ဘဝဟန်ပြောင်းပြီး သင်ယူပါ

ဘဝဟန်ပြောင်းပြီး သင်ယူပါ

လက်ရှိအနေအထားထက်မြင့်မားတဲ့ ဘဝတစ်ခုကို ပြောင်းလဲရရှိလို သူတွေဟာ ဘဝဟန်
(Life Style) တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲရလေ့ ရှိပါတယ်။ တိုးတက်ဖို့အတွက်
ဘဝဟန်ကိုပြောင်းလဲတဲ့အခါ တစ်နေ့ တာအချိန်အတွင်း ကိုယ်အတွက် အကျိုးမရှိတာတွေ
ကို လုပ်တဲ့အချိန်တွေ ထဲက တိုးတက်မှုအတွက် လိုအပ်တဲ့ သင်ယူမှုတွေအတွက် နည်း
နည်းစီ ဖဲ့ပြီး အစားထိုး ပေးရလေ့ရှိပါတယ်။

သင်ယူတယ်ဆိုတာ စာသင်ခန်းမှာဘဲလုပ်လို့ရတဲ့အရာမျိုး မဟုတ်သလို သင်ကြားပေးမယ့်
ဆရာတစ်ဦးအနားမှာရှိမှလဲ လုပ်လို့ရတာ မျိုးမဟုတ်ပါဘူး။ သင်ယူလိုစိတ်သာရှိရင်
နေ့စဉ်ဘဝဟာ စာသင်ခန်း လိုပါဘဲ။ သင်ယူလိုစိတ်သာရှိနေမယ်ဆိုရင် မိမိတိုးတက်ဖြစ်ထွန်းချင် တဲ့နယ်ပယ်မှာ တွေ့နေမြင်နေရတဲ့ ပြောင်းလဲမှုအရပ်ရပ်ဟာလည်း ဆရာကောင်းများသဖွယ်
ဖြစ်လာမှာ ပါ။ပြောင်းလဲမှုအရပ်ရပ်ဟာ ကြည့်ရုံ သက်သက်ကြည့်တဲ့သူတွေအတွက်
မြင်ကွင်းတွေသာဖြစ်ပြီး ဆင်ခြင်သုံးသပ်တတ်သူတွေ အတွက်ကတော့ သင်ခန်းစာတွေဖြစ်ပါ
တယ်။

ဘဝထဲက ဒီလိုသင်ယူရမှာဖြစ်သလို တိုးတက်မှုကို အရှိန်အဟုန်မြှင့်ပေးမယ့် အသိပညာနဲ့
အတတ်ပညာတွေကိုလည်း သတ်သတ်မှတ်မှတ် အချိန်ပေးပြီးသင်ယူရဦးမှာပါ။ လူတစ်ယောက်
ဟာ ဘာသာရပ်တစ်ခုကို တစ်နေ့ တစ်နာရီနှုန်းနဲ့ ငါးနှစ်အချိန်ပေးပြီးသင်ယူသွားရင်
အဲဒီဘာသာရပ်မှာ ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ သုတေသီတွေ
က ဆိုပါတယ်။

ဒီလိုလေ့လာသင်ယူခဲ့ရင် အသိပညာ တိုးတက်လာရုံတင်မကဘူး ကိုယ်ဘယ်အတိုင်းအတာ
အထိ သင်ယူသွားရဦးမယ်ဆိုတာကိုပါ သိလာမှာ ဖြစ်ပါတယ်။ အဲဒီလိုသိလာလေလေ ပိုပြီး
တိုးတက်ချင်လာလေလေဘဲ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့တိုးတက်လာဖို့ဆိုတာက
ကိုယ့်အချိန်ကို ပီပီပြင်ပြင် စီမံခန့်ခွဲတတ်ဖို့က အရေးအကြီးဆုံးနေရာက ပါ၀င်ပါတယ်။

