင်းနဲ့ တည်ပါ။
ဆီပူလျှင် ကြက်သွန်နီတွေကို ထည့်ကြော်ပါ။
ကြက်သွန်တွေ အရောင်ပြောင်းလာပြီဆိုလျှင် ငရုတ်ကောင်း အနက်စေ့တွေနဲ့ ချင်းပြားလေးတွေကို
ထည့်ကာ တစ်မိနစ်လောက် ဆက်ကြော်ပါ။
ပြီးလျှင် ကြက်သားနဲ့ ခဲထားတဲ့ ပဲစိမ်းလုံးများကို ထည့်ပြီးကြော်ပါ။
နောက် ပဲငံပြာရည် ထည့်ကာ နှံ့အောင်မွှေပြီး အဖုံးအုပ်ကာ ပဲစိမ်းလုံးများ နူးသည်အထိ တည်ပါ။
ငါးမိနစ်လောက်ဆိုရင် ရပါပြီ။
ထမင်းဖြူနဲ့ဖြစ်ဖြစ်၊ ထမင်းကြော်နဲ့ဖြစ်ဖြစ် တွဲဖက်ပြီး စားလို့ကောင်းပါတယ်။

ကြက်ခြေထောက်ချိုချဉ်ကြော်
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ကြက်ခြေထောက် ၁ ထုပ်
ကြက်သွန်နီ ၂ ဥ
ခရမ်းချဉ်သီး ၂ လုံး
ငရုတ်ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
ခရမ်းချဉ်သီးဆော့စ် စားပွဲဇွန်း ၁ ဇွန်းခွဲ
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
ပြင်ဆင်ပုံ
ကြက်ခြေထောက်ကို ရေနွေးဆူဆူထဲမှာ ၅-၆ မိနစ်လောက် ပြုတ်ပါတယ်။
နောက်ပြီး နှစ်ပိုင်းစီလောက် ဖြတ်ပါတယ်။
ကြက်သွန်နီကို အခွံသင်ပြီး ခပ်ကြမ်းကြမ်းလေး လှီးထားပါ။
ခရမ်းချဉ်သီးကိုလည်း ရှစ်စိတ်လောက် စိတ်ပါ။
နောက် ဒယ်အိုးထဲမှာ ဟင်းသီးဟင်းရွက်ဆီကို ထည့်ကာ ဆီပူအောင် မီးမပြင်းတပြင်းနဲ့ တည်ပါ။
ဆီပူလျှင် ကြက်သွန်နီတွေကို ထည့်ကြော်ပါ။
ကြက်သွန်တွေ အရောင်ပြောင်းလာပြီဆိုလျှင် ခရမ်းချဉ်သီးများကို ထည့်ကြော်ပါ။
သုံးမိနစ်လောက် ကြော်ပါ။
ငရုတ်ဆီနဲ့ ခရမ်းချဉ်သီးဆော့စ်တို့ကို ရေ ၁/၂ ခွက်တွင် ထည့်ပြီးမွှေပါ။
ပြီးလျှင် အဖုံးအုပ်ပြီး ၄-၅ မိနစ်လောက်ထားကာ နှပ်ပြီး ဟင်းအိုးကို ချပါ။
ထမင်းဖြူနဲ့ဖြစ်ဖြစ်၊ ထမင်းကြော်နဲ့ဖြစ်ဖြစ် တွဲဖက်ပြီး စားလို့ကောင်းပါတယ်။
