ဒါပေမဲ့ ခရီးသွားရတာ ဝါသနာကြီးတဲ့ အမေကတော့ ပိတ်ရက်ကလေးကို လက်လွှတ်မခံချင်ပါဘူး။
ဒီလိုနဲ့ မိသားစုငါးယောက်ဟာ အမှိုက်မရှိဘူးလို့ နာမည်ကြီးတဲ့ ထားဝယ်မြို့ကို ကားနဲ့ ခရီးထွက်ခဲ့ကြပါတယ်။
အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီလောက် ရန်ကုန်ကနေ စတင်ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်ကနေ ထားဝယ်ကို ၁၁ နာရီခွဲလောက် မောင်းရမှာဆိုတော့ ခရီးပန်းမှာ ကြောက်တာကြောင့် ဆွေမျိုးတွေရှိတဲ့ မော်လမြိုင်မှာ တစ်ညဝင်နားဖို့ အစီအစဉ်ဆွဲခဲ့ကြပါတယ်။ သီတင်းကျွတ်ဆိုတော့ မော်လမြိုင်က အဘိုးအဘွားတွေကိုလည်း ဝင်ကန်တော့ရင်းပေါ့။
ရုံးပိတ်ရက်က အောက်တိုဘာ ၁၁ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ရန်ကုန်မြို့ခံတော်တော်များများက အောက်တိုဘာ ၁၀ ရက် ညကတည်းက ခရီးထွက်သွားကြပြီမို့ အမှတ်(၂) လမ်းမကြီးတစ်လျှောက် ရှင်းလင်းနေပါတယ်။ မော်လမြိုင်မှာ တစ်ထောက်နားမယ်ဆိုတဲ့ သတင်းကြားတော့ ဘီးလင်းမှာနေတဲ့ အဒေါ်က သူ့အိမ်ဝင်ပြီး နေ့လယ်စာစားဖို့ ပြောပါတယ်။
ဘီးလင်းကအဒေါ်နဲ့ ကျွန်မအမေက အပျိုဘဝကတည်းက ကွဲကွာနေတာကြောင့် သူ့အိမ်တစ်ထောက်ဝင်ပြီး သူတို့မိသားစုနဲ့ တွေ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဒေါ်အိမ်ကတော့ ဘီးလင်းမြို့ကနာမည်ကြီးရွှေမျက်မှန်ထမင်းပေါင်းဆိုင် ဘေးကလမ်းထဲမှာရှိပါတယ်။ အဒေါ်ရဲ့အမျိုးသားက အလုပ်ကြိုးစားပြီး အမျှော်အမြင်ကြီးသူတစ်ဦး ဖြစ်ပုံရပါတယ်။ ဝန်ထမ်းဘဝက ဝယ်ထားတဲ့ ငါးဧကကျယ်တဲ့ခြံကြီးကို အသက်ကြီးတဲ့အထိ ထိန်းသိမ်းထားပြီး သားသမီးလေးဦးအရွယ်ရောက်တော့မှ ခွဲဝေပေးခဲ့ပါတယ်။ ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ ဒူးရင်း၊ ကျွဲကော၊ ပိန္နဲပင်တွေ စုံလို့ပါပဲ။
နာဂစ်ဖြစ်တော့ သူ့ဒူးရင်းပင်တော်တော်များများ ပါသွားတယ်လို့ သူက နှမြောတသစွာ ဆိုပါသေးတယ်။ အဒေါ်နဲ့ဦးလေးတို့နှစ်ယောက်တည်းနေတဲ့ အိမ်မကြီးနောက်ဖေးမှာတော့ ရော်ဘာခြံကြီးလည်း ရှိပါတယ်။ အဒေါ်တို့ကျွေးတဲ့ နေ့လယ်စာကိုစားပြီး မော်လမြိုင်ကို တက်သုတ်ရိုက် ထွက်ခဲ့ရပါတယ်။ အမေနဲ့အဒေါ်ကတော့ နှစ် ၄၀ နီးပါးကွဲကွာပြီးမှ ပြန်ဆုံကြရတော့ မျက်ရည်ကလေး တစ်စမ်းစမ်းနဲ့ပေါ့။
မော်လမြိုင်ကိုရောက်တော့ ညနေ ၄ နာရီထိုးနေပါပြီ။ တစ်ညတာတည်းခိုဖို့ ကမ်းနားလမ်းက ဟိုတယ်တစ်ခုကို ရွေးချယ်ခဲ့ကြပါတယ်။
