ရန်ကုန်ရဲ့ ခေတ်ဆန်တဲ့ နေရာတွေထဲမှာ ပါ၀င် တဲ့ ဗိုလ်ရာညွန့်လမ်းထဲက Fat Man ဆိုတဲ့
စားသောက်ဆိုင်လေးက စေတနာကောင်းရှိတယ်ဆိုတာကို ဆိုင်လေးရဲ့အပြင်ဘက်က နေရာလွတ်
ကလေးကို ကောင်းကောင်းအသုံး ချထားတာကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
ချစ်စရာကောင်းတဲ့ သစ်သားစားပွဲလေးတွေကို ပန်းအိုးနဲ့စိုက်ထားတဲ့ အပင်စိမ်းစိမ်းစိုစိုလေးတွေရှိရာ
ဥယျာဉ်ငယ်လေးနဲ့ ၀န်းရံထားပါတယ်။
နေ့တစ်နေ့အတွက် အထူးရနိုင်တဲ့အစားအစားနဲ့ သောက်စရာစာရင်းကိုတော့ သင်ပုန်းပေါ်မှာ
မြေဖြူနဲ့ရေးထားပေးသလို ခေတ်ပေါ် သီချင်းတွေကိုလည်း ဖွင့်ပေးထားပါတယ်။
ဆိုင်လေးရဲ့ဝန်ထမ်းတွေက အမြဲတမ်း ပြံုးရွှင်နေပြီး စားသုံးသူတွေ စိတ်ကျေနပ်မှုရှိအောင်
၀န်ဆောင်ပေးလိုစိတ်လည်း ရှိကြပါတယ်။
ဒီနေရာလေးကတော့ ရုံးဖွင့်ရက် အလုပ်လုပ်စရာမပါတဲ့ ညမျိုးတွေမှာ ကော့တေးတစ်မျိုးမျိုးနဲ့
ငြိမ့်လို့ကောင်းတဲ့ နေရာလေးပါပဲရှင့်။
ဒါပေမဲ့ အစားအသောက်တွေ သိပ်မကောင်းတာမျိုး၊ အစားအစာတွေရောက်လာဖို့ အကြာကြီး
စောင့်ရတာမျိုးစတဲ့ အားနည်းချက်တွေကိုတော့ အပြင်ပန်းအပြင်အဆင်တွေက ထေမိအောင်
မစွမ်းဆောင်နိုင်ပါဘူး။
ပြီးတော့ ကော်ဖီ၊ သစ်သီးဖျော်ရည်နဲ့ ကော့တေး စတဲ့ သောက်စရာတစ်မျိုးတည်း ဇွတ်ကောင်း
နေတာမျိုးနဲ့လည်း စားသောက်ဆိုင်တစ်ဆိုင်အဖြစ် ရပ်တည်လို့ မရပါဘူး။
ရုံးမတက်ခင်မှာ ကော်ဖီနဲ့ မနက်စာကောင်း ကောင်းလေး စားသွားကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ရုံးဖွင့်ရက်တစ်ရက် မနက် ၈ နာရီ ၂၀ လောက်မှာ ကျွန်မတို့အုပ်စု အဲဒီဆိုင်လေးဆီ ရောက်ဖြစ်ခဲ့
ကြပါတယ်။
ထိုင်ခုံမှာထိုင်ချလိုက် ပြီးတာနဲ့ပဲ ကိုယ်စားချင်တာတွေကို အသီးသီးမှာ လိုက်ကြပါတယ်။
အဲဒီနောက်မှာတော့ ကျွန်မတို့ စောင့်ဆိုင်းပွဲကြီး စတင်ပါတော့တယ်။
ကျွန်မတို့ရဲ့ ကာပူချီနို၊ ကော်ဖီနဲ့ ထောပတ်သီးဖျော်ရည်တွေကတော့ နာရီဝက်လောက်ကြာမှ
စတင်ရောက်လာပါတယ်။
ဒီလိုစောင့်ရတာမျိုးကို အရင်တစ်ခေါက်တုန်းကလည်း ကျွန်မ ကြံုခဲ့ရပါသေးတယ်။
အဲဒီတုန်းကတော့ စောင့်ရတာကြာနေတာကို ဆိုင်ဝန်ထမ်းလေးက အနူးအညွတ်တောင်းပန်ပါ
