စောင့်ရကျိုးနပ်တဲ့ ဘန်ကောက်က ထိုင်းခေါက်ဆွဲဆိုင်

Thip Samai စားသောက်ဆိုင်မှာ စားသုံးနေကြတဲ့ ဧည့်သည်များ။ ဇွန်ပန်းပွင့်/မြန်မာတိုင်း(မ်)
Thip Samai စားသောက်ဆိုင်မှာ စားသုံးနေကြတဲ့ ဧည့်သည်များ။ ဇွန်ပန်းပွင့်/မြန်မာတိုင်း(မ်)

စောင့်ရကျိုးနပ်တဲ့ ဘန်ကောက်က ထိုင်းခေါက်ဆွဲဆိုင်

ညစာ တစ်ပန်းကန်အတွက် လမ်းပေါ်မှာတန်းစီရတဲ့အဖြစ်မျိုး တစ်ခါမှမကြံုဖူးပါဘူး။ ပြီးခဲ့တဲ့လက
ဘန်ကောက်မြို့က လမ်းငယ်လေးပေါ်မှာ ညစာစားဖို့ လူတန်းရှည်ကြီးနောက်မှာ တန်းစီခဲ့ရပါတယ်။

ဘန်ကောက်မြို့ကို ရောက်တဲ့နေ့ ပထမဆုံးညမှာ ကျွန်မတို့ သတင်းထောက်အဖွဲ့ကို
ခေါင်းဆောင်သူ ထိုင်းအမျိုးသမီးက ဖက်ထိုင်းလို့ခေါ်တဲ့ ထိုင်းခေါက်ဆွဲကြော်ရောင်းတဲ့
Thip Samai ထိုင်းခေါက်ဆွဲဆိုင် (သူ့အပြောအရ ဘန်ကောက်မြို့က သက်တမ်းအရင့်ဆုံးနဲ့
နာမည်အကြီးဆုံး ထိုင်းခေါက်ဆွဲဆိုင်)ကို ခေါ် သွားခဲ့ပါတယ်။

Thip Samai ဟာ မဟာချိုင်လမ်းထဲမှာရှိပြီး ဘန်ကောက်မြို့လယ်ကောင်ကနေ ၁၀ မိနစ်လောက်
သာ ကားနဲ့မောင်း သွားရပါတယ်။

မဟာချိုင်လမ်း လူသွားလမ်းပလက်ဖောင်းပေါ်မှာ သရေစာပူပူနွေးနွေး လုပ်ရောင်းတဲ့ ဆိုင်နဲ့
လမ်းဘေးစားသောက်ဆိုင် တချို့ ရှိပေမယ့် ွှ့ငစ ှောငေ ဆိုင်ကတော့ တခြားဆိုင်တွေထက်
ထူးတယ်လို့ ပြောလို့ရပါတယ်။

အဆောက်အအုံတစ်ခုရဲ့ မြေညီထပ်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ခန်းလေးရဲ့ ရှေ့ ပလက်ဖောင်း
ပေါ်က လူတန်းရှည်ကြီးဟာ ဆိုင်ထဲမှာ နေရာရဖို့အတွက် တန်းစီစောင့်နေကြပါတယ်။

ကျွန်မတို့ အဖွဲ့ရောက်သွားတော့ Ratchanatda ဗုဒ္ဓဘုရားကျောင်းကို မျက်နှာချင်းဆိုင်ထားတဲ့
အဲဒီစားသောက်ဆိုင်ရှေ့မှာ လူ ၂၀ လောက် တန်းစီနေတာ တွေ့ရပါတယ်။

ကျွန်မတို့တစ်တွေ လူတန်းကြီးနောက်ကနေ တန်းစီလိုက်ပါတယ်။

စိတ်ရှည်လက်ရှည်နဲ့ တန်းစီနေတဲ့ ထိုင်းတွေရဲ့မျက်နှာကို အကဲခတ်ကြည့်လိုက်တော့ စောင့်ဆိုင်း
နေရတာကို စိတ်ပျက်ပုံမရကြပါဘူး။

အားလုံးက အေးအေး လူလူပါပဲ။

စားသောက်ဆိုင်ရဲ့ အပြင်အဆင်ဟာ ခပ်ရိုးရိုးသာဖြစ်ပြီး အထဲမှာ လေးထောင့် သစ်သားစားပွဲ
၂၀ ခန့် ခင်းကျင်းထားပါတယ်။

စားသောက်ဆိုင်ထဲမှာရှိတဲ့ စားပွဲတွေအကုန်လုံး စားသောက်သူတွေနဲ့ ပြည့်နေပြီး ငါး ယောက်
တစ်ဖွဲ့၊ ဒါမှမဟုတ် ခြောက်ယောက် တစ်ဖွဲ့လောက် ထွက်သွားမှသာ အပြင်က တန်းစီနေတဲ့
သူတွေ တစ်ဖွဲ့ချင်း အလှည့်ကျ ၀င်ရတာပါ။

ဆိုင်ရဲ့နံရံမှာ ဟိုးအရင်က ခေါက်ဆွဲဆိုင် ကြော်ငြာအဖြစ် အသုံးပြုပုံရတဲ့ သရုပ်ဖော်ပုံတွေနဲ့
ဆိုင်အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကို မှန်ပေါင်သွင်း
ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။

တန်းစီနေတုန်းမှာ ဆိုင်ကယ်နဲ့ တစ်မျိုး၊ တုတ်တုတ်လို့ ခေါ်တဲ့ သုံးဘီးယာဉ်နဲ့ တစ်ဖုံ
စားသောက်သူတွေ တဖွဲဖွဲ ရောက်ချလာပါတယ်။

