ဖိုးကျားဆင်စခန်းသို့ တစ်နှစ်လျှင် ဧည့်သည် ၃,၀၀၀ ခန့်လာရောက်

ဖိုးကျားဆင်စခန်းတွင် ဆင်တစ်ကောင်အား ရေချိုးပေးနေမှုကို လက်တွေ့ဝင်ရောက်လေ့လာနေ သည့် ဧည့်သည်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ -  မြန်မာတိုင်း(မ်)
ဖိုးကျားဆင်စခန်းတွင် ဆင်တစ်ကောင်အား ရေချိုးပေးနေမှုကို လက်တွေ့ဝင်ရောက်လေ့လာနေ သည့် ဧည့်သည်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ဖိုးကျားဆင်စခန်းသို့ တစ်နှစ်လျှင် ဧည့်သည် ၃,၀၀၀ ခန့်လာရောက်

မြန်မာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိန်းရေး ဆိုင်ရာ ခရီးသွားလုပ်ငန်း (Eco -Tourism) တွင်
တစ်ခုအပါအဝင်ဖြစ်သော ဖိုးကျားဆင် စခန်းသို့ နှစ်စဉ်နိုင်ငံခြားဧည့်သည် ရ၀၀ ခန့် နှင့် ပြည်တွင်း
ဧည့်သည် ၂,၀၀၀ နီးပါးလာရောက်လေ့လာကြသည်ဟု မြန်မာ့သစ် လုပ်ငန်းဦးစီးဌာန တောင်ငူ
မြောက်ပိုင်း၊ သစ်ထုတ်လုပ်ရေးမှ မန်နေဂျာ ဦးနေဆန်းလင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဖိုးကျားဆင်စခန်းတွင် သစ်ထုတ်လုပ်ရေး လုပ်ငန်း၌ အသုံးပြုရန် ဆင်ကောင်ရေ ၆၀ ကျော်နှင့်
လေ့ကျင့်သင်ကြားထားသော ဆင် ခြောက်ကောင်ရှိပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီ လအတွင်း
ဧည့်သည်အများဆုံးလာရောက် သည်ဟု သိရသည်။

သို့သော် ပဲခူးရိုးမတောင်ခြေတွင်ရှိနေပြီးအင်တာနက်ဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများ မမိခြင်း၊
ရန်ကုန်မြို့မှ စခန်းသို့ တိုက်ရိုက် ရောက်ရှိနိုင်သော ဘတ်စ်ကားလိုင်းမရှိခြင်း တို့ကြောင့် သိရှိသူ
နည်းပါးပြီး လာရောက်မှု နည်းနေခြင်းဖြစ်သည်ဟု ဦးနေဆန်းလင်းက ပြောသည်။

"ဆက်သွယ်ရေးတိုင်တွေတည်ဆောက် ပေးပြီး၊ အွန်လိုင်းဝက်ဘ်ဆိုက်ကနေ ဖိုးကျား ဆင်စခန်းနဲ့
ပတ်သက်တဲ့ လုပ်ဆောင်မှုတွေ ဖော်ပြကြော်ငြာမယ်၊ ကြိုတင်လက်မှတ် မှာယူ နိုင်မယ်ဆိုရင်
ဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်ကြမှာပါ။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံ မယ့်သူတွေ လို
အပ်တယ်"ဟု ၎င်းက ပြော ကြားသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဧည့်သည်အဝင်များလာသော ဖိုးကျားဆင်စခန်းကို ၂၀၀၂ ခုနှစ်တွင်
Eco -Tourism အဖြစ် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဖိုးကျားသဘာဝဆင်စခန်းကို Asia Green
ခရီးသွားလုပ်ငန်းကုမ္ပဏီက ၂၀၀၅ ခုနှစ်တွင် ငှားရမ်းခဲ့ပြီး စာချုပ်အား တစ်နှစ်တစ်ကြိမ် သက်တမ်း
တိုးသည်ဟု သိရသည်။

