ရာသီဥတုက ပူလာပြီမို့ ပူပူလောင်လောင် အကြာကြီးမချက်ရတဲ့ ဟင်းလေးတွေကို ချက်ပြုတ်ဖို့
စီစဉ်ထားပါတယ်။
ပါစတာခေါက်ဆွဲကို ၀က်ပေါင်ခြောက်ရယ်၊ zucchini လို့ခေါ်တဲ့အသီးရယ်၊ သံပရိုသီးအရည်ရယ်နဲ့
ပါစတာဆော့စ်အဖြစ်သုံးပြီး ချက်ထားပါတယ်။
ပါစတာကိုတော့ spaghetti (သို့) angel hair သုံးပါမယ်။ ၀က်သားမစားရင် ကြက်သားပြားတို့၊
ကြက်အူချောင်းတို့၊ ဒါမဟုတ် ကြက်ဆင်သားတို့နဲ့ ပြောင်းပြီး ချက်လို့ရပါတယ်။
Zucchini ဆိုတာ သခွားသီးလိုမျိုးပါ။ သူက အသားကျစ်ပြီး ထူပါတယ်။ အရမ်းမှည့်သွားမှ
အထဲကအစေ့တွေက ကြီးလာတာပါ။ နုတဲ့အချိန်ဆိုရင် အကုန်လုံးကို ခြစ်ထိုးပြီး စားလို့ရပါတယ်။
မုန်လာဥနီလိုမျိုး မုန့်ဖုတ်ရာမှာလည်း ထည့်သုံးပါတယ်။
zucchini ကိတ်မုန့်ဆိုရင် အရမ်းစားကောင်းပါတယ်။ အခု ရန်ကုန်မှာ ရနေတဲ့အမျိုးအစားက
သုပ်စားရင်ပဲဖြစ်ဖြစ်၊ ကိတ်မုန့်လုပ်ရင်ပဲဖြစ်ဖြစ် သုံးလေ့ရှိတဲ့ အမျိုးအစားမျိုးပါ။
၀က်ပေါင်ခြောက်၊ zucchini နှင့် Spaghetti
ပါ၀င်ပစ္စည်းများ
(၄ ဦးစာ)
Spaghetti အခြောက် ၃၅၀ ဂရမ်
သံလွင်ဆီ ၁/၄ ခွက်
၀က်ပေါင်ခြောက် ၂၅၀ ဂရမ်
ကြက်သွန်ဖြူ ၃ မြွှာ (ညက်ညက်ထောင်းလျက်/ညှစ်လျက်)
Zucchini ၂ လုံး (အနေတော်အရွယ်)
သံပရိုသီးအခွံ ၁ လုံးစာ
Hard cheddar ချိစ် ၁/၃ ခွက်
Parsley အရွက်အနည်းငယ်
ပြင်ဆင်ပုံ
Spaghetti ပြုတ်ဖို့အတွက် အိုးကြီးကြီးထဲမှာ အထုပ်ပါအညွှန်းအတိုင်း ရေကိုထည့်ကာ
ပွက်အောင်တည်ပါ။
ရေဆူရင် ဆားစားပွဲဇွန်း တစ်ဇွန်းထည့်ပြီး ရေပြန်ဆူအောင် ထားပါ။
ပြီးမှ spaghetti ကိုထည့်ကာ အညွှန်းပါ အချိန်အတိုင်း ပြုတ်ပါ။ ဆီထည့်မပြုတ်ပါနဲ့။
Zucchini ကို ရေဆေးပြီးရင် ခြစ်ဖြင့်ထိုးပါ။ အခွံသင်စရာမလိုပါဘူး။ ဒါပေမဲ့ အရည်အများကြီး
မထွက်အောင် ခြစ်ကိုတော့ ခပ်ကြီးကြီးလေးနဲ့ ခြစ်ပါ။
နောက် ကြက်သွန်ဖြူများကို ညှစ်ပါ (သို့) ညက်ညက်လေး ထောင်းထားပါ။
ချိစ်ကိုလည်း ခပ်ကြမ်းကြမ်းလေး ခြစ်ထားပါ။
သံပရိုခွံကိုတော့ ခြစ်ခပ်စိပ်စိပ်လေးဖြင့် ခြစ်ထားပါ။
၀က်ပေါင် ခြောက်များကို မထူမပါးလေး မီးခြစ်ဆံများကဲ့သို့ လှီးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးပြားထဲမှာ သံလွင်ဆီလက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်ကို
