အသိတစ်ယောက် အညွှန်းကောင်းတာကြောင့် မြို့ထဲ ဗိုလ်ရာညွန့်လမ်းပေါ်မှာရှိတဲ့ Easy Cafe ကို
သူငယ်ချင်းတစ်ယောက်နဲ့အတူ ပြီးခဲ့တဲ့ရက်က နေ့လယ်ပိုင်းမှာ ရောက်ဖြစ်ခဲ့ပါတယ်။
ဆိုင်နာမည်က Easy Cafe ဖြစ်ပေမယ့် ကျွန်မအတွက်ကတော့ ဆိုင်ကို တော်တော်ခက်ခက်ခဲခဲ
ရှာလိုက်ရပါတယ်။
ဆိုင်ရဲ့ ဆိုင်းဘုတ်က သေးနေသလို ဘေးနားမှာလည်း တခြားဆိုင်ခန်းတွေ ရှိတာကြောင့်
ပထမဆုံးသွားတဲ့ ကျွန်မအတွက်တော့ မနည်းရှာလိုက်ရပါတယ်။
ဆိုင်ထဲဝင်သွားတာနဲ့ အဲကွန်းကြောင့် အအေးဓာတ်နဲ့အတူ ရိုးစင်းတဲ့အပြင်အဆင်ကြောင့် လူရော၊
မျက်စိပါ အေးသွားပါတယ်။
ကျဉ်းတယ်လို့ဆိုရမယ့် ဆိုင်ခန်းတစ်ခုလုံးကို ဗိုလ်ဆန်ဆန် မီးခိုးရောင်လေး သုံးထားပြီး
၀င်ဝင်ချင်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေနဲ့ လိုက်ဖက်ညီနေတာကလည်း ဆိုင်ရဲ့
အားသာချက်လို့ ဆိုရမှာပါပဲ။
ဆိုင်ကိုရှာ လိုက်ရပေမယ့် စိတ်ကျေနပ်စရာ အပြင်အဆင်လေးကြောင့် ရှာရကျိုးနပ်တယ်လို့
ကောက်ချက်ချလိုက်မိပါတယ်။
နေ့ခင်းပိုင်း ရောက်သွားတာဖြစ်လို့ လူ အရမ်းရှုပ်မနေဘဲ စားပွဲလေးဝိုင်းလောက်ပဲ လူရှိနေတာ
ကြောင့် ဆိုင်ထောင့်နေရာက နှစ်ယောက်ထိုင်ခုံ တစ်လုံးကို ရွေးချယ်လိုက်ပါတယ်။
ထိုင်လိုက်ပြီဆိုတာနဲ့ စားပွဲထိုးအမျိုး သမီးက 'မင်္ဂလာပါ' လို့နှုတ်ဆက်ရင်း မီနူးနဲ့ အတူ အနားကို
ချက်ချင်းရောက်လာပါတယ်။
မီနူးဒီဇိုင်းကလည်း နှစ်သက်စရာပါပဲ။
အညိုရင့်ရောင် စာရွက်ကြမ်းပေါ်မှာ လက်ရေးနဲ့ ရေးထားတယ်လို့ထင်ရပြီး အိုင်ဒီယာက
ချစ်စရာပါပဲ။
မမှာခင်မှာ အစားအစာဓာတ်ပုံ တွေကို ကြည့်ချင်တဲ့လူတွေလည်း ရှိနိုင်တာမို့ အိုင်ပက်ကနေ
တစ်ဆင့် ကြည့်ရအောင် စီစဉ်ပေးထားတာကလည်း စိတ်ကူးလေးကောင်းပါတယ်။
မီနူးက သိပ်အများကြီး ရွေးချယ်စရာ မရှိပေမယ့် ထိုင်ဝမ်၊ အာရှနဲ့ အနောက်တိုင်းအစားအသောက်
ပုံစံတွေကို မှာယူနိုင်ပြီး ဈေးနှုန်းကိုတော့ ကျပ် ၂,၀၀၀ ကနေစပြီး ရ,၀၀၀ အထိ အမြင့်ဆုံး
သတ်မှတ်ထားပါတယ်။
ကျွန်မအတွက် ဆိုင်ရဲ့ မီနူးအသစ်လို့ ၀န်ထမ်းအမျိုးသမီးရှင်းပြတဲ့ Honey Glazed Chicken Rice
(ကျပ် ၃,၅၀၀) ကို မှာလိုက်ပြီး သူငယ်ချင်းကတော့ Chessy Chicken (ကျပ် ၃,၅၀၀) ကို
မှာလိုက်ပါတယ်။
ဆိုင်က wifi ပေးထားပေမယ့် ထုံးစံအတိုင်း လိုင်းက သိပ်မကောင်းတာကြောင့် နှစ်ယောက်သား