၀င်ကြေးအနေဖြင့် ပြည်တွင်းခရီးသွား များအတွက် တစ်ဦးလျှင် ကျပ် ၁၀,၀၀၀ နှင့် နိုင်ငံခြားသား
တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထားရာ ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်နှင့်
တွဲ၍ ဓာတ်ပုံရိုက် ခြင်း၊ ဆင်ရေချိုးခြင်းအား စောင့်ကြည့်ခြင်းတို့ ပါ၀င်ကြောင်း Asia Greenခရီး
သွားလုပ်ငန်း ကုမ္ပဏီမှ မန်နေဂျာ ဦးမြတ်မင်းထက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဆင်နားတဲ့အချိန်၊ တောထဲလွှတ်ထားတဲ့ အချိန်မျိုးနဲ့တိုက်ရင် တွေ့ရမှာမဟုတ်တဲ့အတွက်
ဧည့်သည်တွေအနေနဲ့ ကြိုတင်ဘွတ်ကင်လုပ်ထားတာက ပိုပြီးအဆင်ပြေပါ တယ်။ စခန်းက
တောင်ငူနဲ့ ပျဉ်းမနားကြားထဲ မှာရှိတာကြောင့် ညအိပ်ဧည့်သည်နည်း တယ်"ဟု ၎င်းကပြော
သည်။

သစ်လုံးအိမ်တွင် တစ်ညတည်းခိုခမှာ နိုင်ငံ သားများအတွက် တစ်ယောက်ခန်းကို ကျပ် ၄၀,၀၀၀၊
နှစ်ယောက်ခန်းကို ကျပ် ၅၀,၀၀၀ ပေးဆောင်ရပြီး နိုင်ငံခြားသား တစ်ယောက် ခန်းကို အမေရိ
ကန်ဒေါ်လာ ၅၀၊ နှစ်ယောက် ခန်းကို ဒေါ်လာ ၈၀ သတ်မှတ်ထားသည်ဟု ၎င်းကပြောသည်။

စခန်းသို့ ယခုလကုန်တွင် အာဆီယံနိုင်ငံ များမှဝန်ကြီးများ လာရောက်ကြည့်ရှုလေ့လာ မည်ဖြစ်
သောကြောင့် စခန်းတွင်းပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေသည်။ စိုက်ပျိုးရေးနှင့် သစ်တောလုပ်
ငန်းဆိုင်ရာ အာဆီယံဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ
နေပြည် တော်တွင် ကျင်းပမည်ဖြစ်ရာ၎င်းအစည်းအဝေးသို့ တက်ရောက်မည့် ၀န်ကြီးများလာ
ရောက်လေ့လာရာ၌ မြန်မာနိုင်ငံသိက္ခာမကျစေရန် စခန်းတွင်းလိုအပ်မှုများကို ပြုပြင် ပြောင်းလဲ
ခြင်းဖြစ်သည်ဟု ဦးနေဆန်းလင်းက ပြောသည်။

"အာဆီယံဝန်ကြီးတွေ လာရောက်လေ့လာတဲ့အခါ နိုင်ငံသိက္ခာမကျအောင် လိုအပ်တာမှန်သမျှ
ပြုပြင်တာပါ။ စခန်းရှိ သစ်လုံးအိမ်ခုနစ်အိမ်စလုံး ပြင်ဆင်ပြီးပါပြီ။ အခန်းတွင်း ပြင်ဆင်မှု အနည်း
ငယ်ပဲ ကျန်ရှိ တာကြောင့် ဒီတစ်ပတ်အတွင်း အပြီးသတ်နိုင် မှာပါ"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခရီးသွား လုပ်ငန်းအလား
အလာရှိသည့်နေရာ ၃၉ ခုရှိ သည့်အနက် ၁၁ ခု၌ ခရီးသွားလုပ်ငန်းဆောင် ရွက်နေရာ ဖိုးကျား
ဆင်စခန်းနှင့် မြိုင်ဟေဝန် စခန်းများကို မြန်မာ့သစ်လုပ်ငန်းက တာဝန် ယူဆောင်ရွက်နေပြီး
ကျန်ကိုးခုကို သစ်တော ဦးစီးဌာနက ဆောင်ရွက်နေသည် ဟု ဦးနေ ဆန်းလင်းက ပြောသည်။