ဟိုတယ်မှာရေမိုးချိုးပြီး ပြန်အထွက်မှာတော့ ညနေ ၆ နာရီလောက်ရှိနေပါပြီ။ မော်လမြိုင် တက္ကသိုလ်နားမှာနေတဲ့ အဘိုးနဲ့ အဘွားအိမ်ကို သွားကန်တော့ပြီး ကမ်းနားလမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားကြပါတယ်။ ပင်လယ်ကူးသင်္ဘောတွေရယ် နိမ့်နိမ့်လေးပျံသန်းနေတဲ့ ဇင်ယော်တွေနဲ့ မော်လမြိုင် ကမ်းနားဟာလှနေပေမဲ့ လမ်းဘေးစားသောက်ဆိုင်တွေက ထွက်တဲ့ ညော်နံ့တွေနဲ့ အမှိုက်သရိုက်တွေက ကမ်းနားလမ်းကို အကျည်းတန် စေသလိုပါပဲ။
ကမ်းနားလမ်းက စားသောက်ဆိုင်က ပုစွန်ကင်ရဲ့ အရသာကတော့ သဘာဝအတိုင်း ချိုဆိမ့်နေပြီး နူးညံ့လှပါတယ်။ မော်လမြိုင်ကို မကြာခဏ ရောက်ဖူးတာကြောင့် ဟိုဟိုဒီဒီတော့ မလည်ပတ်တော့ဘဲ ဟိုတယ်ကိုပြန်ပြီး အနားယူကြပါတယ်။
နောက်တစ်နေ့ နံနက်မှာတော့ အထုပ်အပိုးတွေ ကားထဲထည့်ပြီး ဖားအောက်တောရက သူငယ်ချင်းအိမ်ကို နံနက်စာစားဖို့ ထွက်ခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အမေက ဖားအောက်မုန့်ဟင်းခါးနဲ့ ဒေသထွက် ရိုးရာမုန့်လေးတွေ စားပွဲဝိုင်း အပြည့်ပြင်ဆင်ထားပါတယ်။ ဖားအောက်မုန့်ဟင်းခါးကို ဘဝမှာ ပထမဦးဆုံးစားဖူးတာဖြစ်ပါတယ်။ မုန့်ဖတ်က နူးညံ့ပြီး လျှာပေါ်တင်လိုက်တာနဲ့ အရည်ပျော်သွားသလို ခံစားရပါတယ်။ ငါးနိုင်းချင်းနဲ့ ချက်ထားတဲ့ မုန့်ဟင်းရည်ကလည်း သဘာဝအတိုင်းချိုပြီး ငှက်ပျောဖတ်ကလည်း နူးညံ့နေတာပါပဲ။
ထားဝယ်ကိုအဝင် ညမိုးချုပ်မှာစိုးတာကြောင့် သူငယ်ချင်းအိမ်က မုန့်ဟင်းခါးစားပြီးတာနဲ့ ခပ်မြန်မြန်ထွက်လာကြပါတယ်။ ထားဝယ်ကနေ ရေးကိုရောက်ဖို့ သုံးနာရီလောက်ကားမောင်းရပါတယ်။
ရေးမြို့ကိုနီးလာလေ တောင်ကြားလမ်းလေးတွေက ဖြူးလာလေပါပဲ။ ရေးမြိုနဲ့တနင်္သာရီတိုင်းဒေသကြီးကို ဆက်ထားတဲ့မလွှဲတောင်ပေါ်က တောင်ကြားလမ်းလေးတွေကို ကတ္တရာလမ်းတွေဖြူးနေအောင် ခင်းထားပြီး လမ်းတစ်ဖက်တစ်ချက်မှာ စိမ်းညို့နေတဲ့ သစ်ပင်တွေက အုပ်ဆိုင်းနေပါတယ်။ တောင်ကြားကိုဖြတ်တိုက်လာတဲ့ လေကြောင့် အေးစိမ့်စိမ့် ခံစားရတဲ့အပြင် အဝေးကမြင်တွေ့နေရတဲ့ တနင်္သာရီတောင်တန်းတွေက ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။
