ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်း သရေ ခေတ္တရာ၊ ဗိသာနိုးနှင့် ဟန်လင်းဒေသများသို့
လာရောက်လည်ပတ်မည့် ခရီးသွားများ အဆင်ပြေစွာ လည်ပတ်သွားလာနိုင်ရေးအတွက် အနီးရှိ
ကျေးရွာများတွင် ခေတ်မီသေသပ်သန့်ရှင်းသော စားသောက်ဆိုင်များ၊ ရိုးရာလက်ဆောင်ပစ္စည်း
ဆိုင်များ ဖွင့်လှစ်ရောင်းချနိုင်ရန် လိုအပ်သည်များကို မြန်မာ နိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ
အသင်း ကနှင့် ကူညီထောက်ပံ့ ပေးသွားမည်ဟု ဒုဥက္ကဋ္ဌဦးခင်အောင်ထွန်းက ပြောသည်။
"ကျွန်တော်တို့အသင်းအနေနဲ့ ဒေသခံ များနဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ အဓိကက ဒေသခံတွေ
ကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့အတွက် ဘယ်လိုရိုးရာပစ္စည်း၊ အစားအစာတွေ ရောင်းချချင်တယ်၊
ရောင်းချမယ့်ဆိုင်အတွက် လိုအပ်တဲ့အပြင်အဆင် စတာတွေကို ပံ့ပိုး ကူညီပေးမှာပါ" ဟု ၎င်းက
ပြောသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတစ်ခုဖြစ်သည့်အတွက် နိုင်ငံခြားသားဧည့်သည် များ လာရောက်
လေ့လာသည့်အခါ တည်းခိုရ မည့်နေရာ၊ စားသောက်နိုင်မည့် စား သောက်ဆိုင်များ၊ ဒေသထွက်
ကုန်ရောင်းချသည့် ရိုးရာလက်ဆောင်ပစ္စည်းဆိုင်များ လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့အတွက်
တည်းခိုနိုင် မည့်နေရာများကို ပြုပြင်မွမ်းမံခြင်း၊ ခရီးသွား များပိုမိုဝင်ရောက်လာသည်အလျှောက်
ဒေသခံများအတွက် မြင်းလှည်း၊ ဆိုက်ကား၊ စားသောက်ဆိုင်များဖွင့်လှစ်ခြင်းနှင့် ဟိုတယ်များမှာ
လည်း အထိုက်အလျောက် ၀င်ငွေ တိုးလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"လည်ပတ်စရာနေရာတစ်ခုတိုးလာတဲ့ အတွက် နိုင်ငံခြားသည်ဧည့်သည်တွေ ကြာကြာနေလာ
တာနဲ့အမျှ ပိုက်ဆံပိုသုံးရ မှာဖြစ်တဲ့အတွက် ဒေသခံတွေအတွက် ပိုကောင်းပါတယ်"ဟု ၎င်းပြော
သည်။
ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေများ၊ သဘာဝပတ်ဝန်းကျင်များနှင့် လူမျိုးများ၏ ရိုးရာ
ယဉ်ကျေးမှုများကို မထိခိုက် မပျက်စီးစေရန် တာဝန်သိခရီးသွား လုပ်ငန်း ၏ တာဝန်တစ်ရပ်ဖြစ်
သည့်အတွက် အစိုးရမှ ယခုကဲ့သို့ သေချာစိစစ်ပြီး ခွင့်ပြုပေးခြင်းကို ကြိုဆိုသည်ဟု မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးနောင်း နောင်းဟန်က ပြောသည်။
"ဒေသခံတွေ သွားရောက်လေ့လာကြတဲ့ အခါ စနစ်တကျမရှိတဲ့အတွက် ရှေးဟောင်းအမွေအနှစ်
တွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။ အခုလို စနစ်တကျ ထိန်းသိမ်းလိုက်တာ ကောင်းပါတယ်။
ဟိုတယ်တွေ၊ စားသောက် ဆိုင်တွေကို ရှေးဟောင်းအမွေအနှစ်တွေမပျက်စီးနိုင်တဲ့ နေရာမှာ
ဖွင့်မယ်ဆိုရင်ပိုကောင်းပါတယ်။ စနစ်တကျမရှိဘဲ တွေ့ရာနေရာမှာဖွင့်မယ်ဆိုရင် ရှေးဟောင်း
အမွေအနှစ်တွေရဲ့ အနှစ်သာရကို ပျက်စီးစေနိုင် ပြီး ရှေးဟောင်းအဆောက်အအုံကို ထိခိုက်စေ
နိုင်မယ့် အထပ်မြင့်အဆောက်အအုံတွေကို လည်း တားမြစ်သင့်တယ်လို့ ထင်ပါတယ်" ဟု
ဦးနောင်းနောင်းဟန်က ပြောသည်။
"ခရီးသွားဧည့်သည် လာရောက်မှုအလားအလာကို အတိအကျမပြောနိုင်သေးဘဲ အခု ချိန်ထိ
တစ်နှစ်အတွင်း လာရောက်လေ့လာမှု က ထောင်ဂဏန်းလောက်ပဲရှိတဲ့အတွက် တချို့ခရီးသွား
လုပ်ငန်းရှင်တွေက လေ့လာနေတုန်းရှိသလို တချို့ကလည်း လုပ်ငန်းအသေးနဲ့စပြီး စောင့်ကြည့်
နေတာမျိုးလည်းရှိ ပါတယ်။ လမ်းခရီးကောင်းပြီး တစ်နှစ်ပတ်လုံး လာရောက်လေ့လာနိုင်မယ်
ဆိုရင် ခရီးသွား ဧည့်သည်တွေ ပိုမိုဝင်ရောက်လာမှာပါ"ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
ယခုအချိန်အထိ ဟိုတယ်နှင့် စားသောက် ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်အတွက် ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနထံသို့ လာရောက်လျှောက်ထားခြင်း မရှိ သေးသော်လည်း
ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာန၏ ထောက်ခံချက်ပါမှသာ ဆောက်လုပ်ခွင့်ချပေးမည်
ဖြစ်ကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွှန့်က ပြောသည်။