တယ်။
ကော်ဖီဖျော်စက်က နည်းပညာအသစ်ဖြစ်နေတာကြောင့် ၀န်ထမ်းက ဘယ်လိုသုံးရမှန်းမသိဖြစ်နေ
တာကြောင့် ကြာသွားရတာပါတဲ့။ ဒါက ဖြစ်တတ်ပါတယ်။
ဒါပေမဲ့ နည်းပညာအသစ်နဲ့ စက်ကိုသုံးမယ်ဆိုမှတော့ ၀န်ထမ်းကိုလည်း စက်ဘယ်လိုသုံးရမလဲ
ဆိုတာကို ကျွမ်းကျင်အောင် သင်ထားပေးသင့်တယ်လို့ ထင်ပါတယ်။
ပထမဦးဆုံးရောက်လာတဲ့ အစားအစာကတော့ ပေါင်မုန့်ကင်ကို ကြက်ဥကြော်နဲ့ ကိုယ် နှစ်သက်ရာ
အသားတစ်မျိုးမျိုးပါတဲ့ American Breakfast (ကျပ် ၃,၀၀၀) ပဲ ဖြစ်ပါတယ်။
တကယ်တော့ အဲဒါက အင်္ဂလန်မနက်စာနဲ့ပဲ ပိုတူနေပါတယ်။ ကြက်ဥမွှေကြော်ကလည်း ဆီများလို့
ပြောင်လက်နေပြီး ပေါင်မုန့်ကင်ကလည်း ပေါင်မုန့်ကြော်ပုံစံ ပေါက်နေပါတယ်။
၀က်ပေါင်ခြောက်နဲ့ ၀က်အူချောင်းကြော်ကလည်း တော်တော်လေး ၀ါးရပါတယ်။
အမေရိကန်မနက်စာလို့ အမည်ပေးထားတဲ့ ဒီပေါင်မုန့်ကင်ထဲမှာ စားရတာ စိတ်ထဲနှစ်လိုဖွယ်ရာ
ဖြစ်စေတဲ့ ခရမ်းချဉ်သီးကင်လေးလည်း ပါပါတယ်။
နောက် ၁၅ မိနစ်လောက်ကြာတော့ French Toast (ကျပ်၂,၀၀၀) ရောက်လာပါတယ်။
ဒါကိုမြင်တော့ ကျွန်မတို့တစ်ဖွဲ့လုံး ၀ါးကနဲ ထရယ်မိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီနူးမှာ
ရေးထားတာက ပေါင်မုန့်မီးကင်ကို သကြား၊ whipped cream နဲ့ နို့ဆီ ပါတယ်လို့ ရေးထားတာပါ။
တကယ်တမ်း လာချပေးတာကတော့ မုန်လာဥနီနဲ့ မုန်လာဥဖြူအမျှင်တွေ ဖြူးထားတဲ့ အဆာပလာ
ပါလေကာရုံ ဆမ်းထားပေးတဲ့့ ပေါင်မုန့်ကင်မျိုး ဖြစ်နေပါတယ်။
ကျွန်မတို့တောင်းဆိုမှပဲ ဆိုင်ဝန်ထမ်း တစ်ဦးက whipped cream ဘူးတစ်ဘူးရယ်၊ ပျားရည်ခွက်
သေးလေး တစ်ခွက်ရယ် လာချ ပေးပါတယ်။
အဲဒီတော့မှပဲ French Toast ကို အောင်အောင်မြင်မြင် စားလို့ရသွားပါတော့တယ်။
ကျွန်မတို့အုပ်စု စိတ်ပျက်စရာတွေ ဆက်တိုက်ကြံုနေရပါတယ်။ တစ်နာရီလောက် အချိန်ပေးခဲ့ရပြီး
တဲ့နောက်မှာ ထောပတ်သီးဖျော်ရည်နဲ့ Healthy Breakfast ရောက်လာဖို့ ထပ်ပြီးစောင့်နေရတုန်း
ပါပဲ။
ဒီတစ်ခါတော့ ဆိုင်ဝန်ထမ်းလေးတွေဟာ သူတို့ကြာနေတာကို သေသေချာချာသိသွားကြတဲ့ပုံပါပဲ။
