အရှေ့ရွှေဂုံတိုင်လမ်းပေါ်က 'ထိုင်ဝမ်' စားသောက်ဆိုင်

အရှေ့ရွှေဂုံတိုင်လမ်းပေါ်က 'ထိုင်ဝမ်' စားသောက်ဆိုင်

တရုတ်အစားအစာ ကြိုက်သူမို့ ကိုယ်တစ်ခါမှ မသွားဖူးသေးတဲ့ ဆိုင်အသစ်တွေကို တွေ့ရင်
ကျွန်မဟာ တော်တော်လေး စိတ်လှုပ်ရှားပါတယ်။

ခုလည်း အရှေ့ရွှေဂုံတိုင်လမ်းပေါ်မှာ 'ထိုင်ဝမ်' လို့ခေါ်တဲ့ စားသောက်ဆိုင်ကို တွေ့ဖြစ်နေတာ
ကြာပြီမို့ သွားချင်တာ တစ်ပိုင်းကိုသေနေပါပြီ။

တကယ်လည်း ပြီးခဲ့တဲ့သီတင်းပတ်က ရောက်အောင်သွားဖြစ်ခဲ့ပါတယ်။

ကားပါ ၀င်ရပ်လို့ရတဲ့ ခြံဝင်းကျယ်ကြီးထဲမှာ ဖွင့်ထားတဲ့ ဒီစားသောက်ဆိုင်ထဲကို ၀င်လိုက်တာနဲ့
တရုတ်-မြန်မာရောနှောနေတဲ့ အငွေ့အသက်မျိုးကို ခံစားလိုက်ရပါတယ်။

တော်တော်လေး ကြီးပြီး မီးတွေ ထိန်နေအောင်ထွန်းထားတဲ့ မှန်လုံစားသောက်ခန်းကြီးထဲမှာ
ခင်းထားတဲ့ စားပွဲတွေက အများကြီးပါပဲ။

စိတ်ပျက်စရာကောင်းတာက စားသုံးသူ တစ်ယောက်မှ ရှိမနေတာပါပဲ။

စားသောက်ခန်းရဲ့ အရှေ့ဘက်မှာတော့ လေးဖက်လေးတန် ဟင်းလင်းဖွင့်ထားတဲ့ စားသောက်ခန်း
တစ်ခု ရှိပါတယ်။

အဲဒီမှာတော့ ၀န်ထမ်းတွေ စုထိုင်နေတာကို တွေ့လိုက်ရပါတယ်။

စားသောက်ခန်းရဲ့ ဘေးဘက်မှာတော့ တဲသေးသေးလေးတွေအောက်မှာ ခင်းထားတဲ့ စားပွဲဝိုင်း
တချို့ ရှိပါတယ်။

မီးရောင်ကလည်း လင်းလင်းထိန်ထိန်ကြီး ထွန်းမထားဘဲ ကားလမ်းနဲ့လည်း နည်းနည်းလှမ်းတာမို့
ဒီဆိုင်မှာ ထိုင်လို့အကောင်းဆုံးနေရာလို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြပါတယ်။

စုံတွဲတစ်တွဲ တစ်ဝိုင်းနဲ့ အမျိုးသားသုံးယောက် စုထိုင်နေတဲ့ ၀ိုင်းတစ်ဝိုင်း ရှိနေတာကလည်း
ကျွန်မတို့ရွေးချယ်မှု မှန်တယ်လို့ ထောက်ခံပေးနေသလိုပါပဲ။

ကျွန်မတို့အထင် မှန်ပါတယ်။ အပြင်စားပွဲဝိုင်းတွေက လေတဖြူးဖြူးနဲ့ တကယ်ပဲ ထိုင်လို့
ကောင်းပါတယ်။ သောက်စရာကတော့ ထွေထွေထူးထူး မရှိတာမို့ ဘီယာပဲ မှာကြရပါတယ်။

တစ်ခွက်ကို ကျပ် ရ၀၀ ဆိုတော့ မဆိုးပါဘူးလို့ တွေးမိပါတယ်။ ၀န်ထမ်းတွေရဲ့ ၀န်ဆောင်မှုကတော့
အစားအသောက်တွေ မှာပြီးတာနဲ့ မီနူးကို ဆက်ကြည့်ခွင့် မပေးဘဲ အတင်းဆွဲယူတာမျိုး၊ ကျွန်မက
"နောက်မှ လာယူပါ ဆက်ကြည့်ချင်သေးတယ်"လို့ ပြောလိုက်တဲ့အခါမှာ မသင်္ကာတဲ့ပုံစံနဲ့
ကြည့်သွားတာမျိုးတွေကြောင့် ဆိုးလိုက်တာလို့ မဆိုချင်ပေမယ့် ကောင်းတယ်လို့တော့လည်း
ကျွန်မအနေနဲ့ မပြောနိုင်ပါဘူး။