ထည့်ကာ ၀က်ပေါင်ခြောက်များကို ရွှေအိုရောင်လေးစသမ်းလာသည်အထိ ကြော်ပါ။
ပြီးရင် ကျန်နေတဲ့ ဆီတွေကိုထည့်ပြီး ကြက်သွန်ဖြူများကို ထည့်ကာ မိနစ်ဝက်လောက်
ဆီသတ်ပါ။
နောက်ခြစ်ထားတဲ့ zucchini များကို ထည့်ပါ။
Spaghetti ကျက်ရင် ပြုတ်ရည်ကို ဇွန်းဖြင့် ၃/၄ ခွက်စာမျှ ခပ်ပြီးဖယ်ထားပါ။
နောက် spaghetti များကို ဒယ်အိုးထဲသို့ ပြောင်းထည့်ပြီး နှ့ံအောင်မွှေကာ မီးပိတ်ပြီးချပါ။
အရသာအတွက် ဆားနဲ့ ငရုတ်ကောင်း အနက်မှုန့်တို့ကိုဖြူးကာ သမအောင်မွှေပါ။
နောက် ဖယ်ထားတဲ့ ပါစတာပြုတ်ရည်ကိုလည်း တစ်ဝက်လောက် ထည့်ပေးပါ။
သံပရိုသီးအခွံများကိုလည်း ထည့်ကာမွှေပါ။ အနံ့လေးသင်းလာပါလိမ့်မယ်။
နောက် parsley အရွက်ကိုလည်း အနည်းငယ်အုပ်ပါ။
ချိစ်ကိုတော့ စားခါနီးမှာ ဖြူးစားဖို့ချပေးပါ။ တွဲစားဖို့ကိုတော့ ဆလပ်ရွက်သုပ်လေး လုပ်ပြီး
စားနိုင်ပါတယ်။
၀က်ပေါင်ခြောက်နှင့် zucchini salad
ပါ၀င်ပစ္စည်းများ
(၄ ဦးစာ)
သံလွင်ဆီ ၁/၄ ခွက်
၀က်ပေါင်ခြောက် ၂၅၀ - ၃၀၀ ဂရမ်
ကြက်သွန်ဖြူ ၃ မြွှာ (ညက်ညက်ထောင်းလျက်/ညှစ်လျက်)
Zucchini ၂ လုံး (ခပ်လတ်လတ်)
သံပရိုသီးအခွံ ၁ လုံးစာ
သံပရိုသီးအရည် စားပွဲဇွန်း ၁ ဇွန်းခွဲ
Parsley အရွက်အနည်းငယ်
ပြင်ဆင်ပုံ
Zucchini ကို ရေဆေးပြီးရင် ခြစ်ဖြင့်ထိုးပါ။ အခွံသင်စရာမလိုပါဘူး။
ဒါပေမဲ့ အရည်အများကြီး မထွက်ရအောင်လို့ ခြစ်ကိုတော့ ခပ်ကြီးကြီးလေးနဲ့ ခြစ်ပါ။
နောက် ကြက်သွန်ဖြူများကိုညှစ်ပါ (သို့) ညက်ညက်လေး ထောင်းထားပါ။
ချိစ်ကိုလည်း ခပ်ကြမ်းကြမ်းလေး ခြစ်ထားပါ။
သံပရိုခွံကိုတော့ ခြစ်ခပ်စိပ်စိပ်လေးဖြင့်ခြစ်ထားပါ။
၀က်ပေါင်ခြောက်များကို မထူမပါးလေး မီးခြစ် ဆံများကဲ့သို့ လှီးပါ။
အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးပြားထဲမှာ သံလွင်ဆီလက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်ကို
ထည့်ကာ ၀က်ပေါင်ခြောက်များကို ရွှေအိုရောင်လေး စသမ်းလာသည်အထိ ကြော်ပါ။
ပြီးရင် အိုးကိုချကာ ကျန်နေတဲ့ဆီကိုလည်း ထည့်ပါ။
ကြက်သွန်ဖြူများနဲ့ ခြစ်ထားတဲ့ zucchini များကို ထည့်ပြီး မွှေပါ။
နောက် သံပရိုခွံနဲ့ သံပရိုသီးအရည်ကိုထည့်ပါ။
အရသာအတွက် ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်တို့ကိုဖြူးကာ သမအောင်မွှေပါ။
Psrsley အရွက်ကိုထည့်ကာ အသားပွဲများနဲ့ သုံးဆောင်ပါ။
