ပုလဲကွန်ဒိုက ပြင်သစ်စတိုင် ကိတ်မုန့်ဆိုင်လေး

La Tartine ပြင်သစ်စားသောက်ဆိုင်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
La Tartine ပြင်သစ်စားသောက်ဆိုင်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ပုလဲကွန်ဒိုက ပြင်သစ်စတိုင် ကိတ်မုန့်ဆိုင်လေး

ချိုချိုအီအီ အရသာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ပုလဲကွန်ဒိုက La Tartine ဆိုတဲ့
ပြင်သစ်ကိတ်မုန့်ဆိုင်လေးက ရွေးချယ်ဖို့ အသင့်တော်ဆုံးနေရာလေးဖြစ်မှာပါ။

ပြင်သစ် လူမျိုးကိုယ်တိုင်ပြုလုပ်တဲ့ ကိတ်မုန့်၊ ပေါင်မုန့် အမယ် ၂၅ မျိုးလောက်ကို နေ့စဉ်ပြောင်းလဲ
ပြုလုပ်ပေးနေတာမို့ ကြိုက်နှစ်သက်ရာ ရွေးချယ်စားနိုင်ဖို့ အခွင့်အရေးရှိပါတယ်။

ဒီဆိုင်လေးဟာ ဖွင့်တာ နှစ်ပတ်လောက်ပဲ ရှိသေးပေမယ့် လူစည်ကားနေပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ဆိုင်ခန်းအတွင်းပိုင်းကို ရိုးရှင်းတဲ့ အပြင်အဆင်တွေနဲ့ပဲ မွမ်းမံထားပါတယ်။

ဒါပေမဲ့ ခုံတွေများများစားစား ခင်းမထားတာကြောင့် ဆိုင်မှာ လူများနေရင်တော့ ထိုင်စားတာထက်
၀ယ်သွားတာက ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။

ပေါင်မုန့်နဲ့ ကိတ်မုန့်တွေရဲ့ ဈေးနှုန်းက ကျပ် ၂,၀၀၀ ကနေ ၁၀,၀၀၀ အထိရှိပြီးတော့ ကျွန်မ
သွားဖြစ်တဲ့နေ့ကတော့ Baguette, Traditional baguett နဲ့ Ciabatta ပေါင်မုန့် သုံးမျိုး ရရှိတာ
ကိုတွေ့ရပါတယ်။

တွဲဖက်ပြီး သောက်စရာကတော့ သိပ်များများစားစား မရှိပါဘူး။ အအေးဘူးရယ်၊ ကော်ဖီရယ်ပဲ
ရပါ တယ်။

ဒါပေမဲ့ ကော်ဖီကတော့ ပြင်သစ်က နာမည်ကြီးကော်ဖီ Malongo ဖြစ်ပြီး cappuccino,
espresso, latte, Americano စတဲ့ အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

ကျွန်မ cappuccino ကို မှာသောက်လိုက်ပါတယ်။

ဒါဟာ ကော်ဖီသောက်လေ့မရှိတဲ့ ကျွန်မအတွက် ပထမဆုံး အတွေ့အကြံုပဲဖြစ်ပါတယ်။

ဒီတော့ ကျွန်မအတွက်တော့ အရသာက တော်တော်လေးပြင်းနေပါတယ်။

ဒါပေမဲ့ သူ့ရနံ့လေးကတော့ တကယ်ကောင်းပါတယ်။

စူးရှရှကြီးမဟုတ်ဘဲ သောက်နေကျမဟုတ်တဲ့ သူတွေအတွက်တောင် ကျေနပ်နှစ်သိမ့်ဖွယ်
ရနံ့လေးဖြစ်စေပါတယ်။

ကျွန်မ နောက်မှ သိရတာက ကော်ဖီကို ပထမဦးဆုံးသောက်တယ်ဆိုရင် အရသာပျော့တဲ့ latte နဲ့
စသင့်တယ် ဆိုတာပါပဲ။

ဒီဆိုင်လေးရဲ့ အထူးခြားဆုံး အစားအစာကတော့ ချောကလက် Macaroon ပါပဲ။

ကျွန်မ သတိထားကြည့်မိတာကတော့ ဒီဆိုင်ကိုလာတဲ့ နိုင်ငံခြားသားဧည့်သည် အားလုံးနီးပါး
မှာစားကြတာပါပဲ။

အချိုကဲတဲ့ အရသာက ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့ မြန်မာလူမျိုးတွေရဲ့ အကြိုက်ဖြစ်ဖို့တော့
သိပ်မသေချာပါဘူး။

