ဒီတစ်ပတ်တော့ ဘာဘီကျူးကို salsa လို့ခေါ်တဲ့ ချဉ်စပ်အသုပ်ဆန်ဆန် ဆော့စ်လေးတွေနဲ့ တွဲပြီး
ချက်ဖို့ စီစဉ်ထားပါတယ်။
Salsa ဆိုတာ စပိန်၊ မက်ဆီကန်စတိုင်တို့လိုမျိုး ချဉ်စပ်ကလေးသုပ်ထားတဲ့ ဆော့စ်ပါ။
အကင်တွေနဲ့ တွဲစားလေ့ရှိပါတယ်။
ပုစွန်ကတော့ ကင်စားရတာ လွယ်ကူသလို ပြောင်းဖူးနဲ့လည်း လိုက်ဖက်တာမို့ ပုစွန်ကင်ကို
ပြောင်းဖူးဖုတ်လေးသုပ်ပြီး တွဲထားပါတယ်။
ခရမ်းချဉ်သီးအစိမ်းကိုတော့ ချဉ်ငန်လေး သုပ်ထားပါတယ်။
ပုစွန်ကင်နှင့် ပြောင်းဖူးဖုတ် salsa
ပါ၀င်ပစ္စည်း
(၄ ဦးစာ)
ပုစွန်ကျား ၄၅၀-၅၀၀ ဂရမ်
ပြောင်းဖူး ၃ ဖူး
ကညွတ် ၂ စည်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၄ ဇွန်း
သံပရာရည် စားပွဲဇွန်း ၂ ဇွန်း -၂ ဇွန်းခွဲ
ငံပြာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ အလတ် ၁ ဥ
ကြက်သွန်ဖြူ ၃ မြွှာ
ငရုတ်သီးအနီတောင့်/အစိမ်းတောင့်ရှည် ၁ တောင့် (အစပ်ကြိုက်တတ်သူများ ပိုထည့်နိုင်ပါတယ်)
ပူစီနံ (သို့) နံနံပင် လက်တစ်ဆုပ်စာ
ပြင်ဆင်ပုံ
ပုစွန်ကျားများကို ရေဆေးကာ လက်တံများနဲ့ နှုတ်ခမ်းမွေးများကို ကတ်ကြေးနဲ့ကိုက်ပြီး ရေဆေး
စစ်ထားပါ။
ပြီးရင် ခေါင်းအောက်ကနေ ကျောကုန်းအတွင်း ကို ကတ်ကြေးထိပ်ပိုင်းလေး ထိုးသွင်းပြီး အကောင်
တစ်ဝက်သာသာအထိ အခွံကိုညှပ်ပါ။
ပြီးရင် အနက်ကြောင်းကို ထုတ်ယူပါ။
ပြောင်းဖူးကိုလည်း အခွံနဲ့အမျှင်များ ခွာကာ ရေဆေးပြီး စစ်ထားပါ။
ကညွတ်များကိုလည်း ရေဆေးကာ အနုလေးများချိုးပြီး ရေစစ်ထားပါ။
နောက် မီးမပြင်းတပြင်းနဲ့ ပြောင်းဖူးများကို ကင်ပါ (သို့) ဖုတ်ပါ။
ကင်နေစဉ်အတွင်း အကျက်ညီအောင် ပြောင်းဖူးများကို လှည့်ပေးပါ။
ပြီးရင် အအေးခံထားပါ။
ပြောင်းဖူးကင်နေစဉ်အတွင်း ကညွတ်များကိုလည်း မီးကင်ပေးပါ။
အကျက်ညီအောင် သူ့ကိုလည်း လှည့်ပေးပါ။
ဆီအနည်းငယ် သုတ်ပြီး ကင်ရင် ပိုကောင်းပါတယ်။
ကညွတ်များ နူးရင် အအေးခံပါ။
နောက် ပုစွန်များကို ကင်ပါ။
တစ်ကောင်ကို သုံးမိနစ်နီးပါးလောက် ကင်ပါ။
အကောင်ကြီးလျှင်တော့ နည်းနည်းလေး ပိုကင်ပါ။
အကြာကြီးကင်စရာမလိုပါဘူ။
ပုစွန်များ လိမ္မော်ရောင်သန်းလာပြီဆိုရင် တစ်ဖက်ကို လှည့်ပေးပါ။
နောက်ပြီး ပုစွန် စကွေးပြီဆိုရင် စက္ကန့် ၃၀ လောက်ထားပြီး မီးဖိုပေါ်မှ ချလို့ရပါတယ်။
သူ့အရှိန်လေးနဲ့ သူဆက်ပြီး အထဲမှာ ကျက်သွားပါလိမ့်မယ်။
ပြောင်းဖူးအေးပြီဆိုရင်တော့ ပြောင်းဖူးများကို ဓားနဲ့ခြစ်ချပါ။
ကြက်သွန်နီကို နုပ်နုပ်လှီးပါ။
ငရုတ်သီးကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ကာ နုပ်နုပ်လှီးပါ။
ကြက်သွန်ဖြူများကိုလည်း ညှစ် (သို့) နုပ်နုပ်စဉ်းပါ။
ကညွတ်များကို အနေတော်အရွယ် ပိုင်းဖြတ်ပါ။
Dressing အတွက် သံပရာရည်၊ သကြား၊ ငံံပြာရည်၊ ဆီနဲ့ ကြက်သွန်ဖြူ၊ နီများကို ပန်းကန်အသေး
တစ်လုံးထဲမှာ ထည့်ပြီး နှံ့အောင်မွှေပါ။
အားလုံးပြီးပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲမှာ ပြောင်းဖူးနဲ့ ကညွတ်တို့ကိုရောပြီး dressing
ဆမ်းကာ နှံ့အောင်နယ်ပါ။
ပုစွန်ကင်များကို ပန်းကန်ထဲမှာ ခွဲထည့်ကာ ပြောင်းဖူး salsa နဲ့တွဲပြီး စားသုံးနိုင်ပါတယ်။
ခရမ်းချဉ်သီးစိမ်း salsa
ပါ၀င်ပစ္စည်း
(၄ ဦးစာ)
ခရမ်းချဉ်သီးစိမ်း ၄ လုံး
ကြက်သွန်နီ ၁ ဥ
နံနံပင် လက်တစ်ဆုပ်စာ
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်း
သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆား အနည်းငယ်
ငရုတ်ကောင်းအနက်မှုန့် အနည်းငယ်
ပြင်ဆင်ပုံ
ခရမ်းချဉ်သီးများကို နုပ်နုပ်လှီးပါ။
အစေ့များကို ထုတ်ပစ်ပါ။
အရည် ရွှဲမနေစေရန် ဖြစ်ပါတယ်။
ကြက်သွန်နီနဲ့ နံနံပင်တို့ကို နုပ်နုပ်လှီးပါ။
Dressing အတွက် ဆီ၊ သံပရာရည်၊ ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်တို့ကို ဖန်ခွက်အသေးတစ်ခု
ထဲမှာ ရောစပ်ပါ။
ပြီးရင် ပန်းကန်ထဲမှာ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတို့ကို ရောစပ်ကာ dressing လေးဆမ်းပြီး
သုံးဆောင်နိုင်ပါတယ်။
ဘာဘီကျူးအသား၊ ပင်လယ်စာတို့နဲ့ လိုက်ဖက်ပါတယ်။
