ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အဖြူရောင်နဲ့ အနက်ရောင်ကို အသုံးပြုပြီး အလှဆင်ထားတဲ့
365 Cafe ရဲ့ အပြင်အဆင်က ရိုးရှင်းနေပေမယ့် သူ့ရဲ့ မီးအပြင်အဆင်နဲ့က လိုက်ဖက်နေသလို
ရိုးရှင်းမှုကြောင့်ပဲ စိတ်ကိုသက်သောင့်သက်သာ ဖြစ်စေတယ်လို့ ခံစားမိပါတယ်။
၂၄ နာရီပတ်လုံး ဆိုင်ဖွင့်လှစ်တာကလည်း ရန်ကုန် မှာ ထူးခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။
သူငယ်ချင်းဖြစ်သူနဲ့ ကျွန်မတို့ ဆိုင်ကို ရောက်သွားချိန်က ညနေပိုင်း ၅ နာရီခွဲလောက်ဆိုတော့
စိတ်ထဲ လူများနေမယ် ထင်ခဲ့ပေမယ့် မြင်ကွင်းကတော့ အရမ်းကို ရှင်းနေပါတယ်။
နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ထိုင်လို့ရအောင် ဆိုင်ဝင်ဝင်ချင်း ထောင့်နေရာက
နှစ်ယောက်ခုံကို ရွေးထိုင်လိုက်တာနဲ့ မကြာပါဘူး၊ ဆိုင်ရဲ့ စားပွဲထိုး ကောင်မလေးငယ်ငယ် က
မီးနူးနဲ့ အတူ ရောက်လာပါတယ်။
အနောက်တိုင်းစာ၊ တရုတ်စာ၊ ဂျပန်စာ၊ ထိုင်းနဲ့ ကိုရီးယား အစားအစာတွေရတဲ့ ဒီဆိုင်မှာ ပေါ့ပေါ့
ပါးပါးလေးပဲ စားချင်စိတ်ဖြစ်တာနဲ့ ကိုရီးယားစတိုင် BBQ Noodles (ကျပ် ၃,၉၀၀)ကို ကြက်သားနဲ့
မှာလိုက်ပြီး သူငယ်ချင်းကတော့ ကျပ် ၃,၈၀၀ တန် ထမင်းနဲ့ ထိုင်းစတိုင် အသားပင်စိမ်းချက်
(Hot Basil Sauce with Rice)ကို ကြက်သားနဲ့ မှာလိုက်ပါတယ်။
မှာပြီးတာနဲ့ အလွန်ဆုံး ၁၀ မိနစ်ထက်ပိုမကြာဘဲ အစားအစာတွေက ရောက်ရှိလာပြီး အစားအစာ
တွေရဲ့ မွှေးနေတဲ့အနံ့နဲ့ အပြင်အဆင်က စားချင်စိတ်ကို မထိန်းနိုင်လောက်အောင်ပါပဲ။
ကိုရီးယားစတိုင် BBQ Noodles မှာ ခေါက်ဆွဲရဲ့ ပထမဆုံး အထိအတွေ့က အရမ်းကိုနူးညံ့ပြီး
ကြက်သားစွပ်ပြုတ်ရဲ့ ချိုအီတဲ့အရသာကိုလည်း တစ်ပြိုင်တည်း ခံစားလိုက်ရပါတယ်။
စိမ်းစိုတဲ့ အရွက်တွေကလည်း လတ်ဆတ်နေပြီး ကြက်သားကင်အဖတ်တွေ ကနေလည်း
လတ်ဆတ်မှုကို ခံစားနေရပါတယ်။
အပြစ်ပြောစရာမရှိတဲ့ ဟင်းတစ်မျိုးဖြစ်ပေမယ့် ကျွန်မအတွက်ကတော့ အရမ်းကို အီလွန်းတယ်လို့
ခံစားရတယ်။
ကျွန်မ သူငယ်ချင်းကတော့ သူမှာလိုက်တဲ့ အရောင်စုံလင်ပြီး စပ်တယ်လို့ဆိုတဲ့ ပင်စိမ်းဟင်းကို
သဘောအရမ်းကျနေပြီး နောက်တစ်ခါလာရင် အဲဒါပဲ မှာစားမယ်လို့တောင် ဆိုပါသေးတယ်။
ဒီဆိုင်မှာ ကျပ် ၂,၀၀၀ ကနေ ကျပ် ၂၈,၀၀၀ အထိပေးရတဲ့ ဟင်းမျိုးစုံတွေရှိတာကြောင့်
ဈေးအနည်းငယ် ကြီးတယ်လို့ ဆိုရမှာပါ။
ဆိုင်ရဲ့ ၀န်ဆောင်မှုအနေနဲ့ကတော့ အဆင်ပြေပြီး ဆိုင်အပြင်အဆင်နဲ့ မလိုက်ဖက်တဲ့ R&B
သီချင်းသံကတော့ နည်းနည်းကန့်လန့် ဖြစ်နေသလိုပါပဲ။
ကျွန်မရဲ့ အတွေးတွေအကုန်လုံးကတော့ အစားအစာပေါ် အာရုံခံစားနေတာကြောင့် အဲဒါကလည်း
သိပ်စိတ်အနှောင့် အယှက်မဖြစ်စေပါဘူး။
စားပြီးတော့ အအီပြေအနေနဲ့ မီးနူးမှာ တွေ့လိုက်တဲ့ အအေးတစ်ခုခု သောက်ချင်စိတ်ဖြစ်တာနဲ့
ကျွန်မက ပျားရည်နဲ့ ဒိန်ချဉ် (ကျပ် ၁,၅၀၀)ကို မှာလိုက်ပြီး သူငယ်ချင်းကတော့ Blueberry
Smoothie (ကျပ် ၂,၈၅၀) ကို မှာလိုက်ပါတယ်။
အအေးအပြင် ကော်ဖီ၊ ဘီယာနဲ့ ၀ိုင်ကိုလည်း ရနိုင်တာကြောင့် ရွေးချယ်စရာတွေ ရှိတာပေါ့နော်။
စားစရာတွေကောင်းသလို မှာလိုက်တဲ့ အအေးနှစ်မျိုးစလုံးကလည်း အပြစ်ပြောစရာမရှိတာကြောင့်
အဲဒီနေ့က ကျွန်မတို့ နှစ်ယောက်ရဲ့ ညနေခင်းလေးဟာ ပြီးပြည့်စုံသွားပါတယ်။
ရန်ကုန်မှာ နေ့လယ်စာနဲ့ ညစာအတွက် တခြားရွေးချယ်စရာဆိုင်တွေ ရှိနိုင်ပေမယ့် ညသန်းခေါင်
ဗိုက်ဆာတာပဲဖြစ်ဖြစ်၊ ကလပ်ကအပြန် အပန်းဖြေရင်း အစားစားချင်တယ်ဆိုရင်တော့ 365 Cafe
က စိတ်ကျေနပ်မှုတွေ ပေးနိုင်မယ်လို့ ထင်ရတာကြောင့် နောက်ဆို သန်းခေါင်ချိန်တွေမှာ
အစားကောင်း စားချင်စိတ်ဖြစ်လာရင် ဒီဆိုင်ကို သွားမယ်လို့လည်း စိတ်ထဲမှာ တွေးလိုက်မိပါသေး
တယ်။
365 Cafe
သမ္မတဟိုတယ်အောက်၊ အလံပြဘုရားလမ်း။
Food: 7
Beverage: 8
Service: 6
X-factor: 7
Value for money: 6
Restaurant Rating: 
