ရွှေတြိဂံရဲ့ အစိတ်အပိုင်းမြို့တော်ဆီ

တာချီလိတ်မြို့ မြင်ကွင်း။ ဓာတ်ပုံ-စစ်ထက်အောင်/မြန်မာတိုင်း(မ်)
တာချီလိတ်မြို့ မြင်ကွင်း။ ဓာတ်ပုံ-စစ်ထက်အောင်/မြန်မာတိုင်း(မ်)

ရွှေတြိဂံရဲ့ အစိတ်အပိုင်းမြို့တော်ဆီ
မကြာမီတွင် တာချီလိတ်မြို့သို့ လေယာဉ်ဆိုက်တော့မည့်အကြောင်းကို အသိပေးလာသည့် လေယာဉ်မယ်၏ စကားသံအဆုံးတွင် ပြတင်းပေါက်မှ ငုံ့ကြည့်မိလိုက်သည်။

မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံသုံးခု နယ်နိမိတ်ဆုံရာဖြစ်သောကြောင့် ရွှေတြိဂံဒေသဟု နာမည်ကျော်သည့်ဒီဒေသကို ဝေဟင်မှနေ၍ ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်းဖြစ်သည်။ လေယာဉ်ပြတင်းပေါက်မှမြင်ရသည့် မြင်ကွင်းမျှဖြင့် တာချီလိတ်မြို့ကို စိတ်ကူးပုံဖော်ရန်မှာ ခက်ခဲလှပေသည်။

တာချီလိတ်မြို့သည်လည်း ရွှေတြိဂံဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤနယ်စပ်ဒေသမြို့လေး၏ လေယာဉ်ကွင်းသည်လည်း မြန်မာနိုင်ငံရှိ အခြားအခြားသော နယ်မြို့များမှ လေယာဉ်ကွင်းများကဲ့သို့ပင် ခမ်းနားမှုမရှိဘဲ ရိုးရိုးရှင်းရှင်းပင်ဖြစ်သည်။

လေယာဉ်ကွင်းအပြင်ဘက်တွင်တော့ အစိမ်းရောင်အပေါ်အင်္ကျီဝတ်ထားသည့် ဆိုင်ကယ်ကယ်ရီသမားများက ခရီးသွားများကို ခရီးဦးကြိုပြုနေကြသည်။

မြို့တွင်းပြေးဆွဲသည့် လိုင်းကားအနည်းငယ်ရှိသော်လည်း ဆိုင်ကယ်ကယ်ရီများမှာ ဒီမြို့၏ အရေးပါသည့်ပို့ဆောင်ရေးယာဉ်ငယ်များအဖြစ် ရပ်တည်နိုင်နေဆဲဖြစ်သည်။ တာချီလိတ်မြို့ပေါ်တွင် ဆိုင်ကယ်ကယ်ရီသမား အယောက် ၉၀ဝ ကျော်ရှိနေသည်ဟု စာရေးသူကို လာကြိုသည့် ကယ်ရီသမားက ပြောသည်။

ကယ်ရီသမားအများစုမှာ မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများမှ ရွှေ့ပြောင်းအခြေချနေထိုင်လာကြသူများ ဖြစ်ကြသည်။ အချို့ဆိုလျှင် ဒီမြို့သို့ရောက်နေသည်မှာ နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်နေပြီဖြစ်သည်။ ဆိုင်ကယ်ကယ်ရီသမားတို့၏ တစ်နေ့ဝင်ငွေမှာ ဘတ်ငွေ ၄၀ဝ မှ ၇၀ဝ (ကျပ်နှစ်သောင်းမှ သုံးသောင်းခွဲအကြား) တွင် ရှိနေသည်။ အလုပ်ကြမ်းသမားတစ်ဦး၏ တစ်နေ့ပျမ်းမျှဝင်ငွေမှာ ဘတ် ၁၈၀ (မြန်မာငွေ ကျပ် ၉,ဝ၀ဝ ) ရှိသည်။

