ငှက်ပျောသီးနဲ့ ပြုလုပ်တဲ့ မနက်ခင်းစာ

ငှက်ပျောသီးနဲ့ ပြုလုပ်တဲ့ မနက်ခင်းစာ

ငှက်ပျောသီးကို အဆာပြေပဲဖြစ်ဖြစ်၊ အချိုတည်းဖို့ပဲဖြစ်ဖြစ် မျိုးစုံလုပ်စားကြပါတယ်။ အရှေ့တိုင်း
ရော၊ အနောက်တိုင်းမှာပါ ငှက်ပျောသီးကို မုန့်ပဲသားရေစာ လုပ်ရာမှာ မျိုးစုံသုံးကြတာကို တွေ့ရပါ
တယ်။

ငှက်ပျောသီးက အာဟာရပြည့်ဝသလို ဈေးလည်းအချိုဆုံးပါ။

တစ်ခါတုန်းကလည်း ငှက်ပျောသီးအချိုပွဲလေး ရေးခဲ့ဖူးပါတယ်။

အခုလည်း ဖြိုးအနေနဲ့ ဟင်းတွေချည်းပဲ ချက်နေရတာရယ်၊ စာဖတ်သူတွေလည်း အသစ်အဆန်း
လေးဖြစ်အောင် အချိုပွဲလေးအကြောင်း ပြောင်းရေးလိုက်ပါဦးမယ်။

အိမ်က သမီးလေးက စကားလုံးတွေတော်တော်များ သိလာပြီမို့ စကားကြွယ်လာပါပြီ။

သူစားချင်တာ၊ မကြိုက်တာကိုလည်း ပြောတတ်လာတာမို့ အမေလည်း စကားတွေအများကြီးနဲ့
ပြန်လည်ချေပနေရပါပြီ။

အခုတစ်လော မနက်မှာ muesli (မူဆလီ)ကို ကျွေးလို့မရတာမို့ ကြံဖန်ပြီး အမျိုးစုံလုပ်ပြီးကျွေးရပါ
တယ်။

ဒါနဲ့ အသီးရော၊ muesli ပါ ရောပါအောင် ဘယ်လိုလုပ်ရမလဲလို့ နည်းလမ်းလေးတွေလိုက်ရှာရင်း၊
စဉ်းစားရင်းနဲ့ မနက်စာငှက်ပျောသီး muesli ball ကို လုပ်ဖြစ်သွားပါတယ်။

ငှက်ပျောသီး မူဆလီလုံး
ပါ၀င်ပစ္စည်း
(၂ ဦးစာ)

ဖီးကြမ်းငှက်ပျောသီး ၂ လုံး (အနေတော်အရွယ်)
ပျားရည်စားပွဲဇွန်း ၂ ဇွန်း
ကြိုက်နှစ်သက်ရာ muesli ၁ ခွက်
ဖရုံစေ့ စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ

ငှက်ပျောသီးမှည့်မှည့်များကို အခွံနွှာပြီး ဖန်ပန်းကန်တစ်လုံးထဲမှာ ခက်ရင်းနဲ့ထိုးချေပါ။

နောက် ပျားရည်ထည့်ပြီး နှံ့အောင်မွှေပါ။

ပြီးရင် muesli များနဲ့ ဖရုံစေ့များကိုထည့်ပြီး သမအောင်မွှေပါ။

အားလုံးနှ့ံသွားပြီဆိုရင် muesli များကို ဇွန်းနဲ့ခပ်ပြီး အလုံးလေးများဖြစ်အောင် ဇွန်းနောက်
တစ်ချောင်းကို သုံးကာ လုံးယူပါ။

ပြီးရင် ပန်းကန်ပြား (သို့) ခွက်လေးတွေထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ပြီး ခဲထားပါ။

စားကာနီးမှာ အသာလေးထုတ်ပြီး ထုံးစံအတိုင်း နွားနို့အေးအေးလေးဆမ်းကာ စားနိုင်ပါတယ်။

ဒိန်ချဉ်နဲ့လည်း တွဲစားနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း ဒီအတိုင်း snack အဖြစ် စားနိုင်ပါတယ်။

Muesli ကို ကြိုက်နှစ်သက်ရာတံဆိပ်ကို သုံးနိုင်ပါတယ်။

ကလေးတွေအတွက်ဆိုရင်တော့ အချို၊ သကြားပါတာမျိုးတွေကို လျှော့ပေါ့။ နောက်ပြီး အခွံမာ
အသီးလေးတွေကိုလည်း ထည့်နိုင်ပါတယ်။

အာဟာရပြည့်ဝပြီး အရသာလည်းရှိသလို ကျန်းမာရေး နဲ့လည်း ညီညွတ်ပါတယ်။

ငှက်ပျောသီး ပျားရည်ထောပတ်မွှေး
ပါ၀င်ပစ္စည်း
(၂ ဦးစာ)

ဖီးကြမ်းငှက်ပျောသီး ၂ လုံး (အနေတော်အရွယ်)
ပျားရည်စားပွဲဇွန်း ၂ ဇွန်းခွဲ
ထောပတ်စားပွဲဇွန်း ၂ ဇွန်း
သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပြင်ဆင်ပုံ

ငှက်ပျောသီးမှည့်မှည့်များကို အခွံနွှာပြီး ဖန်ပန်းကန်တစ်လုံးထဲမှာ ခရင်းနဲ့ ထိုးချေပါ။

နောက် ပျားရည်ထည့်ပြီး နှံ့အောင်မွှေပါ။

နောက် ထောပတ်က မာနေရင်ပျော့အိလာတဲ့အထိ အပြင်မှာထားပါ။

ပျော့လာတဲ့ထောပတ်ကို ငှက်ပျောသီးအနှစ်ထဲမှာ ထည့်ကာ နှံ့အောင်မွှေရင်း သစ်ကြံပိုးခေါက်မှုန့်
ကိုလည်း ထည့်ပြီးမွှေပါ

ပြီးရင် ဆီစိမ်စက္ကူကို ထောင့်မှန်စတုဂံပုံစံဖြတ်ပြီး စားပွဲပေါ်မှာဖြန့်ထားပါ။

ထောပတ်တွေကို ထည့်လှိမ့်ရန်ဖြစ်ပါတယ်။

စက္ကူပေါ်မှာ ငှက်ပျော ထောပတ်များကို အမြောင်းလိုက်ဖြစ်အောင် တင်ပါ။

နောက် ဆီစိမ် စက္ကူကို အသာမကာ ထောပတ်များကို အလိပ်လိုက်ဖြစ်သွားအောင် လိပ်ယူပါ။

ပြီးရင် ထောပတ်လိပ်ကို ရေခဲသေတ္တာအအေးဆုံးခန်းထဲမှာ ထည့်ပြီး ခဲယူပါ။

စားကာနီးမှ ထုတ်ကာ ထောပတ်လိုမျိုး ပျော့လာအောင်စောင့်ပြီး ပေါင်မုန့်၊ ဘီစကစ်တို့ပေါ်မှာ
သုတ်ပြီး စားနိုင်ပါတယ်။

ပေါင်မုန့်လေးကို မီးကင်ပြီး ပျားရည်နံ့သင်းတဲ့ငှက်ပျောထောပတ်လေးကိုသုတ်ပြီး မနက်ခင်းစာကို
တည်ခင်းနိုင်ပါတယ်။

 
[