Blue Galaxy ဆိုင်လေးမှာ ဥရောပအစားအစာ၊ တရုတ်အစားအစာနဲ့ ကိုရီးယားအစားအစာတွေကို
သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရနိုင်ပေမယ့် ဒီဆိုင်ရဲ့ အဓိက လူကြိုက်အများဆုံးကတော့ ထိုင်းစတိုင်
အကင်မျိုးစုံပဲ ဖြစ်ပါတယ်။
ကိုယ်တိုင်ချက်ပြုတ် ကြော်လှော် စားသောက်နိုင်တဲ့ စတိုင်သစ်လေးကြောင့် ဆိုင်သက်တမ်း
တစ်နှစ်ကျော်အတွင်းမှာပဲ ပုံမှန်စားသောက်သူတွေ၊ ဖောက်သည်တွေနဲ့ စည်ကားနေတာဖြစ်နိုင်
ပါတယ်။
စားပွဲခုံတော်တော်များများကို ဆိုင်အတွင်းမှာရော ဆိုင်အပြင်မှာပါ အပြင်အဆင်မျိုးစုံနဲ့ ခင်းကျင်း
ထားတာကြောင့် မိတ်ဆွေအပေါင်း အသင်းတွေနဲ့ တပျော်တပါးကြီး သွားလို့ ကောင်းမယ့်နေရာပဲ
ဖြစ်ပါတယ်။
ကျွန်မတို့ သုံးယောက်အဖွဲ့ကတော့ အေးအေးလူလူ ရှိရအောင် ဆိုင်တွင်းမှာ စားပွဲခုံ ၁၀ ခုံ
ခင်းကျင်းထားတဲ့ထဲက နှစ်ကောင်အား ချီဂိုအဲကွန်း ရှေ့ထောင့်စွန်ကျကျနေရာမှာ စိတ်တူကိုယ်တူ
နေရာယူလိုက်ကြပါတယ်။
အချိန်က ညနေစောင်း ၆ နာရီခွဲလောက် ရှိပြီဖြစ်တာကြောင့် ဆိုင်တွင်းမှာလည်း စားသုံးသူ
တော်တော်များများက အကင်မျိုးစုံကို ကြော်လှော်နေကြပါပြီ။
လတ်လတ်ဆတ်ဆတ် အကင်မျိုးစုံက ထွက်လာတဲ့ အကင်နံ့ခပ်သင်းသင်းလေးကလည်း
ကျွန်မတို့ကို ဆွဲဆောင်နေပါတယ်။
ဒီစားသောက်ဆိုင်လေးမှာ စနေ၊ တနင်္ဂနွေအတွက် အထူးအစီအစဉ်ဖြစ်တဲ့ ညနေ ၆ နာရီကနေ
၁၀ နာရီကြားကို တစ်ယောက်ကို ကျပ် ၉,၀၀၀ နှုန်းနဲ့ စားသုံးနိုင်တဲ့ ဘူဖေးအစီအစဉ်ကလည်း
ကြားတာနဲ့တင် သွားရေကျစရာပါပဲ။
ဥရောပအစားအစာ၊ တရုတ်စာတွေအပြင် အမည် ၁၂ မျိုးလောက်ရှိတဲ့ အကင်တွေကို မြည်းစမ်း
ရမှာပါ။
ဒါ့ပြင် အချိုပွဲအတွက် အသီးမျိုးစုံ၊ အရွက်သုပ်တွေနဲ့ အချိုရည်ယမကာသာမက ကော့တေးတွေနဲ့ပါ
တည်ခင်းဧည့်ခံသွားမှာ ဖြစ်ပါတယ်။
ဆိုင်က မီနူးကို လေ့လာကြည့်တဲ့ အခါမှာတော့ ထိုင်းစတိုင် အကင်အမျိုးအစားဖြစ်တဲ့ အမဲသား၊
၀က်သုံးထပ်သား၊ ဆိတ်သား၊ ကြက်သား၊ ပင်လယ်စာစတဲ့ အကင်ပေါင်းလေးဆယ်အပြင် ထမင်းနဲ့
ပါတွဲဖက်စားနိုင်တဲ့ ဟင်းအမည်တွေကိုပါ တွေ့ရပါတယ်။
ကျွန်မတို့ရဲ့ စားသောက်ပွဲကြီး ဆင်နွှဲဖို့အတွက် အကင်တွေဖြစ်တဲ့ ၀က်သုံးထပ်သား၊ အရွက်စုံ၊ အမဲ
ငရုတ်ကောင်း၊ အရွက်စုံတို့အပြင် ထမင်းနဲ့တွဲဖက်စားဖို့ ပင်လယ်စာချဉ်စပ် တစ်ပွဲ (ကျပ် ၄,၅၀၀)ကို
မှာလိုက်ပါတယ်။
သိပ်မကြာခင်အချိန်တွင်းမှာပဲ အကင်ကင်ဖို့အတွက် လိပ်ခုံးပုံစံကြေးအကင်အိုးနဲ့ ဂက်စ်မီးဖိုတို့အပြင်
