ပြည်တွင်းလေကြောင်းလိုင်း ဖြစ်သည့် အဲမန္တလေး လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ မစ်ဆူဘီရှီ
ကုမ္ပဏီမှ ဂျက်လေယာဉ် ၁၀ စင်းဝယ်ယူရန် သဘောတူစာချုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့က
ယူကေလေယာဉ် ပြပွဲတွင် လက်မှတ်ရေးထိုးလိုက်သည်။
ကနဦးအနေဖြင့် မစ်ဆူဘီရှီမှ အနာဂတ် လေယာဉ်အမျိုးအစားဖြစ်သည့် MRJ 90 ဂျက်လေယာဉ်
ခြောက်စင်းနှင့် ထပ်မံဖြည့်စွက်ရန် အလားတူ ဂျက်လေယာဉ် လေးစင်းကိုပါ ၀ယ်ယူမည်ဖြစ်ကာ
၂၀၁၈ ခုနှစ်မှစတင်ခါ သုံးဆွဲမည်ဖြစ်သည်။
"ဂျပန်နိုင်ငံမှတစ်ပါး အာရှလေကြေင်း လိုင်းတွေမှာ အဲမန္တလေးလေကြောင်းလိုင်းဟာ ဒီလေယာဉ်
အမျိုးအစားကို ပထမဆုံးအကြိမ် ၀ယ်ယူသုံးစွဲမယ့် လေကြောင်း ကုမ္ပဏီ ဖြစ်ပါတယ်။ MRJ 90
ဂျက်လေယာဉ်တွေကို ရွေးချယ်ရခြင်းက ဒီဇိုင်းပိုင်းအားသာမှု၊ မိခင်ကုမ္ပဏီဖြစ်တဲ့ မစ်ဆူဘီရှီ
ကုမ္ပဏီက သူတို့ဆီက ၀ယ်ယူထားတဲ့ ကုမ္ပဏီတွေကို ကူညီထောက်ပ့ံပေးဖို့ ကတိပေးမှု၊
Pratt & Whitney Geared Turbofan Engine ကို ယုံကြည်မှုနဲ့ စီးပွားရေး တောင့်တင်းမှု
ကြောင့်ပဲ ဖြစ်ပါတယ်" ဟု လေကြောင်းလိုင်း၏ အလုပ်အမှုဆောင် အရာရှိချုပ် မစ္စတာ
Gary J Villiard က ပြောသည်။
လေကြောင်းလိုင်း ထူထောင်မှု အနှစ် ၂၀ ပြည့်မည့် ယခုနှစ်နှောင်းပိုင်းမတိုင်မီ Embraer
Regional Jet 145 EP လေယာဉ် ခြောက်စင်း ငှားရမ်းခရီးစဉ်များ တို့ချဲ့ ပြေးဆွဲရန် စီစဉ်နေသည်။
လေကြောင်းလိုင်းကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က စတင် တည်ထောင်ခဲ့သည်။





