Green curry (အစိမ်းရောင်ဟင်း) လို့ခေါ်တဲ့ ထိုင်းဟင်းကို အတုယူပြီး ချက်ထားတာပါ။
အသားမပါဘဲနဲ့ ခရမ်းသီးကို အုန်းနို့ရယ်၊ green curry အနှစ်ရယ်နဲ့ နှပ်ထားပါတယ်။
ခရမ်းကစော့သီးလေးတွေကိုပါ ထည့်ပြီး ချက်ထားပါသေးတယ်။ အသားနဲ့စားချင်ရင်တော့
ကြက်သားက ပိုပြီးလိုက်ဖက်ပါတယ်။ သိုးသားနဲ့ချက်စားရင်လည်း ကောင်းပါတယ်။
ထိုင်း green curry အနှစ်ကို စူပါမားကက်တွေမှာ ၀ယ်လို့ရပါတယ်။ ပုလင်းမဟုတ်ဘဲ အထုပ်ကို
၀ယ်တာဆိုရင်တော့ ပိုတာကို ပုလင်းထဲကျပ်အောင်သိပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါ
တယ်။
ဒီဟင်းကို ဟင်းနုနယ်ရွက်ကြော်နဲ့ တွဲစားလို့ကောင်းပါတယ်။
Green curry အနှစ်နဲ့ ခရမ်းသီးနှပ်
ပါ၀င်ပစ္စည်း
(၆ ယောက်စာ)
ခရမ်းသီး ၆ လုံး
အနေတော် ကြက်သွန်နီ ၄ လုံး (အလတ်အရွယ်)
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း ၄ ဇွန်း
အုန်းနို့ရည် ၁/၂ ခွက် (၁၂၅ မီလီမီတာ)
ရေ ၁/၂ ခွက် (၁၂၅ မီလီမီတာ)
ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
Green curry အနှစ်စားပွဲဇွန်း ၁ ဇွန်းခွဲ
ခရမ်းကစော့သီး အလုံး ၂၀
ပြင်ဆင်ပုံ
ခရမ်းသီးများကို ရေဆေးပြီး ရေစစ်ထားပါ။ အခွံမသင်ပါနဲ့။
ခရမ်းထောပတ်သီးကို သုံးထားပါတယ်။ သူက အခွံပါးပြီး နှပ်စားလို့ ပိုကောင်းပါတယ်။
ချက်ခါနီးကျမှ ခရမ်းသီးများကို သုံးပိုင်းပြီး တစ်ပိုင်းစီကို လေးစိတ် မပြတ်အောင် စိတ်ပါ။
ပြီးရင် ဆားရည်လေးနဲ့ စိမ်ထားပါ။
ကြက်သွန်နီများကို ပါးပါးနုပ်နုပ်စဉ်းထားပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်နီများကို ရွှေဝါရောင်သန်းလာတဲ့အထိ ကြော်ပါ။
ပြီးရင် green curry အနှစ်ကိုထည့်ပြီး တစ်မိနစ်လောက် ဆီသတ်ပါ။
နောက် ခရမ်းသီးများကို ဒယ်အိုးထဲမှာထည့်ပြီး အနှစ်များ နှံ့သွားအောင်မွှေပါ။
ပြီးရင် အုန်းနို့ရည်နဲ့ ရေ ၁/၂ ခွက်စီကို ထည့်ကာ ပွက်အောင်တည်ပါ။
ဟင်းအရည်ပွက်ပြီဆိုရင် မီးကိုလျှော့ပြီး မီးအေးအေးနဲ့ ခရမ်းသီးများကို အဖုံးပိတ်ကာ နှပ်ပါ။
ခရမ်းကစော့သီး များနဲ့ ငံပြာရည်ကိုလည်း တစ်ခါတည်း ထည့်ပါ။
ခရမ်းသီးများ နူးပြီး ဆီပြန်လာပြီဆိုရင် ချလို့ရပါပြီ။
ထမင်းအဖြူနဲ့ တွဲစားနိုင်ပါတယ်။
အုန်းနို့ကြိုက်တတ်ရင်၊ နောက်ပြီး တည့်တယ်ဆိုရင်တော့ နောက်ထပ် ၁/၄ ခွက်လောက်
ထပ်ထည့်လို့ရပါတယ်။
အပေ့ါအငန်အတွက် ဆား၊ ငံပြာရည်ကို မြည်းပြီးမှထည့်ပါ။
Green curry အနှစ်တချို့က အငန်ကဲတတ်ပါတယ်။
ဟင်းနုနယ်ရွက်ကြော်
ပါ၀င်ပစ္စည်းများ
(၄ ယောက်စာ)
ဟင်းနုနယ်ရွက် ၂ စည်း
ကြက်သွန်ဖြူ ၂ မြွှာ
ဆီစားပွဲဇွန်း ၂ ဇွန်းခွဲ
ခရုဆီစားပွဲဇွန်း ၁ ဇွန်း
ရေ ၁/၃ ခွက်
ပြင်ဆင်ပုံ
ဟင်းနုနယ်များကို ရေဆေးပြီး အရွက်များကို သင်ပါ။
နောက် အရိုးနုနုလေးများကို အမျှင်များသင်ကာ လက်လေးလုံးအရှည်လောက် ပိုင်းထားပါ။
နောက် ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး မီးပြင်းပြင်းနဲ့ ဆီပူအောင်တည်ပါ။
နောက် ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ဆီသတ်ပါ။
စက္ကန့် ၂၀ လောက်ကြာရင် အရိုးများကို အရင်ထည့်ပြီး ကြော်ပါ။
အရိုးများ အရောင်ပြောင်းပြီ ဆိုရင် အရွက်များကို ထည့်ပြီးကြော်ပါ။
နောက် လေး - ငါးမိနစ်လောက်ကြာရင် ခရုဆီကို ရေဖျော် ထည့်ပြီး အဖုံးအုပ်ကာ အရွက်ရော၊
အရိုးပါ နူးအိတဲ့ အထိကြော်ပါ။
မကြာခဏမွှေပေးပါ။
အပေါ့အငန်အတွက် ဆားကိုသာ သုံးပါ။