သည်နယ်စပ်မြို့သို့ ပထမဦးဆုံးရောက်ဖူးသည့် စာရေးသူအတွက် ပထမဆုံးအခက်အခဲမှာ သုံးစွဲသည့် ငွေကြေးမတူညီသည့်ပြဿနာဖြစ်သည်။ တာချီလိတ်တစ်မြို့လုံးလိုလိုသည် ထိုင်းဘတ်ငွေကိုသာ သုံးစွဲကြသည်။ မြန်မာငွေသုံးစွဲရနိုင်သည့်နေရာမှာ မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေးတံတားရှိ မြန်မာဘက်အခြမ်း ဝင်ထွက်ဂိတ်နှင့် တာချီလိတ်မှတစ်ဆင့် ကျိုင်းတုံသို့သွားမည့် အဝေးပြေး ကားလက်မှတ်ရောင်းသည့်နေရာတွင်သာဖြစ်သည်။

လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဓာတ်ဆီဆိုင်၊ ဆိုင်ကယ် ကယ်ရီ၊ ဘတ်စ်ကား အရောင်းအဝယ် ကိစ္စမှန်သမျှတို့ကို ဘတ်ငွေဖြင့်သာ ပေးချေမှုပြုလုပ်ကြသည်။ ဈေးဆိုင်များတွင် ဈေးနှုန်းဖော်ပြရာတွင်လည်း ဘတ်ငွေဖြင့်သာ ဖော်ပြထားသည်ကိုတွေ့ရသည်။ ဒီမြို့လေးမှာ ဈေးဆိုင်နာမည်များကို မြန်မာဘာသာဖြင့်သာမက ထိုင်းဘာသာဖြင့်ပါ ဖော်ပြထားသည်။ မြန်မာကျပ်ငွေကို ထိုင်းဘတ်ငွေဖြင့် လဲလှယ်သုံးစွဲရာတွင်လည်း ဈေးနှိမ်၍ဝယ်ယူကြသည်။

မြို့မှာကျဉ်းသော်လည်း ခြံဝင်းကျယ်ကြီးများ အိမ်ကြီးအိမ်ကောင်းများဖြင့် ပြည့်နှက်နေပြီး အဓိကလမ်းမကြီးဘေးတစ်ဖက်တစ်ချက်ရှိ ဈေးဆိုင်ခန်းများမှာ ကြီးမားကျယ်ဝန်းလှသည်။ မြို့တွင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံတို့မှာလည်း ထည်ဝါလှပေသည်။

တစ်ခုတည်းရှိသည့် အဓိကလမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံ နံပါတ်ပြားတပ် မော်တော်ယာဉ်များ၊ မြန်မာနံပါတ်ဖြင့် မော်တော်ယာဉ်များအပြင် လိုင်စင်မဲ့ကားများ၊ သုံးဘီးဆိုင်ကယ်များနှင့် ဆိုင်ကယ်များမှာ ဥဒဟိုသွား လာလျက်ရှိနေတတ်သည်။ ဒီဒေသမှာ ထိုင်းဘတ်ငွေ သုံးသောင်း (မြန်မာငွေ ၁၅ သိန်း နီးပါး ) သုံးရုံကာမျှဖြင့် ဂျပန်နိုင်ငံထုတ် လိုင်စင်မဲ့ကားတစ်စီး ပိုင်ဆိုင်နိုင်သည် မဟုတ်ပါလော။ အဆိုပါ လိုင်စင်မဲ့ကားများသည် မဲဆိုင်ဘက်မှလာခြင်းမဟုတ်ဘဲ မြန်မာနှင့်ထိုင်းနိုင်ငံတို့၏ အခြားနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့မှ လာခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

