၀န်ဆောင်မှုကောင်းလွန်း၍ ဝေဖန်ခံရခြင်း ဖြစ်သည်ဟု ရေပေါ်ဟိုတယ် တု့ံပြန်

ဟိုတယ်အတွင်းပိုင်း ပြင်ဆင်ထားမှုကို တွေ့ရစဉ်။ ဓာတ်ပုံ -  အောင်ဌေးလှိုင်
ဟိုတယ်အတွင်းပိုင်း ပြင်ဆင်ထားမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

၀န်ဆောင်မှုကောင်းလွန်း၍ ဝေဖန်ခံရခြင်း ဖြစ်သည်ဟု ရေပေါ်ဟိုတယ် တု့ံပြန်

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ကြယ်ငါးပွင့် Vitage Luxury Yachtဟိုတယ်၌ ဧည့်သည်
များကို သာမန်ထက်ပိုသော ၀န်ဆောင် မှု ၀န်ထမ်းများအား ပေးခိုင်းသည်ဆိုသည်မှာ မှားယွင်း
သော ယူဆချက်ဖြစ်သည်ဟု ဟိုတယ်၏ Operation Manager ဦးပြည့်ဖြိုးဦး က
မြန်မာတိုင်း(မ်)ကို ပြောသည်။

ဒူးထောက်ဝန်ဆောင်မှုပေးနေသော ဓာတ်ပုံသည် အီတလီနိုင်ငံသား အထွေထွေ မန်နေဂျာ
သင်တန်းပေးသည့်ပုံကို ဓာတ်ပုံရိုက် ထားရာမှ ခရီးသွားလုပ်ငန်း ၀က်ဘ်ဆိုက်တွင် ဖော်ပြမိခြင်း
ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဓာတ်ပုံမှာ အမှန်တကယ်ဝန်ဆောင်မှုပေး သည့်ပုံမဟုတ်ကြောင်းနှင့် သင်တန်းပေး သည့်အချိန်
တုန်းက ၁၉၂၀ ပြည့်နှစ် ွှ့နာန အနေဖြင့် ရိုက်ကူးထားသည့်ပုံသာဖြစ် ကြောင်း၊ ဟိုတယ်ဝန်ကြီး
ဌာနက လာရောက် ကြည့်ရှုစစ်ဆေးသည့်အခါ၌လည်း ထိုကဲ့သို့ ၀န်ဆောင်မှု မရှိကြောင်း ၎င်းက
ပြောသည်။

"ပုံထဲကအတိုင်း ၀န်ဆောင်မှုပေးခဲ့မယ် ဆိုရင် ၀န်ကြီးဌာနက ပြင်းထန်စွာ အရေးယူ မှာပါ။ အဓိက
က ၀န်ဆောင်မှုကောင်းလွန်း တာကြောင့် ဝေဖန်ခံခဲ့ရတာပါ" ဟု ၎င်းက ပြောသည်။ သို့သော်
ဟိုတယ်က အလုပ်ထွက်ခဲ့သည့် အမျိုးသမီးတစ်ဦးကမူ ဒူးထောက်ကြိုဆိုရန် သင်တန်းတွင်
သင်ကြားခဲ့သည်ဟုဆိုသည်။

"ဧည့်သည်ကို ဘယ်လိုကြိုဆိုရမယ်ဆိုတာကို ၁၀ ရက်လောက်သင်တန်းအနေနဲ့ သင်ပေးပါ
တယ်။ အလေ့အကျင့်ဖြစ်အောင်ဆိုပြီး ဘယ်သူပဲလာလာ ဒူးထောက်ကြိုဆိုခိုင်း ပါတယ်။ ကျွန်မ
တို့ရဲ့ ကြီးကြပ်ရေးမှူးက အဲဒီလိုလုပ်ရရင် အကုန်အလုပ်ထွက်မယ်လို့ ပြောတဲ့အတွက် တစ်ဆင့်
လျှော့ပြီး သူဌေးနဲ့ လူကြီးတွေကိုပဲ လုပ်ရမယ်လို့ ပြန်ပြောပါ တယ်။ နောက်ပိုင်း ဒူးထောက်ဝန်
ဆောင်မှု ကို မလုပ်ရတော့ဘူးလိုလို၊ လုပ်ရမယ်လိုလိုနဲ့ ဆက်လုပ်ခိုင်းပါတယ်"ဟု ၎င်းက ပြော
သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန် ချက်တွင်
ဌာန တာဝန်ရှိသူများသည် အဆိုပါ ဟိုတယ်သို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် သွား ရောက် စိစစ်
ချက်များအရ ယခင်က ဟိုတယ် ၏ အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့်
အီတလီနိုင်ငံသားက အခြား ဟိုတယ်များထက် တစ်မူထူးကဲသော ၁၉၂၀ ပြည့်နှစ်ဝန်းကျင်ခန့်က
ဥရောပတိုင်းပြည်များ ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှုကို
ဧည့်သည်များ အားပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေးခဲ့ကြောင်း၊ ယခုဓာတ်ပုံသည်
လည်းဧည့်သည်များ စိတ်ဝင်စားအောင် ကြော်ငြာခြင်းဖြစ်ကြောင်း၊ လက်တွေ့၌ ဒူးကွေးညွတ်ရုံ
သာ အရိုအသေပေးကြောင်း နှင့် သင်တန်းပေးခဲ့သော အထွေထွေမန်နေဂျာ မှာလည်း အလုပ်က
နုတ်ထွက်သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀
ပြည့်နှစ် ၀န်းကျင်ခန့်က ဥရောပ တိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့
သော ၀န်ဆောင်မှုသည် ဟိုတယ်လုပ်ငန်းက ဧည့်သည်များကို ပေးဆောင် ရမည့် ၀န်ဆောင်မှုမျိုး
၌ မပါရှိခြင်း၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ
အရို အသေ၊ အလေးအမြတ်ပေးသော အမူအရာ မျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှု
ထက် ပိုမိုလွန်ကဲပြီး တစ်ပါးသူများ အထင် အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများ
အနေဖြင့်လည်း ပုံမှန်ဝန်ဆောင် မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင် မပြေဖြစ်ခြင်းတို့
ကြောင့် ဤသို့သော ၀န် ဆောင်မှုပေးခြင်းကိုရပ်ဆိုင်းရန် သတိပေးခဲ့ ပြီး ထပ်မံဆောင်ရွက်ပါက
လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု ဖော်ပြထားသည်။

ဟိုတယ်ကို ၁၉၂၀ ပြည့်နှစ်က သင်္ဘော ဒီဇိုင်းအတိုင်း အတွင်းပိုင်း၌ ပြင်ဆင်ထား သည်။ အခန်း
၁၀၄ ခန်း ပါ၀င်ပြီး နိုင်ငံသား ၀န်ထမ်း ၁၆၀ ခန့်နှင့် နိုင်ငံခြားသားဝန်ထမ်း ငါးဦးတို့ကို ခန့်အပ်ထား
ကာ အောက်တိုဘာ လတွင် တရားဝင်ဖွင့်နိုင်မည် ဖြစ်သည်။