အကင်နဲ့ တွဲဖက်သုံးဆောင်နိုင် မယ့် ကြက်ရိုး၊ ဂျင်း၊ ရှောက်ရွက်၊ မကျည်းနှစ်၊ ပဒဲကော၊ စပါးလင်
တို့နဲ့ ချက်ပြုတ်ထားတဲ့ ဆူကီဟင်းရည်ကို ရွှေရောင်တောက်နေတဲ့ ကြေးရေနွေး ကရားအိုး
အပြည့်နဲ့ လာချပေးပါတယ်။
အဲဒီနောက်မှာတော့ သေသပ်သန့်ရှင်းစွာ ၀တ်ဆင်ထားတဲ့ စားပွဲထိုးလေးက ကျွန်မတို့ မှာယူထား
တဲ့ အစားအစာတွေကို စားဖိုခန်းကနေ သယ်ဆောင်လာပါတယ်။
တခြားစားပွဲဝိုင်းက ချက်ပြုတ်ကြော်လှော် နေကြတာကြောင့် ကျွန်မတို့ သုံးယောက်စလုံးရဲ့ ဗိုက်ထဲ
မှာ ကုလားဘုရားပွဲ လှည့်နေသလိုမျိုး အသံပေါင်းစုံ မြည်နေပါပြီ။
အစားအသောက်တွေ ရောက်လာချိန်မှာတော့ စားပွဲထိုးလေးက ကင်ပေးရမလားလို့ တရိုတသေ
မေးပေမယ့် ကျွန်မအနေနဲ့ အတွေ့အကြံုရှိထားပြီးသားဖြစ်တာကြောင့် လက်ကာပြလိုက်ပြီး ကျွန်မ
အဖော်နှစ်ယောက်ကို ဆရာကြီးပုံစံဖမ်းလို့ လုပ်ပြလိုက်ပါတယ်။
ဂက်စ်မီးဖိုကို ဖွင့်လိုက်ပြီးတော့ လိပ်ခုံးပုံစံ ကြေးအကင်အိုးပေါ်မှာ အကင်တွေ ကင်ရလွယ်အောင်နဲ့
အိုးမကပ်အောင် ၀က်သားအဆီ တုံးကိုတင် (အဲဒီဝက်သားတုံးက အိုးမှာ သုတ်ဖို့အတွက် ဆိုင်က
စီစဉ်ပေးတာပါ)၊ အကင်အိုး ဘေးက မြောင်းထဲကိုလည်း ကရားအိုးထဲက ဆူကီဟင်းရည်ကို
လောင်းထည့်လိုက်ပြီး အရွက်စုံကိုလည်း ဟင်းရည်ထဲနှစ်ပြီး ပြုတ်ထားလိုက်ပါတယ်။
၀က်သားမစားတဲ့ သူတွေဆိုရင်လည်း ဆိုင်က ချိစ်တုံးနဲ့ အိုးသုတ်လို့ရအောင် ပြင်ဆင်ပေးတော့
အဆင်ပြေမယ်လို့ ထင်ပါတယ်။
ပထမဦးဆုံး ကျွန်မအကြိုက် သုံးထပ်သားခပ်ပါးပါး အကင်လေးတွေကို တူနဲ့ညှပ်ယူပြီး စောစောက
လိပ်ခုံးအိုးပေါ်ကိုတင်လို့ ကိုယ်တိုင် စကင်ပါပြီ။
အဲဒီတော့မှ ကျွန်မ အဖော်တွေက သူတို့စားချင်တဲ့အသားကို ယူပြီးဝိုင်း ကင်လိုက်ပါတယ်။
'ရှဲ'ဆိုတဲ့အသံနဲ့အတူ သုံးထပ်သားကင်ရဲ့ အနံ့က လှိုင်တက်လို့လာပါတယ်။ ကျွန်မ
တစ်ယောက်တည်းတင် မကပါဘူး၊ သူငယ်ချင်းတွေပါ အနောက်က ကျားလိုက်လာတဲ့အလား
လျင်လျင်မြန်မြန်ပဲ ကင်ပြီးသား နီညိုရောင်သမ်းနေတဲ့ အသားတွေကို အထူးပြုလုပ်ထားတဲ့
ဆော့စ်ထဲကို စိမ်ပြီး မြည်းစမ်းလိုက်ပါတယ်။
အရသာက တကယ်ကိုကောင်းပါတယ်။ ပူနေတာကို မှုတ်ဖို့တောင် သတိမရလိုက်ပါဘူး။
ပထမဦးဆုံး သုံးထပ်သားရဲ့ နူးအိတဲ့ အရသာ၊ ငရုတ်ကောင်းနဲ့ ဆော့စ်ရဲ့ချဉ်စပ်တဲ့ အရသာက
ခံတွင်းကနေ တစ်ဆင့်လျှာပေါ်မှာရော နှာခေါင်းထဲကနေပါ မွှေးကြိုင်လို့သွားပါတယ်။
ကျွန်မနည်းတူပဲ သူငယ်ချင်း နှစ်ယောက်ကပါ မျက်လုံးတွေကို စုံမှိတ်လို့ တစ်ခဏတာ ငြိမ်ကျ