စားသုံးသူတွေကို မေတ္တာလက်ဆောင်အဖြစ်ပေးတဲ့ ပန်ကိတ်တစ်ခု လာချပေးပါတယ်။
ဒီအချိုပွဲကို ဘယ်လောက်ကြာကြာ အချိန်ပေးခဲ့ရလဲဆိုတာ မသိပေမယ့် ပန်းသီးစိတ်ခပ်ပါးပါးလေး
တွေ၊ ၀က်ဆားနယ်ခြောက်ကြော် ခပ်ကြွပ်ကြွပ်နဲ့ ကရင်မ်နည်းနည်းဖြူးထားတဲ့ ပန်ကိတ်က
အကောင်းဆုံးစားစရာ ဖြစ်နေပါတယ်။
Healthy Breakfast (ကျပ် ၃,၀၀၀)က တော့ ကျန်းမာရေးနဲ့ လုံးဝကို မညီညွတ်ပါဘူး။ အဲဒါကတော့
ပါးပါးလှီးထားတဲ့ ဆလတ်ရွက်၊ ဂေါ်ဖီနဲ့ မုန်လာဥနီပုံပေါ်မှာ ကြက်ဥပြုတ်အတုံးလေးတွေနဲ့
အဆီများများ ၀က်ဆားနယ် ခြောက်အလွှာလေးတွေ အပေါ်ကတင်ပေးထားတဲ့ ဆီအိနေတဲ့
အရွက်သုပ်ပါပဲ။
အရင်အခေါက်တွေ သွားတုန်းကလည်း တူနာဆင်းဒ်ဝှစ်ချ်၊ အာလူးချောင်းကြော်နဲ့ ကြက်ကင်တို့ကို
မြည်းစမ်းကြည့်ခဲ့ဖူးပါတယ်။
အဆိုးကြီး မဟုတ်သလို ကောင်းလှချည်ရဲ့လို့လည်း ပြောလို့မရပါဘူး။
အမေရိကန်မြောက်ပိုင်းက ဈေးပေါတဲ့စားသောက်ဆိုင်က အစားအစာမျိုးတွေကို တောင့်တတယ်
ဆိုရင်တော့ ဒီဆိုင်မှာစားလို့ အဆင်ပြေမှာပါ။
ဒါပေမဲ့ အခုလို အပြိုင်အဆိုင်များလှတဲ့ ပတ်ဝန်းကျင်မှာ ဆိုင်ဖွင့်ထားရင်တော့ Fat Man ရဲ့ဆိုင်ရှင်
ဟာ ဒီထက်ပိုကောင်းအောင် ကြိုးစားသင့်တယ်လို့ ကျွန်မထင်ပါတယ်။
ဒါပေမဲ့ ၀န်ဆောင်မှုမှာ ကျွမ်းကျင်မှု မရှိတာ ဒီစားသောက်ဆိုင်တစ်ခုတည်း မဟုတ်ပါဘူး။ ပြီးတော့
ရန်ကုန်မှာ စားသောက်ဆိုင်အသစ်တွေနဲ့ ၀န်ဆောင်မှုပေးချင်တဲ့၊ အကူအညီကောင်းတွေရှာဖို့
ကြိုးစားနေတဲ့ စားသောက်ဆိုင်ပိုင်ရှင် အသစ်တွေကို တချို့ကတော့ သနားကောင်း သနားကြမှာပါ။
ပြီးတော့ ရန်ကုန်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ မုန့်ဆိုင်တွေမှာဆိုရင် စားစရာသောက်စရာတွေ
ကို အမြန်ဆုံးနှုန်းထားနဲ့ စားပွဲတွေပေါ် ချပေးနိုင်ကြပါတယ်။
အပြောင်းအလဲတွေကိုလည်း စက္ကန့်ပိုင်းအတွင်းမှာ လုပ်ပေးနိုင်ကြပါတယ်။
ဒီလို လျင်မြန်ဖျတ်လတ်မှုတွေထဲက နည်းနည်းလောက်ရှိရင် ဒီဆိုင်လည်း အပြစ် ပြောစရာ
နည်းသွားမယ်လို့ ထင်ပါတယ်။
Food: 5
Beverage: 8
Service: 5
X-factor: 7
Value for money: 7
Total Score: 6.4 /10
