ဒီတစ်ပတ်လည်း ကြက်သားကိုပဲ ဆက်ပြီးချက်မိရက်သားဖြစ်သွားတယ်။ နောက်လွယ်လွယ်ကူကူ
ပန်းဂေါ်ဖီကို နွေးနွေးလေး သုပ်ထားပါတယ်။ ဆောင်းတွင်းဆိုတော့ ဂေါ်ဖီပန်းပွင့်တွေကလည်း
လတ်ဆတ်ပြီးလှနေတော့ အပြင်အဆင်လည်းလွယ်ကူပါတယ်။
သက်သတ်လွတ် စားသူတွေအတွက်တော့ အသားမထည့်ဘဲသုပ်စားလို့ရပါတယ်။
အိန္ဒိယစတိုင် ပန်းဂေါ်ဖီဟင်းတွေကို အတုယူပြီး ခပ်နွေးနွေးလေးသုပ်စားရတဲ့ အသုပ်မျိုးကို
ချက်ထားပါတယ်။
ကြက်သားကင်နှင့် ပန်းဂေါ်ဖီကင်သုပ်
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ပန်းဂေါ်ဖီ ၄၅၀ - ၅၀၀ ဂရမ်ခန့်
ကုလားပဲလုံး (chickpea) ၂ ဘူး
သံလွင်ဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
သံပရိုသီး အရည်စားပွဲဇွန်း ၁ ဇွန်းခွဲ/၂ ဇွန်း နဲ့ သံပရိုသီးအခွံ (၁ လုံးစာ ပါးပါးလေးခြစ်ထည့်ရန်)
ကြက်သွန်နီအကြီး ၁ လုံး
နံနံပင် လက်တစ်ဆုပ်စာခန့်
ငရုတ်သီးစိမ်း ၂ တောင့် (အစပ်ကြိုက်တတ်သူများအတွက်)
ကြက်သားအတွက် ကြက်ရင်ပုံ ၂ ခု (၅၀၀ ဂရမ်)
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းအနက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်း
ပြင်ဆင်ပုံ
ကုလားပဲလုံးဘူးကို ဖောက်ကာ ရေသန့်လေးနဲ့ ဖွားဖွားလေးဆေးပြီး ရေစစ်ထားပါ။
ကြက်သွန်နီကို အခွံသင်ပြီး ပါးပါးလေးလှီးကာ ရေစိမ်ထားပါ။
ငါးမိနစ်လောက်နေရင် ရေဆေးပြီး ရေပြောင်အောင်ညှစ်ကာ စစ်ထားပါ။
ပန်းဂေါ်ဖီများကိုလည်း ရေဆေးကာ ရေစင်အောင် စစ်ထားပါ။
နောက် ခပ်ကြီးကြီးလေးလှီးကာ ၀ါးတံမှာ သီပါ။
ကြက်သားကိုရေဆေးပြီးရင် ရေစင်အောင် စစ်ထားပါ။
ပြီးရင် ကြက်သားတွေကို ခပ်ပါးပါးလှီးကာ ဆား၊ ငရုတ်ကောင်း၊ နံနံစေ့မှုန်တို့နဲ့နယ်ကာ အနည်းဆုံး
တစ်နာရီကျော်မျှ နှပ်ထားပါ။
ပဲတွေကို သံလွင်ဆီ၊ သံပရိုသီး အခွံမှုန်လေးများနဲ့နှပ်ထားပါ။
ကြက်သားကို ဆီဆွတ်ပြီး မီးမပြင်းတပြင်းဖြင့် ကင်ပါ။
ကင်နေစဉ်အတွင်း အထက်အောက်လှန်ပေးပါ။
အသားများအထဲထိ ကျက်ပြီဆိုရင် မီးဖိုမှချကာ အအေးခံပါ။
နောက် မီးမပြင်းတပြင်းနဲ့ ပန်းဂေါ်ဖီတွေကို ကင်ပါ။
ပန်းဂေါ်ဖီတွေ နူးအိလာပြီဆိုရင် အအေးခံပါ။
အားလုံးနွေးနွေးလေး ရှိပြီဆိုရင် ပဲပန်းကန်ထဲမှာ ကြက်သား၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီနဲ့ နံနံပင်တွေကို
အားလုံးထည့်ကာ သံပရိုရည် ညှစ်ပြီး သုပ်ပါ။
အရသာအတွက် ဆားကိုသုံးပါ။ အချဉ်ကြိုက်တတ်ရင် သံပရိုသီးကို ပိုထည့်နိုင်ပါတယ်။
ထမင်း (ဒါမှမဟုတ်) အသုပ်အနေနဲ့ စားသုံးနိုင်ပါတယ်။
ပန်းဂေါ်ဖီသုပ်
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ပန်းဂေါ်ဖီ ၄၅၀ - ၅၀၀ ဂရမ်ခန့်
သံလွင်ဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
သံပရိုသီး အရည် စားပွဲဇွန်း ၁ ဇွန်းခွဲ/၂ ဇွန်း
ကြက်သွန်နီအကြီး ၁ လုံး
မုန်ညင်းစေ့အနက် စားပွဲဇွန်း ၁ ဇွန်း
နံနွင်း ၂ တို့စာ
ဆား
ပြင်ဆင်ပုံ
ကြက်သွန်နီကိုအခွံသင်ပြီး ပါးပါးလေးလှီးကာ ရေစိမ်ထားပါ။
ငါးမိနစ်လောက်နေရင် ရေဆေးပြီး ရေပြောင်အောင်ညှစ်ကာ စစ်ထားပါ။
ပန်းဂေါ်ဖီတွေကိုလည်း ရေဆေးပါ။
နောက် အနေတော်အရွယ်လေးများလှီးထားပါ။ ပန်းဂေါ်ဖီတွေကိုပြုတ်ဖို့ ရေနွေးတစ်အိုးတည်ပါ။
နောက် ဆားတစ်ဇွန်းထည့်ကာ ပွက်ပွက်ဆူပါစေ။
ရေနွေးစ ပွက်ပြီဆိုရင် မီးကိုလျှော့ပြီး မီးမပြင်းတပြင်းနဲ့ ပန်းဂေါ်ဖီတွေကို နူးလာအောင် ပြုတ်ပါ။
နူးပြီဆိုရင် ရေခဲရေထဲမှာစိမ်ပြီး ရေစစ်ပါ။
နောက် ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုထည့်ကာ နနွင်းကို ဆီသတ်ပါ။
နောက် မုန်ညင်းစေ့တွေကိုထည့်ပြီး တစ်မိနစ်နီးပါးမျှ ကြော်ပါ။
ပန်းဂေါ်ဖီတွေကို ထည့်ပြီးလုံးပါ။
နှံ့ပြီဆိုရင် ကြက်သွန်နီ၊ သံပရိုသီး အရည်နဲ့ ဆားတို့ကို ထည့်သုပ်ပါ။
နံနံပင်တွေကို အားလုံးထည့်ကာ သံပရိုရည်ညှစ်ပြီး သုပ်ပါ။
အရသာအတွက် ဆားကို သုံးပါ။
အချဉ်ကြိုက်တတ်ရင် သံပရိုသီးကို ပိုထည့်နိုင်ပါတယ်။
ထမင်း (ဒါမှမဟုတ်) အသုပ်အနေနဲ့ စားသုံးနိုင်ပါတယ်။