နယ်စပ်မြို့ဖြစ်သည်နှင့်အညီ စားသောက်ဆိုင်များ၊ ဟိုတယ်တည်းခိုခန်းများလည်း ပေါများသည်။ လောင်းကစားခန်းများလည်း ရှိနေသည်။ ဟိုတယ်နှင့် တည်းခိုခန်းတို့၏ ဈေးနှုန်းများမှာ ဘတ်ငွေ ၂၀ဝ မှ ၈၀ဝ အထိ ရှိနေသည်။ ဟိုတယ်တည်းခိုခန်းများတွင် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများပါ လာရောက်တည်းခိုသည်ကို တွေ့ခဲ့ရသည်။ မြို့နှင့်မလှမ်းမကမ်းတွင် တရားမဝင်လုပ်ဆောင်နေသည့် လိင်ဖျော်ဖြေမှု ဈေးကွက်များလည်းရှိနေသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သော်လည်း နယ်စပ်ကုန်သွယ်မှုမှာ မြဝတီ၊ မူဆယ်နယ်စပ်ဂိတ်များကဲ့သို့ ကူးသန်းရောင်းဝယ်မှု ကြီးကြီးမားမားတော့ မရှိလှချေ။

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ဖော်ပြချက်အရ နယ်စပ်ကုန်သွယ်မှု၏ အဓိကပို့ကုန်များမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ဖရဲသီး၊ တစ်ရှုးငှက်ပျော၊ ထောပတ်သီး၊ ကော်ဖီစေ့၊ လိမ္မော်သီးနှင့် သစ်ခေါက်များဖြစ်ကြသည်။ အဓိကတင်သွင်းသည့် ကုန်များမှာ ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဒီဇယ်၊ လယ်ထွန်စက်၊ ဆပ်ပြာမှုန့်၊ အိမ်ဆောက်ပစ္စည်း၊ အချိုရည်၊ သစ်သီးအစို နှင့် လေယာဉ်ဆီတို့ဖြစ်ကြသည်။

တာချီလိတ်မြို့တွင်းရှိဈေးများတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လာသည့် ကုန်ပစ္စည်းများကို ခင်းကျင်းရောင်းချလျက်ရှိနေသည်ကိုလည်း တွေ့ခဲ့ရသည်။

"ထိုင်းနယ်စပ်သာပြောတာ တရုတ်ပစ္စည်းက ပိုပေါတယ်" ဟု စာရေးသူကို လိုက်ပို့သည့် ဆိုင်ကယ်ကယ်ရီသမားက ဆိုသည်။ တာချီလတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့တို့ကို မယ်ဆိုင်ချောင်းဖြင့်ပိုင်းခြားထားပြီး ချစ်ကြည်ရေးတံတား နှစ်စင်းဖြင့်ပေါင်းကူးထားသည်။

မြို့လယ်နှင့်နီးသည့် ချစ်ကြည်ရေးတံတားပေါ်တွင် ဟိုဘက်သည်ဘက် အပြန်အလှန်ကူးလူးသွားလာနေသူများဖြင့် စည်ကားလျက်ရှိနေတတ်သည်။ ထိုသူများထဲတွင် ဈေးရောင်း၊ ဈေးဝယ်များ နေ့စားအလုပ်သမားများ အလည်အပတ်လာရောက်ကြသူများပါဝင်သည်။

မြန်မာဘက်ဂိတ်တွင် မှတ်ပုံတင်ပြ၍ ကျပ် ၁,ဝ၀ဝ ပေးကာ ယာယီဝင်ထွက်လက်မှတ်ပြုလုပ်ရပြီး အဆိုပါ လက်မှတ်ကိုကိုင်ကာ ထိုင်းနိုင်ငံဘက်ဂိတ်တွင် ဘတ်ငွေ ၂၀ ပေးရုံဖြင့် အလွယ်တကူ ကူးလူးသွားလာနိုင်သည်။

ချစ်ကြည်ရေးတံတား၏ မြန်မာဘက်အခြမ်းတွင် ကွမ်းယာဆိုင်၊ အကြော်ဆိုင်တို့ကိုတွေ့ရပြီး ထိုင်းနိုင်ငံဘက်အခြမ်းတွင်မူ ထီလက်မှတ်ရောင်းချနေသူများကို တွေ့ခဲ့ရသည်။ မြန်မာဘာသာကို ဂူးဂဲလ်ဘာသာပြန်စနစ်ဖြင့်ပြန်ထားသည့် အဆီအငေါ်မတည့်သည့် အသိပေးချက်အချို့ကို ထိုင်းဘက်အခြမ်းရှိ ဝင်ထွက်ဂိတ်တွင်တွေ့မြင်ရသည်အတွက် ပြုံးမိပါသေးသည်။

