မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံက ခရီးသည်များသည် အိန္ဒိယနိုင်ငံသို့ ဆိုက်ရောက်
ဗီဇာအသုံးပြုကာ သွားရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အွန်လိုင်း ဗီဇာစနစ် (Electronic Travel Authorisation) စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယခု
လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ တစ်နှစ် နှစ်ကြိမ်လျှောက်ထားနိုင်ပြီး တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ မကျော်ရ
ဟုဆိုသည်။
အွန်လိုင်း ဗီဇာ လျှောက်ထားခြင်းကို ရ၂ နာရီအတွင်း အီးမေးလ်ကတစ်ဆင့် ခွင့်ပြုပေးမည်ဖြစ်ပြီး
လျှောက်ထားနိုင်သော ခရီးစဉ်များမှာ အလည် ခရီး၊ စီးပွားရေး၊ ကာလတိုဆေးကုသမှုခံယူ ခြင်းနှင့်
ဆွေမျိုးမိတ်ဆွေများနှင့်တွေ့ဆုံခြင်း တို့ဖြစ်သည်။
ထိုကဲ့သို့ ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်း မှာ အိန္ဒိယနိုင်ငံသို့ လာရောက်မည့် ခရီးသည် များ
လွယ်ကူအဆင်ပြေစွာ ခရီးသွားလာနိုင် ရန်ရည်ရွယ်ခြင်းဖြစ်ကာ လျှောက်ထားသူ သည် အီးမေးလ်
ကပြန်လည်ပေးပို့သော ခွင့်ပြုချက်ကို ပုံနှိပ်၍ အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာလေဆိပ်ကိုးခုဖြစ်သော
ဘန်ဂါလို၊ ချန်နိုင်း၊ ကိုချင်၊ ဒေလီ၊ ဂိုအာ၊ ဟိုက်ဒရာဘတ်၊ ကိုလ် ကတ္တား၊ မွမ်ဘိုင်းနှင့်
Thiruvananthapuram တို့မှ ၀င်ရောက်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ ဗီဇာစနစ်ကြောင့်
မြန်မာနိုင်ငံက ဗုဒ္ဓဂယာဘုရားဖူးအရေအတွက် တိုးလာနိုင် သည်ဟု ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း
ကော်မတီ ဒုဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။
"ဘုရားဖူးတွေလည်း အလွယ်တကူသွားလာနိုင်မယ်။ Electronic Travel Authorisation ဆိုက်
ရောက်ဗီဇာ ဆောင်ရွက်ခွင့်ရ မယ်ဆိုရင် ခရီးသွား သုံးသောင်းကျော်ကနေ ငါးသောင်းကျော်အထိ
တိုးလာနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ လက်ရှိအသုံးပြုနေသည့် အွန်လိုင်းဗီဇာ စနစ်မှာ
လျှောက်ထားရာတွင် အင်တာနက်လိုင်းနှေးမှုကြောင့် အခက်အခဲဖြစ်ခြင်း၊ ရရှိ လာသည့်ဗီစာ
လျှောက်လွှာကို အိန္ဒိယသံရုံး သို့တင်ရာတွင် လူဦးရေများသောကြောင့် ခရီး သွားတစ်ဖွဲ့လျှင်
၁၀ ဦးသာခွင့်ပြုခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့တင်ထားတဲ့ ဗီစာကို သံရုံး ကတစ်ဆင့် အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနကို
လျှာက်ရတယ်။ အဲဒီက လက်ခံမှ ဗီဇာ ထုတ်ပေးတာပါ။ အဲဒါကြောင့် အင်တာနက်လိုင်း
မကောင်းရင် အခက်အခဲဖြစ်ရတယ်။ လျှောက်လွှာကို ရန်ကုန်နဲ့ မန္တလေးမှာပဲ လျှောက်လို့ရ
တယ်"ဟု ၎င်းက ဆိုသည်။
ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်းကော်မတီသည် Electronic Travel Authorisation ဆိုက်ရောက်ဗီဇာ
ကို သံရုံးနှင့်ညှိနှိုင်းမှုများပြုလုပ်ပြီးမှ စတင်အသုံးပြုမည်ဟု ဦးမောင်မောင်မြင့်က ပြောသည်။
"သံရုံးက Electronic Travel Authorisation ဆိုက်ရောက်ဗီဇာသုံးရင် ဘာတွေအဆင်ပြေအောင်
ဆောင်ရွက်ပေးမလဲ၊ ငွေ သွင်းငွေလွှဲလုပ်ဖို့ ဘဏ်စနစ် စတာတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးဖို့
လိုပါတယ်။ အဆင်ပြေပြေအသုံးပြုနိုင်မယ်ဆိုရင် ဘုရားဖူး ဧည့်သည်တင်မကဘဲ ဆေးကုသွားတဲ့
သူ၊ ပညာတော်သင်၊ စီးပွားရေးကိစ္စနဲ့ သွားတဲ့ သူတွေပါ တိုးလာနိုင်ပါတယ်။ အဲဒီအတွက် ၀မ်းသာ
ပါတယ်"ဟု ၎င်းက ပြောသည်။
ယခုဗီဇာစနစ်ကို အဆင်ပြေစွာအသုံးပြု နိုင်ပါက ဘုရားဖူးခရီးသွား တိုးလာရန် အလား အလာရှိ
ကြောင်း ရွှေမြန်မာလေကြောင်းလိုင်း ဖြင့် ရန်ကုန် ဈ ဂယာ စင်းလုံးငှားလေယာဉ် ပြေးဆွဲပေးနေ
သည့် ကျက်သရေထူး ဂယာ ဘုရားဖူးပို့ဆောင်ရေး မန်နေဂျင်း ဒါရိုက်တာ ဒေါ်ပွင့်နွယ်အောင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"Electronic Travel Authorisation ဆိုက် ရောက်ဗီဇာရမယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာ
ပါတယ်။ အသုံးပြုလို့ ရ မရဆိုတဲ့အပေါ် မူတည်ပါတယ်။ အသုံးပြုရမယ်ဆိုရင် ဘုရားဖူး ၁,၀၀၀
ပို့ပေးရတဲ့ကုမ္ပဏီက ၁,၅၀၀ အထိဖြစ် လာနိုင်ပါတယ်။ အခုလက်ရှိတော့ ဘုရားဖူး ဧည့်သည်တွေ
ဗီဇာရဖို့ အချိန်တစ်လခွဲ လောက်ယူရပါတယ်" ဟု ဒေါ်ပွင့်နွယ်အောင် က ပြောသည်။
ပြီးခဲ့သည့်ဗုဒ္ဓဂယာဘုရားဖူးရာသီတွင် မြန်မာနိုင်ငံက ဘုရားဖူးသုံးသောင်းခန့်ရှိခဲ့ပြီး ယခုနှစ်တွင်
ငါးသောင်းကျော်ရန် ခန့်မှန်းထား ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။





