ဆိုင်အပြင်အဆင် ထူးခြားမှုနဲ့ လတ်တလော နာမည်ကြီးနေတဲ့ မန္တလေးမြို့က ဒေါင်းလန်းကြီး မြန်မာ့ရိုးရာစားသောက်ဆိုင်

ဒေါင်းလန်းကြီးမှ ပွဲတော်စာ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)
ဒေါင်းလန်းကြီးမှ ပွဲတော်စာ။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

ဆိုင်အပြင်အဆင် ထူးခြားမှုနဲ့ လတ်တလော နာမည်ကြီးနေတဲ့ မန္တလေးမြို့က ဒေါင်းလန်းကြီး မြန်မာ့ရိုးရာစားသောက်ဆိုင်

ပွဲတော်စာ - ကျပ် ၁၅,၀၀၀
နာနတ်သီးဖျော်ရည် - ကျပ် ၈၀၀
မုန့်ဆန်း၊ ထန်းသီးမုန့် - ကျပ် ၅၀၀
(တစ်ပွဲလျှင်)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက ၃၃ နဲ့ ၃၄ လမ်းကြားမှာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ပထမ
သီတင်းပတ်ကနေ စဖွင့်လိုက်တဲ့ ဒေါင်းလန်းကြီး မြန်မာ့ရိုးရာအသုပ်မျိုးစုံနဲ့ သဘာဝသစ်သီး
ဖျော်ရည်ဆိုင်ဟာ မန္တလေးမှာ ရှိနေသူတွေ မရောက်ဖူးရင်ပဲ ခေတ်မမီတဲ့ အတိုင်းကို နာမည်ကြီး
နေတာမို့ ဆိုင်သစ်ဆိုရင် စိတ်ဝင်စားတတ်တဲ့ ဒေသခံတွေရဲ့ ဓလေ့ကြောင့်လား၊ ဆိုင်ရဲ့ကောင်းမွန်တဲ့
၀န်ဆောင်မှုနဲ့ အရသာတွေကြောင့်ပဲလားလို့ ဆိုပြီး ရန်ကုန်သူစာရေးသူကို အထူးစိတ်ဝင်စားစေခဲ့ပါ
တယ်။

ဒါကြောင့်လည်း ဒေါင်းလန်းကြီးဆိုင်ကို မဖြစ်မနေ တစ်ခေါက် သွားဖြစ်ခဲ့ပါတယ်။ ဆိုင်ရဲ့အဝင်ဝ
သစ်လုံးတိုင်ကန့်လန့်ဖြတ်ပေါ် မှာ 'ဒေါင်းလန်းကြီးဆိုင်'ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားပြီး
အထဲကို မဝင်ခင်ကတည်းက သစ်စေးသုတ်ဝါးကုလားထိုင်တွေ၊ ကြိမ်ထိုင်ခုံတွေနဲ့ လူခပ်စည်စည်
အနေအထားကို အပြင်ကနေ လှမ်းမြင်နိုင်ပါတယ်။

အစားအစာချက်ပြုတ်တဲ့ ကောင်တာကို ဆိုင်အလယ်လောက်မှာထားပြီး ကြိမ်စားပွဲ၊ ထိုင်ခုံတွေနဲ့
မထိုင်ချင်သူတွေအတွက်တော့ ၀ါး၊ သက်ကယ်တို့နဲ့ ဆောက်လုပ်ထားတဲ့ လေးခန်းတွဲတစ်ဆောင်
တည်းမှာ ၀ိုင်းဖွဲ့စားသောက်နိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီလိုမှ မဟုတ်ပဲ ဆိုင်အတွင်းဘက်ကို ဆက်ဝင်လာ မယ်ဆိုရင်လည်း ကြိမ်စားပွဲဝိုင်းတွေအပြင်
သီးသန့်အခန်းတွေကိုလည်း တွေ့မြင်နိုင်မှာပါ။

ဆိုင်တစ်ခုလုံး သစ်လုံး၊ ၀ါး၊ ကြိမ်၊ သက်ကယ်စတာတွေနဲ့ ပြင်ဆင်ဖွဲ့စည်းထား ပြီး ယပ်တောင်၊
ပန်းချီကားတွေနဲ့ပါ အလှဆင်ထားတော့ လိုတာထက် ပိုနေသလိုဖြစ်ပြီး စာရေးသူကတော့
နည်းနည်းရှုတ်ရှက်ခတ်တယ်လို့ မြင်ပါတယ်။