စကားတပြောပြောနဲ့ စောင့်နေလိုက်တာ မိနစ် ၂၀ လောက်ကြာတော့ မှာလိုက်တဲ့စားစရာတွေ
ရောက်လာပါပြီ။
ကျွန်မ မှာလိုက်တဲ့ဟင်းပွဲက ပျားရည်နဲ့ ချက်ထားတာဖြစ်လို့ အညိုရောင်လေးဖြစ်နေပြီး
ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ဆလပ်ရွက်လေးတွေကို ပုံစံတကျ လတ်လတ်ဆတ်ဆတ် ထည့်ပေး
ထားတာကြောင့် စားချင်စရာလေးပါပဲ။
အရသာက အရမ်းချိုနေတာမျိုးမဟုတ်ဘဲ ဆိမ့်နေပြီး ကြက်သားကလည်း နူးညံ့နေတာကြောင့်
အပြင်အဆင်နဲ့လိုက်အောင် အရသာကောင်းတယ်လို့ ဆိုရမှာပါ။
ဒါပေမဲ့ ဟင်းအနှစ်က နည်းနည်းတူးနေတယ်လို့ ထင်ရပြီး ခါးသက်သက်အရသာလည်း
ရနေတာကြောင့် စားဖိုမှူးများ ဟင်းချက်တုန်း မီးအရမ်းပြင်းပြင်း သုံးမိသလားလို့ စဉ်းစားမိလိုက်
ပါတယ်။
ဗိုက်လည်းဆာနေပြီး အရမ်းဆိုးရွားနေတာမျိုး မဟုတ်တာကြောင့် ကုန်အောင်တော့ စားလိုက်နိုင်
ပါတယ်။
သူငယ်ချင်းဖြစ်သူရဲ့ Chessy Chicken ကလည်း အန့ံလေးက တော်တော်လေးသင်းပါတယ်။
ကြက်သားထဲမှာ ချိစ်ထည့်ကြော်ထားပြီး တစ်ပွဲမှာ လေးခုပါတာကြောင့် အစားနည်းတဲ့သူတွေ
အထူးသဖြင့် ကောင်မလေးတွေဆိုရင် ကုန်အောင်စားနိုင်မှာ မဟုတ်ပါဘူး။
သူငယ်ချင်းက ယူမြည်းကြည့်ပါလို့ ဖိတ်ခေါ်တာမို့ ကြက်သားတစ်တုံး ယူစားလိုက်ပါတယ်။
ကိုက်စားလိုက်စဉ်မှာ ကြွပ်ရွနေပြီး အတွင်းက ကြက်သားကတော့ နူးညံ့နေပြီး ချိစ်ပါတယ်
ဆိုပေမယ့် အီနေတာမျိုးလည်း မဖြစ်ပါဘူး။
သူတို့ဆိုင်က ပူတင်းက နာမည်ကြီးတယ်လို့ ကြားဖူးပေမယ့် အစားအစာတွေ စားပြီးနောက်မှာ
ဗိုက်ပြည့်သွားတာကြောင့် နောက်တစ်ခေါက် ထပ်လာမှပဲ ကော်ဖီမျိုးစုံနဲ့ အအေးတွေထဲက ရွေးပြီး
မြည်စမ်းကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အခု ကျွန်မရောက်ခဲ့တဲ့ ဗိုလ်ရာညွန့်လမ်း ကဆိုင်လေးက သမ္မတဟိုတယ်ကနေ ၁၀ မိနစ်လောက်
လမ်းလျှောက်တာနဲ့ ရောက်နိုင်ပြီး မနက် ရ နာရီခွဲကနေ ည ၉ နာရီခွဲထိဖွင့်တာမို့ မနက်စာ၊
နေ့လယ်စာ၊ ညစာတို့ကို သွားရောက်သုံးဆောင်နိုင်မှာပါ။
ဆိုင်လေးက ကျဉ်းပေမယ့် ချစ်စရာအပြင်အဆင်နဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကြောင့်
အားလပ်တဲ့အချိန်တွေကို အေးအေးလူလူ ဖြတ်သန်းနိုင်တဲ့ နေရာလေးတစ်နေရာဖြစ်လို့
မရောက်ဖူးသေးတဲ့ စာဖတ်သူတွေလည်း သွားလေ့လာလိုက်ပါဦးလို့ ...။
Easy Cafe
၃၀ (စီ)၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်။
