ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကြယ်ငါးပွင့် အဆင့်မြင့်ဇိမ်ခံရေပေါ်ဟိုတယ်ကို လာမည့်
ဩဂုတ်လဆန်းပိုင်းတွင် တရားဝင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဟိုတယ်တာဝန်ရှိသူက ပြောသည်။
အဆိုပါဟိုတယ်ကို ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် လှလှပပကုမ္ပဏီက အမေရိကန်ဒေါ်လာ
သန်း ၅၀ အကုန်အကျခံကာ မြန်မာနိုင်ငံတွင် ပထမဆုံးသော ဇိမ်ခံဟိုတယ်အဖြစ် ဖွင့်လှစ်ခြင်း
ဖြစ်သည်။
"တခြားဟိုတယ်တွေနဲ့ မတူတဲ့ ၀န်ဆောင်မှုတွေ အပြင်ဆင်တွေနဲ့ ဇိမ်ခံဟိုတယ်အဖြစ်
ဖွင့်လှစ်ထားပါတယ်"ဟု Vintage Luxury Yacht Hotel မန်နေဂျာ ဦးပြည့်ဖြိုးဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
မြန်မာနိုင်ငံတွင် အဆင့်မြင့်ဇိမ်ခံ ဟိုတယ်မရှိသေးဘဲ ဈေးကွက်စစ်တမ်းအရ မြန်မာနိုင်ငံသို့
လာရောက်သည့် ခရီးသွားများ၏ ၂၀ ရာခိုင်နှုန်းခန့်ကသာ ဇိမ်ခံ ခရီးသွားများဖြစ်ပြီး ဂျာမနီ၊
ရုရှားနှင့် ဂျပန်နိုင်ငံတို့မှ ဖြစ်သည်။
အဆိုပါ ဈေးကွက်ကို ဦးတည်ဆွဲဆောင်ရန်အတွက် ဟိုတယ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း
ဦးပြည့်ဖြိုးဦးက ပြောသည်။
ဖင်လန်နိုင်ငံက ၀ယ်ယူလာသည့် အင်ဂျင်မပါ အလေးချိန် တန် ၂၀၀၀ ရှိ ငါးထပ်သင်္ဘောကို
ပြီးခဲ့သည့်နှစ် ဩဂုတ်လ ကတည်းက မြန်မာ့ဆိပ်ကမ်းတွင် ကျောက်ချကာ လိုအပ်သည့်
ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဆိပ်ခံဘောတံတား နှစ်စင်းကိုလည်း
တည်ဆောက်ခဲ့သည်။
"သင်္ဘောတစ်ခုလုံး ပြင်ဆင်တာ တစ်နှစ်နီးပါ ကြာခဲ့ပါတယ်။ ဧပြီလကုန်ကတည်းက သင်္ဘောကို
ဗိုလ်တထောင်ဆိပ်ကမ်းကို ရွှေ့လိုက်ပါတယ်"ဟု ဦးပြည့်ဖြိုးဦးက ဆက်ပြောသည်။
ဟိုတယ်၌ အခန်း ၁၀၄ ခန်းအပြင် စားသောက်ဆိုင် နှစ်ဆိုင်၊ ဘားနှစ်ခု၊ အယောက်
၄၀ ကျော်ခန့်ဆံ့ ဇာတ်ရုံသဖွယ် အစည်းအဝေးခန်းမနှင့် အခြားဝန်ဆောင်မှုများ ပါ၀င်သည်။
ဟိုတယ်အတွင်းပိုင်းအား ၁၉၂၀ ပြည့်နှစ်ကာလ အပြင်အဆင်အတိုင်း အက်ဒီဆင်မီလုံးများ၊
သားရေဆိုဖာ ထိုင်ခုံများ၊ မီးပန်းဆိုင်းကြီးများဖြင့် ပြင်ဆင်ထားသည်။