တာချီလိတ်နှင့် မယ်ဆိုင်မြို့သည် ကပ်လျက်ရှိနေသည့်အတွက် ဈေးရောင်းဈေးဝယ်ပြုလုပ်ကြသူများမှာလည်းနေ့စဉ် အပြန်အလှန်ကူးလူး ရောင်းချလျက်ရှိနေကြသည်ကို တွေ့ခဲ့ရသည်။

တာချီလိတ်မြို့မှာကျဉ်းသော်လည်း ရှမ်း၊ ဗမာ၊ လားဟူ၊ အခါ၊ တရုတ် စသည်ဖြင့် လူမျိုးစုံနေထိုင်ကြသည်။ နယ်စပ်မြို့ဖြစ်၍ ၂၄ နာရီပတ်လုံး သက်ဝင်လှုပ်ရှားနေတတ်သည့် မြို့လေးလည်းဖြစ်သည်။ ညအခါများတွင် အရပ်မျက်နှာအသီးသီးမှ တဒိုင်းဒိုင်းပစ်ဖောက်သည့် ဗျောက်အိုးသံများကိုကြားနေရပြီး မြို့ခံများအဖို့တော့ ထူးဆန်းသည့် အကြောင်းအရာတစ်ခုမဟုတ်တော့ပေ။ ထိုင်းနိုင်ငံဘက်မှ ရယူထားသည့် လျှပ်စစ်မီးကြောင့် ညအချိန်များတွင် မီးရောင်များက နေရာအနှံ့ထိန်ထိန်ညီးနေသည်။ မီတာခမှာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ခြောက်ဘတ်မှ ၁၀ ဘတ်အကြားကျသင့်သည်ဟု ဒေသခံများက ပြောသည်။

ရွှေတြိဂံဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် တာချီလိတ်မြို့သည် မူးယစ်ဆေးဝါး အထူးပေါများရာ ဒေသများထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ ယာဘဟုခေါ်သည့် မက်သာဖက်တမင်း စိတြွ်ကရူးသွပ်ဆေးတစ်ပြားလျှင် ၁၀ ဘတ် (မြန်မာငွေ ကျပ် ၅၀ဝ) နီးပါးသာကျသင့်ပြီး အလွယ်တကူ ဝယ်ယူရနိုင်သည်။

ရွှေတြိဂံဒေသအတွင်း မက်သာဖက်တမင်း စိတ်ကြွဆေးပြားထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် ထိတ်လန့်ဖွယ်ကောင်းသည့်အဆင့်တွင် ရှိနေသည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးထားသည်။ ရွှေတြိဂံဒေသထွက်ဆေးပြားများသည် မဲခေါင်ဒေသနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဈေးကွက်ဝယ်လိုအားထက် အလွန်များပြားနေပြီး သြစတြေးလျ၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများကို အဓိကတင်ပို့နေကြောင်း UNODC က ဆိုသည်။

ယင်းဒေသအတွင်း သြဇာညောင်းသည့်အဖွဲ့အစည်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည်။ တာချီလိတ်မြို့တစ်ခုတည်းတွင်ပင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၄၀ ကျော်ရှိသည်ဟု ဒေသခံသတင်းထောက်များက ဆိုသည်။

မြန်မာပြည်တွင်းရှိနေပြီး မြန်မာမဆန်သည့်မြို့လေးသို့ ပထမဆုံးရောက်ခဲ့သည့် စာရေးသူအတွက်တော့ မြင်မြင်သမျှအံ့သြစရာတွေချည်းဖြစ်ခဲ့ရသည်။ ဒီမြို့တွင် နေထိုင်သူများကတော့ တာချီလိတ်မြို့သည် အပျော်ရှာလိုပါက ပျော်စရာများ စုံစုံလင်လင်ရှိသည့်မြို့လေးဟုဆိုသည်။ ထိုပျော်စရာများ၏ နောက်ကွယ်တွင် ရသစုံသည့် အကြောင်းအရာများစွာ၊ ဘဝဇတ်လမ်းများစွာ ရှိနေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်သည်။