ဒါကြောင့် ကိုယ်မျှော်လင့်ထားတဲ့ တန်ဖိုးတွေကိုမပေးနိုင်တဲ့ စာအုပ်တွေ၊ တိပ်ခွေတွေ၊
ဆွေးနွေးပွဲတွေကို အချိန်ပေးပြီး ဖတ်မနေ၊ နားထောင် မနေတော့ဘူးလို့ ဆုံးဖြတ်ပြီး
ကိုယ်ရဲ့ဘဝဟန်ကို ပြောင်းလဲရတော့မှာပါ။ ဘာမှသိပ်မဟုတ်တဲ့အရာတွေအတွက် အချိန်
ကုန်ခံ မနေတတ်တဲ့ ဘဝဟန်မျိုးပါ။ ကိုယ့်တိုးတက်မှုအတွက် အရေးမပါတဲ့ အရာတွေ
အတွက် အချိန်ကုန်ခံ မနေတတ်တဲ့ ဘဝဟန်မျိုးနဲ့ နေသားတကျဖြစ်လာအောင်
အဖိုးတန်နိုင် တဲ့အရာတွေကိုသာ အာရုံစိုက်တတ်တဲ့ အလေ့အကျင့်၊တစ်ချိန်ချိန်မှာ
တန်ဖိုး ရှိလာနိုင်တာတွေကို သိမြင်စုဆောင်း တတ်တဲ့ အကျင့်တွေကို မွေးမြူ သွားရမှာ
ပါ။

ဥပမာအားဖြင့် ကိုယ်ဖတ်ရင်းတွေ့တဲ့ အဆိုအမိန့်တွေ၊ ပုံဝတ္ထုတွေနှင့် အယူအဆတွေကို
ဖိုင်တွဲထားတာမျိုးပါ။ ဒီလို အလေ့အကျင့်ကြောင့် အနာဂတ်မှာ ကိုယ့်အတွက်အသုံး
တည့်မယ့် အရာတွေကို ရသွားစေနိုင်တဲ့အပြင် ကိုယ့်ဘဝတိုးတက်မှုအတွက် အာရုံစူး
စိုက်ရ မယ့်အရာတွေကို ပိုပြီးစူးစိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တစ်ခုခု အတွက်
အချိန်ပေးခဲ့ရတာတန်ရဲ့လား၊ ကိုယ်ဖတ်မိတဲ့ စာအုပ်ကော တန်ဖိုးရှိရဲ့လား
ဆိုတာမျိုးတွေကို ဆင်ခြင်နိုင်စွမ်းတွေရှိလာမှာပါ။

ကိုယ့်လုပ်ငန်းမှာ ကြံုခဲ့ရတာတွေထဲကလည်း ထူးခြားတဲ့အတွေ့အကြံုနဲ့ နည်း
လမ်းတွေကို မှတ်တမ်းတင်သင့်ပါတယ်။ ဒီလိုအလေ့အကျင့်တွေ ရှိလာရင်
ကိုယ့်အတွက် အသုံးမတည့်တဲ့အရာတွေကို ရှောင်လွှဲသွားနိုင်ပြီး တိုးတက်မှုကို
ဦးတည်တဲ့ လမ်းကို လျှောက်မှန်းမသိ ဖြောင့် ဖြောင့်ကြီး လျှောက်သွားနိုင်မှာပါ။
ဒါဟာတိုးတက်မှုအတွက် ဘာကိုဦးစားပေးမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပြီး
လျှောက်လှမ်းရတဲ့ ဘဝဟန် မျိုးဖြစ်ပါတယ်။ ဒီလိုဘဝ ဟန်မျိုးနဲ့နေသားတ
ကျဖြစ်အောင်၊ နှစ်သက်လာအောင် ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းကြပ်မတ်ရမှာဖြစ်ပါတယ်။

ပန်းတိုင်ကို ရောက်ချင်ရင်ပန်းတိုင် ရောက်အောင် သွားတဲ့ခရီးရဲ့အရသာကို ခံစားမြတ်နိုး
တတ်ရမယ် မဟုတ်လား။ အဲဒီလိုမှ မခံစားတတ်ဘူး ဆိုရင် တိုးတက်ချင်စိတ်ရှိတယ်
ဆိုတာ ဟုတ်ကောဟုတ်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတော့မှာပါ။

 
[