စားပွဲဝိုင်းတစ်ဝိုင်းနဲ့တစ်ဝိုင်း အကွာအဝေးကလည်း နီးကပ်လွန်းတာမို့ ဆိုင်ထဲမှာ လူကျပ်တဲ့ခံစားမှု
အပြင် မြန်မာ့ရိုးရာတူရိယာ စောင်း၊ တယော၊ ပတ္တလားစတဲ့ သံစဉ်တွေကို ဖွင့်ပေးထားတဲ့အတွက်
စားသောက်သူတွေနဲ့ စည်ကားနေတဲ့အချိန်မှာ စကားပြောသံတွေနဲ့ရောနေတာမို့ သံစဉ်ကိုလည်း
ကောင်းကောင်း မကြားရတော့ပါဘူး။

စားစရာကိုတော့ ဒီဆိုင်က နာမည်ကြီးနေတဲ့ ပွဲတော်စာကို မှာလိုက်ပြီး သိပ်မကြာခင် အချိန်အတွင်း
မှာပဲ ဆိတ်သားခြောက်ဖုတ်၊ ငါးရံ့ခြောက်ဖုတ်၊ ငါးသလဲထိုးကြော်၊ ပုစွန်ကြော်၊ အညာအရွက်စုံ
ဟင်းချို၊ အညာပဲကြားကြော်၊ ဇီးဖြူသီးထောင်း ယွန်းဟင်းခွက်တွေကို ဒေါင်းလန်းအကြီးကြီးထဲမှာ
ထည့်ပြီးရောက်လာပါပြီ။

နောက် အရွက်သုပ် ငါးမျိုးဖြစ်တဲ့ သခွပ်ပွင့်သုပ်၊ ကြောင်လျှာပွင့်သုပ်၊ ငါးရံ့ပလူရွက်သုပ်၊ မြင်းခွာရွက်
သုပ်၊ ကျောက်ပွင့်သုပ် တို့ကိုလည်း ယွန်းခွက်လေးတွေနဲ့ ဒေါင်းလန်းကြီးထဲမှာ ဖြည့်စွက်ထားပါ
သေးတယ်။

ထမင်း တစ်အုပ်အပါအဝင် ဒီဒေါင်းလန်း တစ်ခုစာကို ကျပ် ၁၅,၀၀၀ သတ်မှတ်ထားပြီး လူခြောက်
ယောက်စာ စားသုံးနိုင်ပါတယ်။

အရသာ ကောင်းမွန်လို့ ခံတွင်းတွေ့ပေမယ့်လည်း အသီးအရွက်တွေချည်း များနေတာမို့ ဆီပြန်၊
ဒါမှမဟုတ် တောဟင်း (အသားဟင်း)လေး တစ်ခွက်လောက် ပါရင်တော့ ပိုအဆင်ပြေမယ်လို့
တောင့်တမိပါတယ်။

ထမင်းစားပြီးချိန်မှာ အချိုပွဲကိုလည်း မြန်မာရိုးရာ မုန့်တွေချည်းရတာမို့ မုန့်ဆန်းနဲ့ ထန်းသီးမုန့်ကို
မှာလိုက်တော့လည်း ခဏအတွင်း ရောက်လာတာပါပဲ။

အုန်းသီးနုနုနိုင်နိုင်နဲ့ မုန့်ဆန်းက အရသာကောင်းပေမယ့်လည်း ထန်းသီးမုန့်ကတော့ မှန်းချက်နဲ့
မကိုက်လှပါဘူး။

အပေါ်ယံကြောတင်းနေတဲ့ ခပ်မာမာ ထန်းသီးမုန့်ဖြူဖြူက သကြားရည်တွေ ဆမ်းထားတော့
ချိုတောင့်တောင့်ကြီး ဖြစ်နေပါတယ်။

ဖျော်ရည်ကိုတော့ နာနတ်သီး လက်ဖျော်ပဲမှာလိုက်ပြီး အဆင်ပြေတာမို့ နာမည်ကျော်
ဒေါင်းလန်းကြီးရဲ့ နေ့လယ်စာတစ်နပ်က အချိုပွဲကလွဲရင် အားလုံးအဆင်ပြေပြေ ပြီးဆုံးခဲ့ပါတယ်။

နေရာလပ်မရှိတတ်တဲ့ ဒီဆိုင်မှာ မနက်ပိုင်းဆိုရင်လည်း ကြက်သားပလာတာ အပါအဝင်
အစားအစာကောင်းကောင်းတွေ ရှိတတ်ပေမယ့် မနက် ၆ နာရီကနေ ၉ နာရီ ၀န်းကျင်အထိပဲ
ရနိုင်မှာမို့ ၀ီရိယရှိဖို့လည်း လိုအပ်တဲ့အကြောင်း နေ့လယ်စာတစ်နပ်ကို လူခပ်ကျပ်ကျပ်နဲ့စားရတဲ့
အတွေ့အကြံုအရ သိခဲ့ရပါတော့တယ်။

 
[