ဒီတစ်ပတ်တော့ သိပ်နေမကောင်းတာရယ်၊ နေပူထဲမှာ အပြင်ထွက်ရတာ များသွားတာရယ်နဲ့
ရောပြီး ပူလွန်းလို့ ခံတွင်းကလည်း သိပ်မလိုက်တော့ အစားအသောက်အကြောင်းတောင်
မစဉ်းစားချင်သလို ဖြစ်သွားပါတယ်။
ဒါနဲ့ပဲ ချဉ်၊ ငန်၊ စပ်လေးများစားရင် ခံတွင်းတွေ့မလားဆိုပြီး ပဲပြားသုပ်လေးကို ထိုင်းစတိုင်လေး
သုပ်ပြီး မြည်းဖြစ်သွားတယ်။
နောက်ပြီး စားနေကျထမင်းကို ပဲစိမ်းလုံးလေးတွေနဲ့ အရောင်လေးတွေ နည်းနည်းထည့်ပြီး
စိုစိုပြည်ပြည်လေးဖြစ်အောင် ဖန်တီးလိုက်ပါတယ်။
ဒီတော့လည်း အမြင်လေးပြောင်းပြီး စားဝင်သွားတာပေါ့။
ထိုင်းစတိုင် ချဉ်၊ ငန်၊ စပ် ပဲပြားကြော်သုပ်
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ပဲပြား ၃ ခု
ဂေါ်ဖီ ဂရမ် ၂၀၀ ခန့်
ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း ၁ ဇွန်း
ပုစွန်ခြောက်မှုန့် စားပွဲဇွန်း ၂ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ ၁ ခွက် (ကြော်ရန် လိုအပ်ရင် ထပ်ထည့်ပါ)
ကြက်သွန်နီ ၂ လုံး (အနေတော်အရွယ်)
မြေပဲဆားလှော် (အခွံချွတ်ပြီးသား) စားပွဲဇွန်း ၃ ဇွန်း
အချဉ်ရည်အတွက် ပါ၀င်ပစ္စည်းများ
ငံပြာရည် ၁/၄ ခွက်
သကြား စားပွဲဇွန်း ၂ ဇွန်းခွဲ
သံပရာရည် ၁/၄ ခွက်
ငရုတ်သီးစိမ်း ၃ တောင့်
ကြက်သွန်ဖြူ ၃ မြွှာ
ပြင်ဆင်ပုံ
ပဲပြားကို ရေဆေးပြီး ရေစင်အောင် စစ်ထားပါ။ ရေစင်မှ ကြော်တဲ့အခါ ဆီပေါက်သက်သာမှာပါ။
ကြက်သွန်နီများကို ပါးပါးလေးလှီး၊ ၁၀ မိနစ်လောက် ရေစိမ်၊ ပြီးရင် ရေပြောင်အောင်ညှစ်ကာ
မီးဖိုချောင်သုံး တစ်ရှူးစက္ကူနဲ့ ခြောက်အောင် အသာအယာ သုတ်ထားပါ။
ဂေါ်ဖီများကိုလည်း အရွက်များခွာ၊ ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။
ရေခြောက်ရင် ပါးပါးရိတ်ရိတ်လေး လှီးထားပါ။
ပဲပြားများကို ကြော်ဖို့ ထောင့်ဖြတ် နှစ်စိတ်စိတ်ပါ။ တြိဂံပုံစံနှစ်ခု ရအောင်လို့ပါ။
ပြီးရင်တော့ ဒယ်အိုးထဲကို ဆီထည့်ကာ မီးပြင်းပြင်းလေးနဲ့ ဆီပူအောင် တည်ပါ။
ဆီကျက်ပြီဆိုရင် ပဲပြားတွေကို ထည့်ကြော်ပါ။ အပေါ်ယံတင်းပြီး ရွှေအိုရောင် စပြောင်းပြီဆိုရင်
တစ်ဖက်လှန်ပြီး ဆက်ကြော်ပေးပါ။ အထဲကအသားတွေကို ကျက်ရုံလေးသာ ကြော်ပါ။
အကြာကြီးကြော်တဲ့အခါ ကြွပ်သွားပြီး မာသွားတတ်ပါတယ်။ နှစ်ဖက်စလုံး အရောင်ညီပြီ
ဆိုရင်တော့ ပဲပြားတွေကို ဆယ်ကာ ဆီစစ်ထားပါ။
အချဉ်ရည်အတွက် ပြင်ဆင်ပုံ
သကြားကို ရေနွေးစားပွဲဇွန်း တစ်ဇွန်းစာလောက်ဖြင့် ပန်းကန် တစ်လုံးထဲမှာ ကြေအောင် ဖျော်ပါ။
ပြီးရင် ကြက်သွန်ဖြူ (ညက်ညက်ထောင်း)၊ ငရုတ်သီးစိမ်း (ပါးပါးလှီး)၊ ငံပြာရည်နဲ့ သံပရာရည်တို့
ထည့်ဖျော်ပါ။
ပန်းကန်လုံးတစ်လုံး ထဲမှာ ပဲပြားကြော်များကို ညှပ်ပြီးထည့်ပါ။
နောက် ဂေါ်ဖီ၊ ကြက်သွန်နီ၊ မြေပဲနဲ့ ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ကာ အချဉ်ရည်ကို
ကြိုက်သလောက်ထည့်ပြီး သုပ်ပါ။
အဆာပြေလေးပဲ စားစား၊ ထမင်းဖြူလေးနဲ့ ပဲလွေးလွေး ခံတွင်းတွေ့စေမှာပါ။
ပဲစိမ်းလုံး ကြက်ဆီထမင်း
ပါ၀င်ပစ္စည်းများ
(၆ ယောက်စာ)
ဆန် ၂ ခွက်
ကြက်သားအရည် ၃ ခွက် (ကြက်သားမှုန့်ကို အချိုမှုန့်မပါဘဲ Massel ကို သုံးထားပါတယ်။
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေတစ်လီတာနဲ့
ဖျော်စပ်ပါ)
ပဲစိမ်းလုံး ၂၈၀ - ၃၀၀ ဂရမ်
ကြက်သွန်မြိတ် ပါးပါးလှီး ၁/၂ ခွက်
ပြင်ဆင်ပုံ
ဆန်ကို ဆေးပြီး ထမင်းပေါင်းအိုးထဲမှာ ထည့်ပါ။
နောက် ဖျော်ထားတဲ့ ကြက်သားအရည်ကို ထည့်ပြီးတည်ပါ။
ထမင်းတည်နေစဉ်အတွင်း ရေတစ်လီတာလောက်ကို အိုးတစ်အိုးထဲမှာ ပွက်အောင်တည်ပါ။
ပြီးရင် ဆား စားပွဲဇွန်းတစ်ဇွန်းလောက် ထည့်ကာ ပွက်အောင် ပြန်တည်ရင်း စောင့်ပါ။
နောက် ပဲတွေကို ၃ - ၄ မိနစ်ခန့် ပြုတ်ပြီး ဆယ်ကာ ရေခဲရေထဲမှာ စိမ်ထားပါ။
ကြက်သွန်မြိတ်တွေကို ပါးပါးလှီးထားပါ။
ထမင်းကျက်တာနဲ့ ပဲစိမ်းလုံးတွေကို ထမင်းအိုးထဲချက်ချင်းထည့်ကာ နှ့ံအောင်မွှေပြီး နှပ်ထားပါ။
နောက် စားခါနီးမှာ ကြက်သွန်မြိတ်တွေကို ထည့်မွှေပါ။