ချောကလက် Macaroon က ကွတ်ကီးလို မာမာကြွပ်ကြွပ်ကလေးရဲ့ အတွင်းပိုင်းမှာ ချိုအီတဲ့
ချောကလက်အနှစ်တွေရဲ့ အရသာကို ခံစား နိုင်မှာပါ။ ဈေးနှုန်းကတော့ တစ်ခုကို ကျပ် ၄,၅၀၀
ဖြစ်ပါတယ်။

အဲဒီ Macaroon ကိုပဲ အန့ံအရသာအမျိုးမျိုးနဲ့ ရရှိနိုင်ပါသေးတယ်။ တစ်ကိုက်စာလောက်ပဲ
ရှိတဲ့ သေးငယ်တဲ့ Macaroon ခြောက်ခုပါ စက္ကူဘူးတစ်ခုကို ကျပ် ရ,၅၀၀ ရှိပါတယ်။

ချဉ်ချိုချိုအရသာလေး နဲ့ လီမွန် Macaroon ကတော့ သိပ်မချိုတဲ့အတွက် အချိုမကြိုက်တဲ့သူတွေ
နှစ်သက်မှာပါ။

Maxi flan ဆိုတဲ့ ပူတင်းကိတ်ကလေး (ကျပ် ၄,၅၀၀) ကတော့ ကြက်ဥနဲ့နို့ကို အသုံးပြုပြီး ပြုလုပ်
ထားတဲ့အတွက် အချိုအရသာထက် အဆိမ့်အရသာက ပိုပါတယ်။ အရွယ်အစားလည်း ကြီးတာ
ကြောင့် တစ်ခုတည်းနဲ့ ဗိုက်ပြည့်သွားတာပါ။

အချိုတွေ၊ အဆိမ့်တွေစားပြီး အီဆိမ့်သွားတာမို့ အအီပြေဖို့အတွက် Red Fruit Reflet
(ကျပ် ၃,၀၀၀) ကို မှာလိုက်ပါတယ်။

အလွှာသုံးလွှာရှိတဲ့ ဒီကိတ်မုန့်လေးက အချဉ်အရသာ၊ အချိုအရသာနဲ့ ကိတ်သားတွေကို
တစ်လွှာစီ ထပ်တင်ထားတာပါ။

ဒီဆိုင်လေးရဲ့ ထူးခြားချက်က ကိတ်မုန့်၊ ပေါင်မုန့် အားလုံးကို ပြင်သစ်ကနေ တိုက်ရိုက်မှာထားတဲ့
ကုန်ကြမ်းတွေနဲ့ပဲ ပြုလုပ်ထားတာပါ။

နေရာကျယ်ဝန်းတဲ့အတွက် နှစ်ပတ်လည် ပွဲတွေ၊ မွေးနေ့ပါတီတွေကို ကိုယ့်မိတ်ဆွေတွေနဲ့
ကျင်းပလို့ ရနိုင်ပါတယ်။

ဆိုင်က လူများလည်း တိတ်ဆိတ်တာမို့ အချိန်ကို အေးအေးဆေးဆေး ကုန်ဆုံးချင်တဲ့သူတွေ
အတွက် အဆင်ပြေမယ့် နေရာလေးပါ။

၀န်ထမ်းနှစ်ဦးသာ ရှိလို့ ၀န်ဆောင်မှု အပိုင်းကတော့ အားနည်းနေပါသေးတယ်။

အင်တာနက်အသုံးပြုနိုင်အောင် wifi လွှင့်ပေးထားပေမယ့် ထုံးစံအတိုင်း ကွန်နက်ရှင်က
မကောင်းပါဘူး။

အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့စနစ်ကိုလည်း စီစဉ်နေပြီး မနက်စာတွေနဲ့ နေ့လယ်စာကိုပါ
ထည့်သွင်းရောင်းချနိုင်အောင် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အနှစ်ချုပ်ဆိုရရင်တော့ La Tartine ဆိုတဲ့ ကိတ်မုန့်ဆိုင်လေးက ဈေးနှုန်းအရမ်းမချိုသာပေမယ့်
ပြင်သစ်ကိတ်မုန့် အရသာကောင်း ကောင်းကြိုက်သူတွေ စိတ်တိုင်းကျမယ့် နေရာလေး
တစ်နေရာပါပဲ။

La Tartine
ပုလဲကွန်ဒိုမြေညီထပ်(မျက်နှာစာတန်း)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။

 
[