ငွေဆောင်လာ ဧည့်သည်တွေကို ကျေနပ်နှစ်သက်စေမယ့် ဂျပန်စားသောက်ဆိုင်

ငွေဆောင်လာ ဧည့်သည်တွေကို ကျေနပ်နှစ်သက်စေမယ့် ဂျပန်စားသောက်ဆိုင်

ငွေဆောင်မှာရတဲ့ စိတ်ကျေနပ်နှစ်သက်စရာတွေထဲမှာ အပန်းဖြေနားနေအိမ်လေးတွေနဲ့ တွဲဖက်ကာ
ကမ်းခြေကိုမျက်နှာမူပြီး ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်
တွေ စားခွင့်ရတာကလည်း အခွင့်အရေးထူး တစ်ခုပါပဲ။

ဒါပေမဲ့ သုံးလေးရက်လောက် ကြာတဲ့အခါ ဒီစားသောက်ဆိုင်တွေအားလုံးက အစားအစာစာရင်း
တွေက အတူတူပဲဖြစ်နေတာကို သတိထားမိတဲ့ အချိန်မှာတော့ အပြောင်းအလဲ တစ်ခုခုကို
တောင့်တတတ်ကြဖွယ်ရာရှိပါတယ်။

အဲဒီလိုဖြစ်နေပြီဆိုရင်တော့ Ume Cafe ကိုသာ သွားပါလို့ ကျွန်မ အကြံပေးချင်ပါတယ်။

မြို့ပြင်လမ်းမှာရှိတဲ့ ဒီဆိုင်လေးဟာ ယမုံနာဦးနဲ့ Silver View ဟိုတယ်တွေရဲ့ မျက်နှာချင်းဆိုင်ဘက်
မှာ ရှိပါတယ်။

သဲတောင်ကုန်းလေးထိပ်က အုန်းပင်တွေကြားနဲ့ ဥယျာဉ် တစ်ခုအတွင်းမှာ ခင်းကျင်းပေးထားတဲ့
စားပွဲ ၀ိုင်းတွေကတော့ လဟာပြင်ထဲမှာ စားသောက်ရတာကို နှစ်သက်တဲ့သူတွေအတွက်ပါ။

ညဘက်ကျရင်တော့ ဒီနေရာလေးဟာ မီးအိမ်တွေ၊ အလှဆင်မီးတွေနဲ့ ချစ်စရာကောင်းနေပါတယ်။

၇ နာရီခွဲလောက်ဆိုရင် မီးနဲ့ အကအလှပြတဲ့ ဒေသခံသူတစ်ဦးက သူ့ရဲ့ကကွက်တွေကို ညတိုင်း
ဖျော်ဖြေပေးတတ်တဲ့အတွက် မနက် ၁၁ နာရီကနေ ၃ နာရီအတွင်းမှာဆိုရင် ၂၀ ရာခိုင်နှုန်း
ဈေးလျှော့ပေးတဲ့ အစီအစဉ်ရှိတယ်ဆိုပေမယ့် ညနေခင်းအချိန်ကတော့ အဲဒီဆိုင်ကိုသွားဖို့
တကယ့်ကိုကောင်းတဲ့ အချိန်ပါပဲ။

အစားအစာတွေ စားရင်း ကိုယ်ထိုင်နေတဲ့ စားပွဲဝိုင်းကနေ ထိုင်ကြည့်လို့ရသလို ဇိမ်ကျလှတဲ့ ကြိမ်ခုံ
တစ်လုံးမှာ ယမကာတစ်ခွက်ကို ဇိမ်ကျကျသောက်ရင်းနဲ့လည်း ကကွက်တွေကို ကြည့်ရှုခံစားလို့
ရပါသေးတယ်။

ဒီလိုဖျော်ဖြေတင်ဆက်မှု ပြီးသွားပြီဆိုရင်လည်း အဲဒီမှာ ဆက်ထိုင်ရတာတန်ပါတယ်။

ကျွန်မတို့ ရောက်သွားတဲ့ညတွေမှာတော့ ဟစ်ပ်ဟော့ကအစ ဂျက်ဇ်နဲ့ afrobeat အထိ
လက်ရွေးစင် သီချင်းကောင်းကောင်းလေးတွေ ဖွင့်ထားပေးတာကို နားအရသာခံခဲ့ရပါသေးတယ်။

မီနူးထဲမှာတော့ ဂျပန်စာတွေအများဆုံး တွေ့ရပေမယ့် အမေရိကန်စတိုင် အစားအစာတွေဖြစ်တဲ့
အာလူးချောင်းကြော်၊ hummus နဲ့ ကြက်ဥဆင်းဒ်ဝှစ်ချ်၊ ငှက်ပျောသီးနဲ့ ချောကလက်ရည်ပါ
ပန်ကိတ်ကြီးစတာတွေလည်း ရတာကို တွေ့ရပါတယ်။

နှစ်သစ်ကူး မတိုင်ခင်ညမှာတော့ ဒီဆိုင်လေးမှာ ညစာနဲ့ တည်ခင်းဧည့်ခံပေးခဲ့သလို ကြက်ကင်၊
ပုစွန်ခြောက်နဲ့ အသီးအရွက်၊ တင်ပူရာနဲ့ ထမင်းကြော် စတာတွေကို အဓိက ပြင်ဆင်ပေးထားတဲ့
ဘူဖေးစားပွဲပါ ကပွဲပါတီကိုလည်း စီစဉ်ပေးခဲ့ပါတယ်။

