အဆာပြေဖြစ်ဖြစ်၊ မနက်စာပဲဖြစ်ဖြစ် လုပ်စားနိုင်တဲ့ ခေါက်ဆွဲကြော်နည်းလေး ရေးထားပါတယ်။
ဂျပန်တိုဟူးရယ်၊ ကြက်ဥခေါက်ဆွဲရယ်၊ မုန်ညင်းစိမ်းရွက်လေးရယ်ကို ကြော်ပါတယ်။
သက်သတ်လွတ်စားချင်သူများအတွက်တော့ ရိုးရိုးဂျုံခေါက်ဆွဲနဲ့ ကြော်လို့ရပါတယ်။
ဂျပန်တိုဟူးနဲ့ ကြက်ဥခေါက်ဆွဲကြော်
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ကြက်ဥခေါက်ဆွဲ ၃၂၀ ဂရမ် ၁ ထုပ်
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
မုန်ညင်းစိမ်း ၂ စည်း
ဂျပန်တိုဟူး ၂ ခု
Mirin စားပွဲဇွန်း ၂ ဇွန်းခွဲ
Kikkoman ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း
ငရုတ်ကောင်းအဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းရွက်မှုန့် (vegetable stock) လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေ ၁ ခွက်
ကြက်သွန်မြိတ် ၂ ချောင်း
ပြင်ဆင်ပုံ
ကြက်ဥခေါက်ဆွဲကို အထုပ်ပါအညွှန်းအတိုင်း ပြုတ်ကာ ပြင်ဆင်ပါ။ ဂျပန်တိုဟူးများကို ဖောက်ပြီး
၁ စင်တီမီတာခွဲ ၊ ၂ စင်တီမီတာခန့်လှီးပြီး ရေစစ်ထားပါ။
မုန်ညင်းစိမ်းများကို အဖူးနဲ့ အရွက်နုလေးများ သင်ပါ။ အရိုးကိုလည်း အခွံများနွှာထုတ်ပါ။
ပြီးလျှင် စားလို့၊ ကိုက်လို့ ကောင်းမယ့်အရွယ်လေးများဖြစ်အောင် ပိုင်းဖြတ်ကာ ရေဆေးပြီး
ရေစင်အောင်စစ်ထားပါ။
ကြက်သွန်မြိတ်များကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။ နောက် ဒယ်အိုးထဲမှာ ဆီကို စားပွဲဇွန်း
တစ်ဇွန်းသာသာထည့်ပြီး မီးမပြင်းတပြင်းနဲ့ အပူပေးပါ။
ဆီကျက်ပြီဆိုလျှင် တို့ဟူးများကို ဖြည်းဖြည်းထည့်ကာ ကြော်ပါ။
တိုဟူးများ အောက်ခြေမှ အပေါ်ယံအသား တင်းလာပြီဆိုလျှင် အထက်အောက်လှန်ပါ။
နောက် အခြားတစ်ဖက်ပါ အကျက်ညီပြီဆိုလျှင် တစ်မိနစ်နီးပါးမျှ ဆက်ကြော်ပြီး မီးဖိုချောင်သုံး
တစ်ရှူးစက္ကူပေါ်မှာ ဆီစစ်ထားပါ။
ကျန်ဆီများကို ဒယ်အိုးထဲထည့်ကာ ကြက်သွန်မြိတ်များကို မိနစ်ဝက်နီးပါးခန့် ဆီသတ်ပါ။
နောက် မုန်ညင်းစိမ်းအရိုးများကိုထည့်ပြီး ကြော်ပါ။ အရိုးများအရောင် ပြောင်းလျှင် အရွက်များကို
ထည့်ကာ ကြော်ပါ။
မုန်ညင်းရိုးများ နူးပြီဆိုလျှင် ပြုတ်ပြီးသား ခေါက်ဆွဲများကို ထည့်ပြီး ပဲငံပြာရည်နဲ့ Mirin တို့ကိုပါ
ထည့်ပါ။
နောက် နှံ့အောင်မွှေရင်း ကြော်ပါ။
အရသာအတွက် ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းအဖြူမှုန့်တို့ကို ထည့်ပါ။
ဟင်းရွက်မှုန့်နဲ့ ရေကို ဖျော်ကာ လောင်းထည့်ပြီး အဖုံးအုပ်ကာ ၃ - ၄ မိနစ်မျှကြော်ပါ။
ပြီးလျှင် မီးဖိုပေါ်မှ ချပြီးပွဲပြင်ပါ။
ခေါက်ဆွဲကြော်ကို ပန်းကန်းသေးထဲတွင် ထည့်ပြီး ဂျပန်တိုဟူးကြော်များကို ဖြူးပြီး သုံးဆောင်နိုင်
ပါတယ်။
ထောပတ်သီးသုပ်
ပါ၀င်ပစ္စည်းများ
(လေးယောက်စာ)
ထောပတ်သီးမှည့်မှည့်ကြီးကြီး ၁ လုံး
ခရမ်းချဉ်သီး သေး ၂/၃ ခွက်
ဘိုစားပဲ သံလွင်ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
Balsamic vinegar လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်
ကြက်သွန်ဖြူ ၁ မြွှာ
Balsamic vinegar dressing စားပွဲဇွန်း ၂ ဇွန်းခွဲ
ပြင်ဆင်ပုံ
ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ကာ အခွံသင်ပါ။
ပြီးလျှင် ၂ - ၃ စင်တီမီတာ အတုံးလေးများဖြစ်အောင် လှီးထားပါ။
ခရမ်းချဉ်သီးအသေးများကို ထက်ခြမ်းခြမ်းပါ။ ဘိုစားပဲများကို ပြုတ်ရန် ရေနွေးတစ်အိုး တည်ပါ။
နောက် ဆား ၁ ဇွန်းကိုထည့်ကာ ပွက်ပွက်ဆူပါစေ။
ရေနွေးစပွက်ပြီဆိုလျှင် မီးကိုလျှော့ပြီး မီးမပြင်းတပြင်းနဲ့ ဘိုစားပဲများကို နူးလာအောင် ပြုတ်ပါ။
နူးပြီဆိုလျှင် ရေခဲရေထဲတွင် စိမ်ပြီး ရေစစ်ပါ။
နောက် ပန်းကန်တစ်လုံးထဲမှာ ခရမ်းချဉ်သီးများကိုထည့်ကာ Balsamic vinegar dressing နဲ့နှပ်ပါ။
ဆားနဲ့ ငရုတ်ကောင်းကို ထည့်ထားပါ။ (ကိုယ့်ဘာသာ ကိုယ်စပ်မည်ဆိုလျှင် Balsamic vinegar နဲ့
သံလွင်ဆီကို ပန်းကန်တစ်လုံးထဲတွင် ထည့်ကာ သမအောင် မွှေပါ။ နောက် ကြက်သွန်ဖြူတစ်မြွှာ
ကို ညှစ်ပြီးထည့်ပါ။)
၁၅ မိနစ်လောက်ကြာလျှင် ပဲသီးများနဲ့ ထောပတ်သီးကိုထည့်ကာ သမအောင်မွှေပြီး သုံးဆောင်နိုင်
ပါတယ်။
ကင်ထားတဲ့ အသားနဲ့ပဲဖြစ်ဖြစ်၊ မက်ဆီကန် အစားအစာတွေနဲ့ပဲဖြစ်ဖြစ် တွဲစားနိုင်ပါတယ်။