ဆိုင်နာမည်ကို ဘာဖြစ်လို့ 'ထိုင်ဝမ်'လို့ပေးရတာလဲလို့ ၀န်ထမ်းတစ်ဦးကို မေးကြည့်တဲ့အခါ ကျွန်မ
တို့မှာ တော်တော်လေး လျှာအားထုတ်ပြီး ရှေ့ကနေ စကားလမ်းတွေ ကြောင်းပေးပြီးမှ ဆိုင်ရှင်က
မြန်မာပေမယ့် ထိုင်ဝမ်မှာနေတာမို့ ဒီနာမည်ကို ပေးတာပါလို့ နောက်ဆုံးမှာ အဖြေရခဲ့ပါတယ်။

ပင်ပန်းသွားတဲ့ ကျွန်မတို့ဟာ နောက်ထပ် ဘီယာတစ်ခွက် ထပ်မှာလိုက်ရပါတယ်။

မီးနူးကြည့်လိုက်ချိန်မှာတော့ ဒီဆိုင်ရဲ့ ဟင်းပွဲ တွေကို စိတ်ဝင်စားအောင် နာမည်လှလှလေးတွေ
ရွေးပေးတတ်ပုံကို သူငယ်ချင်းနဲ့အတူ ချီးကျူးမိပါတယ်။

တရုတ်အစာတွေအပြင် ယိုးဒယားစာတွေပါ ရနိုင်ပေမယ့် ကျွန်မတို့ကတော့ တရုတ်ဟင်းတွေ
ကိုသာ စိတ်ဝင်စားပါတယ်။

ဟင်းအမည်ကလည်း အဓိပ္ပာယ်မဖော်တတ်တာကြောင့် ဘာပါလိမ့်ဆိုပြီး မှာပြီးမြည်းစမ်းချင်တဲ့
ဟင်းပွဲတွေက များနေပါတယ်။

နောက်ဆုံးမှာတော့ ဟင်းနှစ်ပွဲ နဲ့ ခေါက်ဆွဲကြော်တစ်ပွဲ မှာလိုက်ပါတယ်။

ဟင်းတွေက ပင်လယ်ပုစွန် XO ဆော့စ်ချက် (ကျပ် ၅,၅၀၀)၊ စီချွမ်သုံးထပ်သားကြော်ချက်
(ကျပ် ၄,၅၀၀) တို့ပါ။

၀က်သားကို ကြော်ထားပြီး ချင်းပြား၊ ငရုတ်ပွ (အစိမ်း၊ အနီ)တို့နဲ့ အရည်စိုစိုလေး ပြန်ချက်ထားတဲ့
သုံးထပ်သားကြော်ချက်က စားလို့ အဆင်ပြေပါတယ်။

ကြက်သွန်ဖြူ၊ နီ၊ ပဲတောင့်ရှည်တို့နဲ့ ရောချက်ထားတဲ့ ပုစွန်ဟင်းကလည်း ကောင်းပါတယ်။

ပြင်ပေးတဲ့ဟင်းပွဲတွေကလည်း ပွဲသေးတောင်မှ တော်တော်လေးများပါတယ်။

ခေါက်ဆွဲကြော်ကတော့ တော်တော်လေးဆွေးနွေးကြပြီးမှ မှာဖြစ်တာပါ။

အတူသွားတဲ့ သူငယ်ချင်းက နာမည်ဆန်းတဲ့ တိုဟူးမာလာ (ကျပ် ၃,၅၀၀)ကို မှာချင်ပေမယ့်
ကျွန်မကတော့ မြန်မာဆန်ဆန်ပဲ တရုတ်ဆိုင်သွားရင် ခေါက်ဆွဲကြော် စားချင်တဲ့အကျင့်ကြောင့်
ကြက်ဆားချာ ခေါက်ဆွဲကြော် (ကျပ် ၂,၈၀၀) ကို အတင်းအကျပ် အဆိုပြုပါတယ်။

ကျွန်မရဲ့တောင့်တမှုက သူငယ်ချင်းကို စိတ်မပျက်စေခဲ့ပါဘူး။

ကိုယ်တိုင်အတွက်လည်း ခေါက်ဆွဲကြော်က စားလို့အမြိန်ဆုံး ဖြစ်ခဲ့ပါတယ်။

ထိုင်ဝမ်က အပြန်မှာတော့ ဒီဆိုင်လေးဟာ စိတ်ဝင်စားဖို့ကောင်းတာမို့ ဒီဆိုင်လေးကို ပြန်လာဦး
မယ်လို့ သူငယ်ချင်းက ပြောပါတယ်။

ကျွန်မက ရော..။ အင်း..ပြန်သွားချင်ပါတယ်။ ဒါပေမဲ့ ခုလတ်တလောတော့ မဟုတ်ဘူးပေါ့နော်။

Taiwan စားသောက်ဆိုင်
၃၁၂၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်။

 
[