အဲမန္တလေး၏ ပြေးဆွဲမှုများ ရပ်နားထား

ရန်ကုန်လေဆိပ်၌ ရပ်တန့်ထားသည့် အဲမန္တလေးလေယာဉ်တစ်စင်းကို ပြီးခဲ့သည့် မေလအတွင်းက တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)
ရန်ကုန်လေဆိပ်၌ ရပ်တန့်ထားသည့် အဲမန္တလေးလေယာဉ်တစ်စင်းကို ပြီးခဲ့သည့် မေလအတွင်းက တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

အဲမန္တလေး၏ ပြေးဆွဲမှုများ ရပ်နားထား

ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည့် အဲမန္တလေးသည် ယခုလ ၁၀ ရက်နေ့မှ လာမည့်
ဇန်နဝါရီလကုန်အထိ ခရီးစဉ်ပျံသန်းမှုများကို ရပ်ဆိုင်းထားမည်ဟု လေကြောင်းလိုင်း၏
ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်စိုးလင်း က မြန်မာတိုင်း(မ်) ကိုပြောသည်။

"ကျွန်တော်တို့ လေယာဉ်လက်မှတ် အရောင်းဌာနနဲ့ ခရီးသွားကိုယ်စားလှယ်တွေကို လေယာဉ်
ပျံသန်းမှု ရပ်နားထားတာနဲ့ ပတ်သက်ပြီး အီးမေးလ် ပို့ထားပါတယ်။ တရားဝင်ထုတ်ပြန်နိုင်ဖို့
အစည်းအဝေး လုပ်နေပါတယ််" ဟု ၎င်းက ပြောသည်။

လေကြောင်းလိုင်းတွင် အသုံးပြုရန် ငှားရမ်းထားသည့် လေယာဉ်ရောက်ရှိရန်
နှောင့်နှေးနေခြင်းကြောင့် ခရီးစဉ်ပြေးဆွဲမှုများကို ရပ်နားထားမည်ဖြစ်သည်ဟု လေကြောင်းလိုင်းက
လက်မှတ်အရောင်း ကိုယ်စားလှယ်များထံ ပေးပို့သည့် အီးမေးလ် တွင် ဖော်ပြထားသည်။

အဲမန္တလေးက ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် လေယာဉ်အချိန်စာရင်းအရ ဘရာဇီးလ်နိုင်ငံထုတ်
Embraer ERJ 145s လေယာဉ် ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်အသုံးပြုမည်ဖြစ်သော်လည်း
လေယာဉ်ရောက်ရှိမှု နှောင့်နှေးမှုကြောင့် နိုဝင်ဘာလ ၂၄ ရက် နေ့သို့ ရွှေ့ဆိုင်းခဲ့သည်။

Nice Fare လက်မှတ်အရောင်းကိုယ်စားလှယ်ဌာနမှ ကြီးကြပ်ရေးမှူး ကိုခြူးမောင်မောင် က
အဲမန္တလေးက လေယာဉ်ရပ်နားသည့် အကြောင်းကြားစာကို အီးမေးလ်မှ သိခဲ့ရသည်ဟု
မြန်မာတိုင်း(မ်)ကို ပြောသည်။

"၂၀၁၅၊ ဇန်နဝါရီလကုန်အထိ နားမယ်လို့ သိရပါတယ်"ဟု ၎င်းကပြောသည်။

အမေရိကန်နိုင်ငံ၊ ဘိုးရင်းကုမ္ပဏီထုတ် ဘိုးရင်း ရ၃၇ လေယာဉ်များကို လေကြောင်းလိုင်းအတွက်
ငှားရမ်းဝယ်ယူရန်အတွက် အဲမန္တလေးသည် ဘိုးရင်းကုမ္ပဏီနှင့် မကြာသေးမီကမှ
သဘောတူထားသည်။

ထို့ပြင် ယခုလ အစောပိုင်းကလည်း ဂျပန်နိုင်ငံ မစ်ဆူဘီရှီကုမ္ပဏီထံမှ MRJ90 လေယာဉ်
ခြောက်စင်း ၀ယ်ယူရန် သဘောတူလက်မှတ်ရေးထိုးထားသေးသည်။

အဆိုပါလေယာဉ်များကို ၂၀၁၈ ခုနှစ်မှ စတင် လက်ခံရရှိမည် ဖြစ်သည်။

ထိုအတောအတွင်း Embraer ERJ လေယာဉ်ခြောက်စင်းကို ထပ်မံဖြည့်တင်းမည်ဟုလည်း
အဲမန္တလေး က ပြောကြားထားသည်။

အဲမန္တလေးလေကြောင်းလိုင်းသည် ၂၀၁၀ ပြည့်နှစ်ကလည်း ၎င်း၏ အေတီအာ ရ၂ လေယာဉ်
နှစ်စင်းနှင့် အေတီအာ ၄၂ လေယာဉ် တစ်စင်းကို ထိန်းသိမ်းပြုပြင်ရန် အခက်အခဲများကြောင့်
ပြေးဆွဲမှုများ လအတန်ကြာ ရပ်နားခဲ့ရသေးသည်။