ကြက်ကင်ကတော့ ကျွန်မတို့အကြိုက်တွေခဲ့ရတဲ့ စားစရာပါပဲ။

အပြင်ပိုင်းမှာ ကြွပ်ရွသလို အတွင်းပိုင်းမှာလည်း အသားက နူးညံ့နေပြီး သံပရာသီးစိတ်လေးတွေနဲ့
အတူ လာချပေးတဲ့ ကြက်ကင်က တစ်ပွဲကို ကျပ် ၄,၀၀၀ သတ်မှတ်ထားပါတယ်။

ကြက်ကင်တွေကို သူ့ချည်းသက်သက် စားလို့ရသလို ဟင်းမွှေး မဆလာ၊ ဆီ၊ ရှလကာရည်နဲ့
ပါစလေတို့ ဖြူးထားတဲ့ ခရမ်းချဉ်သီးသုပ်နဲ့လည်း လိုက်ဖက်လှပါတယ်။

ဂေါ်ဖီမျှင်လေးတွေ၊ ၀က်သားကက်သလိတ်ကြော်အကြွပ်နဲ့ အရသာမြိုးမြိုးမြိန်မြိန်ရှိတဲ့ အညိုရောင်
ဆော့စ်ကို အပေါ်ကနေ တင်ပေးထားတဲ့ ထမင်းတစ်ခွက်ကတော့ Katsudon ပါ။

ဒါကတော့ တစ်ပွဲ ကျပ် ၄,၅၀၀ ဖြစ်ပြီး အရသာရှိလှပါတယ်။

ခေါက်ဆွဲသုပ် (ကျပ် ၃,၅၀၀)ကတော့ ခရမ်းချဉ်သီးနဲ့ သခွားသီး အချပ်လေးတွေ၊ ပါးပါးလှီးထားတဲ့
ကြက်ဥမွှေကြော်နဲ့ စည်သွပ်ဘူး ၀က်ပေါင်ခြောက်၊ နှမ်းအရသာဆော့စ်တွေ ပါ၀င်ပြီး အရသာ
ပြေပြေလေးနဲ့စားလို့ ကောင်းပါတယ်။

၀က်ပေါင်ခြောက်အစား ငါးကင်၊ ဒါမှမဟုတ် ငါးသေတ္တာထည့်သုပ်ရင် ပိုစားကောင်းမယ်လို့
ထင်ပါတယ်။

အစာပိတ်အနေနဲ့ အထက်မှာ ပြောခဲ့တဲ့ ပန်ကိတ်အပြင် ကော်ဖီဂျယ်လီနဲ့ လိမ္မော်ဂျယ်လီတို့ကို
လည်း မှာစားခဲ့ကြပါတယ်။

ကော်ဖီဂျယ်လီနဲ့ လိမ္မော်ဂျယ်လီက စိတ်ကူးကောင်းပေမယ့် အစပ်အဟပ်ပိုင်းမှာ နည်းနည်းတော့
ပြောစရာရှိနေပါတယ်။

ကော်ဖီနဲ့ ကရင်မ်ဂျယ်လီအထပ်တွေက ကောင်းမယ့်ပုံပေါ်နေပေမယ့် ကော်ဖီရဲ့အခါးကို လျော့စေနိုင်
လောက်တဲ့အထိ အချိုအဆိမ့်တွေ သိပ်မပါပါဘူး။

လိမ္မော်ဂျယ်လီကတော့ ပြောင်းပြန်ချိုပြီးတော့ ရေများပါတယ်။

ဒီဆိုင်ရဲ့ နောက်ထပ် အားနည်းချက် တစ်ကွက်ကတော့ ယမကာအမျိုးမျိုး ရမယ့်ပုံရှိပေမယ့်
သောက်စရာအတွက် ရွေးစရာသိပ်မရှိတာပါ။

ဒါကလည်း ငွေဆောင်မှာ ဖြစ်နေကျပုံစံ ဖြစ်ပုံရပါတယ်။

ကိုကာကိုလာနဲ့ မြန်မာရမ်၊ ဒါမှမဟုတ် ၀ီစကီ၊ ၀ိုင်၊ ဒါမှမဟုတ် ရမ်၊ သံပရာရည်၊ သကြားနဲ့ ဆား
ရောစပ်ထားတဲ့ Ume Night ကိုတော့ မှာလို့ရပါတယ်။

အရက် မပါတာဆိုရင်တော့ သစ်သီးအချိုရည်တွေနဲ့ ရေနွေးကြမ်းကောင်းကောင်းလေး ရှိပါတယ်။

ဒီလို စိတ်ကသိကအောက်ဖြစ်စရာ အနည်းအကျဉ်းလောက်ရှိတာကလွဲရင် ပြီးပြည့်စုံစေတဲ့
အချိန်လေးကို ဒီမှာရရှိစေတဲ့ Ume Cafe ရဲ့ အစားအစာနဲ့ ပတ်ဝန်းကျင်ကတော့ ဒီဆိုင်လေးဟာ
ပြိုင်ဘက်ကင်းပြီး သွားဖြစ်အောင် သွားသင့်တဲ့ နေရာတစ်ခုပဲဆိုတာကိုသက်သေပြနေပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

Ume Cafe
ငွေဆောင်ကမ်းခြေ၊ ယမုံနာဦးနဲ့ Silver View resort ရှေ့၊

Food - 9
Beverage - 6
Service - 9
X-factor - 9
Value for money - 7
Total Score - 8 /10

 
[