ခေါက်ဆွဲကို မီးဖိုချောင်ထဲမှာ ပြင်ဆင်တာမျိုးမဟုတ်ဘဲ လူသွားလမ်း ပလက်ဖောင်းပေါ်မှာ
ဂက်စ်မီးဖိုကြီးတွေ ချပြီး ကြော်လှော်ကြတာဆိုတော့ တန်းစီစောင့်နေရတဲ့ ကျွန်မတို့ဟာ
ဖက်ထိုင်းလို့ခေါ်တဲ့ ထိုင်းခေါက်ဆွဲကြော် ဘယ်လိုလုပ်တယ်ဆိုတာ မြင်တွေ့ခဲ့တာပေါ့။

ပထမဆုံး အပူပေးထားတဲ့ ဒယ်အိုးထဲကို အသင့်ဖောက်ထားတဲ့ ကြက်ဥတွေလောင်းချပြီး
ကြက်ဥအချပ် အပြားကြီးဖြစ်သွားအောင် ဒယ်အိုးကို ဝေ့လိုက်ပါတယ်။

အနည်းငယ်ကြာတဲ့အခါ ကြက်ဥကြော်အချပ်လိုက်ကို ဒယ်အိုးထဲကနေ ပန်းကန်ပြားထဲ
ပြောင်းထည့်လိုက်ပါတယ်။

ဒယ်အိုးထဲကို ဆီ၊ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူထည့်လိုက်ပြီး မီးထတောက်သည်အထိ မွှေလိုက်
ပါတယ်။

အတန်ငယ်ကြာမှ ဒယ်အိုးထဲကို တိုဟူး၊ ပုစွန် အကောင်ခပ်ကြီးကြီး၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊
လိမ္မော်ရောင်ခေါက်ဆွဲတွေကို ထည့်ပြီး ကြော်ပါတယ်။

ခေါက်ဆွဲကြော်တွေကို ပန်းကန်ပြားထဲမှာ အသင့်ထည့်ထားတဲ့ ကြက်ဥခပ်ပါးပါးအချပ်နဲ့ ထုပ်ပိုး
လိုက်ပါတယ်။

ပြီးတာနဲ့ ကြက်ဥခပ်ပါးပါး အုပ်ထားတဲ့ ခေါက်ဆွဲကြော်ပေါ်မှာ တရုတ်နံနံတွေနဲ့ ခရမ်းချဉ်သီး
တစ်မျှင်ကို တင်လိုက်ပါတယ်။

ကျွန်မတို့အဖွဲ့ စားသောက်ဆိုင်ထဲကို ၀င်ဖို့ မိနစ်၂၀ လောက် စောင့်လိုက်ရပါတယ်။

စားသောက်ဆိုင်ထဲမှာ ကျကျနနထိုင်ပြီး ငါးမိနစ်ခန့်မှာပဲ အနံ့သင်းတဲ့ ဖက်ထိုင်းခေါက်ဆွဲကြော်
ပူပူလေး ရောက်လာပါတော့တယ်။

ခေါက်ဆွဲကြော်နဲ့ တွဲဖက်စားသုံးဖို့ ပဲပင်ပေါက်နဲ့ သခွားသီးတွေကိုလည်း ပန်းကန်ပြားနဲ့ ချထား
ပေးပါသေးတယ်။

ခေါက်ဆွဲသားဟာ အလွန်နူးညံ့ပြီး ချိုပါတယ်။

ကြက်ဥအလွှာအောက်မှာ ပုန်းနေတဲ့ ပုစွန်ကောင်ဟာလည်း နူးညံ့ပြီး အရသာရှိပါတယ်။

ပဲပင်ပေါက်နဲ့ တို့ဟူးဟာ လတ်ဆတ်ပြီး အတိုချုံ့ပြောရရင် ခေါက်ဆွဲကြော်တစ်ပွဲလုံးဟာ အရသာ
အစပ်အဟပ် အနေတော်ဖြစ်ပြီး ခံတွင်းတွေ့ခဲ့ပါတယ်။

ဆိုင်ရဲ့ အခြားစပါယ်ရှယ် တစ်မျိုးကတော့ လိမ္မော်ရည်ပါပဲ။

လိမ္မော်ရည်ဟာ လိမ္မော်သီးအခွံခွာ စားရသလိုပဲ ဘဘာဝအတိုင်း ချိုချဉ်လေးဖြစ်ပြီး လိမ္မော်သီး
အဖတ်လေးတွေနဲ့ သောက်လိုက်တာနဲ့ ခံတွင်းရှင်းသွားတော့တာပါပဲ။

လိမ္မော်ရည် တစ်ပုလင်းရဲ့ တန်ဖိုးဟာ ခေါက်ဆွဲကြော် တစ်ပွဲထက်တောင် ပိုများပါသေးတယ်။

ဖက်ထိုင်းခေါက်ဆွဲကြော်တစ်ပွဲကို ဘတ် ၈၀ (ကျပ် ၂,၅၀၀ ၀န်းကျင်)ပေးရပြီး လိမ္မော်ရည်
တစ်ပုလင်းကိုတော့ ဘတ် ၁၅၀ (ကျပ် ၄,၅၀၀ ၀န်းကျင်) ပေးရပါတယ်။

Thip Samai စားသောက်ဆိုင်မှာ ထိုင်းနိုင်ငံရဲ့ အရသာအကောင်းဆုံးခေါက်ဆွဲကို စားလိုက်ရတဲ့
အပြင် ညစာအတွက် တန်းစီရတဲ့ အတွေ့အကြံုတစ်ခုကိုလည်း ရလိုက်ပါတယ်။

Thip Samai
၃၁၃၊ မဟာချိုင်လမ်း၊ ဆန်ရာရပ်၊ ပရာနကွန်၊ ဘန်ကောက်။

 
[