သွားပြီး ကိုယ်တိုင်ကင်ထားတဲ့ အကင်တွေကို ခံစားနေကြပါတယ်။
ရန်ကင်းမြို့နယ်၊ ဘောက်ထော်တစ်ဝိုက်မှာ ဒီလိုမျိုးအကင်ဆိုင်တွေ အမြောက်အမြားရှိပါတယ်။
ဒါပေမဲ့ ဒီဆိုင်ရဲ့ သင့်တော်တဲ့ဈေးနှုန်း၊ ဆူကီဟင်းရည်နဲ့ ကိုယ်တိုင်စီမံထားတဲ့ ဆော့စ်က
တော်တော်လေး စားလို့ကောင်းပါတယ်။
နာမည်ကျော်ဆော့စ်ကိုတော့ မကျည်းသီးမှည့်၊ ကြက်သွန်ဖြူ၊ နှမ်း၊ ငရုတ်သီးစိမ်းလှော်၊ နံနံပင်နဲ့
ထန်းလျက်ရည်တို့ကို ကြိတ်ကာ အရည်လုပ် အအေးခံထားပြီး ပြင်ဆင်ထားတာကြောင့်
ကျန်းမာရေးကို မထိခိုက်ဘူးလို့ စားဖိုမှူးအဖြစ် ၁၂ နှစ်သက်တမ်း ရရှိနေပြီဖြစ်တဲ့ Blue Galaxy က
စားဖိုမှူး ကိုဇော်လင်းထွန်းရဲ့ ပြောပြချက်အရ သိရပါတယ်။
ကိုယ်မှာစားတဲ့အပေါ် မူတည်ပြီး ကုန်ကျမှာဖြစ်ပေမယ့် ကျွန်မတို့အဖွဲ့ကတော့ ဆူကီဟင်းရည်
အတွက် ကျပ် ၂,၀၀၀၊ သုံးထပ်သားကင်နှစ်ပွဲအတွက် ၂,၄၀၀၊ အမဲသားငရုတ် ကောင်းအတွက်
၂,၈၀၀ နဲ့ အရွက်စုံနဲ့ ငုံးဥ တစ်ပွဲအတွက် ၂,၅၀၀ ပေးချေရပါတယ်။
ပင်လယ်စာဟင်းပွဲကတော့ ထမင်းနဲ့တွဲဖက် စားဖို့ ပိုသင့်တော်ပါတယ်။
ငါးအသားလွှာ၊ ပြည်ကြီးငါး၊ ကဏန်းသားအနည်းငယ်၊ ပုဇွန်နဲ့ ဂုံးသားတို့ကို ခရမ်းချဉ်သီး၊ ငရုတ်နဲ့
ဥရောပ စတိုင်ချက်ပြုတ်ထားတဲ့ ပင်လယ်စာဟင်းက ဟင်းအနှစ်တော်တော်များများ ပါ၀င်တာ
ကြောင့် များများစားရင် ငန်တဲ့အရသာကို ခံစားမိတာကြောင့်ပါ။
ဒါပေမဲ့ ဆူကီဟင်းရည်က စားချင်စိတ်ကို ပိုလို့တိုးစေပါတယ်။
ဟင်းရည်ရဲ့ အရသာက ပူစပ်စပ်နဲ့ အခိုးပွင့်သလို ခံစားရတာကြောင့် ဟင်းရည်ထဲကို ငုံးဥတွေ
ချေထည့်ပြီး အရသာ ထူးအောင် ပြင်စားခဲ့ပါတယ်။
စားသောက် ပြီးလုနီးနီးချိန်မှာတော့ ချဉ်၊ ငံ၊ စပ် အရသာ သုံးပါးတန်ခိုးကြောင့် ရေဆာသလိုလို
တောင် ရှိနေပါပြီ။
Blue Galaxy ရဲ့ ဖျော်ရည်မီနူးထဲမှာတော့ ပြည်တွင်းထုတ် ၀ိုင်နီအပြင်၊ ကော့တေးနဲ့ မြန်မာဘီယာ
တို့ကို တွေ့ရပေမယ့် ကျွန်မတို့တွေ အနေနဲ့ ရေသန့်ကိုပဲ အရသာရှိရှိမှာသောက် လိုက်ပါတယ်။
အားလုံးကို ခြံုငုံပြောရရင်တော့ Blue Galaxy က သူငယ်ချင်းတစ်သိုက် (သို့) မိသားစုလိုက်
ပျော်စရာစားပွဲ ဖန်တီးဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ချစ်သူနှစ်ဦးတည်း စကားတပြောပြောနဲ့ ညစာစားချင်
တယ်ဆိုရင်လည်း အထူးသင့်တော်တယ်လို့ ပြောချင်ပါတယ်။
Blue Galaxy
အမှတ် (၁၄)၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်။
Food: 10
Service: 9
X-factor: 7
Value for money: 9
Total Score: 8.75 /10