ရှမ်းတောင်တန်းတွေနဲ့ မတူတဲ့ အချက်ကတော့ သဘာဝအတိုင်း ရှိနေသေးတဲ့ သစ်တော သစ်အုပ်တွေပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲက တောင်ကြားလမ်းလေးတွေလိုပဲ လမ်းတွေက ကတ္တရာအဖြူးသားနဲ့မို့ ကားစီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပြီး တောတောင်တွေရဲ့ မြင်ကွင်းကလည်း စိတ်ကို အေးချမ်းစေပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လက မြန်မာတစ်နိုင်ငံလုံး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး မလွှဲတောင်ပေါ်က တံတားတချို့ပျက်စီးခဲ့သလို တချို့ နေရာတွေမှာ တောင်ရဲ့အစိတ်အပိုင်းတချို့ ပြိုကျနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီနေရာလေးတွေမှာ ကားကို ယာယီတံတားပေါ်က သတိထားမောင်းရတာကလွဲရင် လမ်းခရီးက ဖြောင့်ဖြူးသာယာပါတယ်။
အဲဒီနေ့ညက သီတင်းကျွတ်လပြည့်ညဖြစ်တာကြောင့် တောင်ပေါ်မြို့တွေကို ဖြတ်သန်းတဲ့အခါ လမ်းဘေးဝဲယာမှာ ဖယောင်းတိုင်လေးတွေ စီရရီထွန်းထားတာကိုတွေ့ရပါတယ်။
ထားဝယ်မြို့ကို ည ၈ နာရီ ရောက်ပါတယ်။
ထားဝယ်မြို့မှာ ဟိုတယ်ဘိုကင်လုပ်လို့ မရတော့ကြောင့် အဲဒီညကို မောင်းမကန်မှာတည်းခဲ့ရပါတယ်။ ထားဝယ်မြို့အဝင်ကနေ မောင်းမကန်ကို ပုံမှန်ဆို ၁၅ မိနစ်သာ မောင်းရပါတယ်။ ဒါပေမဲ့ထားဝယ်မြို့ရဲ့ အထင်ကရ ပွဲတော်ဖြစ်တဲ့ သပိတ်မျှောပွဲရှိတာကြောင့် လမ်းတွေပိတ်နေခဲ့ပြီး မောင်းမကန်ကို ည ၉ နာရီမှ ရောက်ခဲ့ရပါတယ်။ မောင်းမကန်ကမ်းခြေမှာပဲ ညစာစားပြီး ခပ်စောစော အိပ်ရာဝင်ခဲ့ပါတယ်။
ကျွန်မတို့မိသားစုအတွက် နောက်ထပ်အချိန်နှစ်ရက်သာ ရပါတော့တယ်။ ထားဝယ်မှာ တစ်ရက်နေပြီး နောက်တစ်ရက်ကိုတော့ ရန်ကုန်ကို ပြန်ဆင်းရမှာပါ။ ထားဝယ်မြို့ရဲ့ အထင်ကရနေရာတွေထဲမှာ ရှင်ကိုးရှင်လည်း ပါပါတယ်။ ရှင်ကိုးရှင်ကို တစ်ရက်တည်းနဲ့ ပြီးအောင်မဖူးနိုင်ပါဘူး။ ဒါကြောင့် ဒေသခံတွေက သိပ်လှတဲ့ ရှင်မျှော်ကိုသာ ရအောင်ဖူးဖို့ အကြံပြုပါတယ်။ ရှင်မျှော်ကို ထားဝယ်က
နေ သုံးနာရီလောက် မောင်းရပါတယ်။ အသွားအပြန်ဆို ခြောက်နာရီကြာမှာပါ။ တကယ်လို့ ရှင်မျှော်ကိုသာ သွားရင် ထားဝယ်မြို့အလှကို ခံစားဖို့ အချိန်သိပ်မရတော့တာကြောင့် မောင်းမကန်နဲ့ နီးတဲ့ မျှော်ရစ်ကိုသာ သွားခဲ့ရပါတယ်။
ပင်လယ်ကမ်းခြေအနီးက ကျွန်းတစ်ခုပေါ်မှာ မျှော်ရစ်ဘုရားကို တည်ထားပြီး ကမ်းခြေအနီး ကျောက်တုံးကြီးတွေပေါ်မှာလည်း ရွှေစေတီလေးတွေ တည်ထားပါတယ်။ ပင်လယ်ဟာပြာလွင်နေပြီး ရေကလေးတွေကလည်း ကြည်လင်နေတာကြောင့် ကူးခတ်နေတဲ့ ငါးလေးတွေကိုပါ မြင်တွေ့နေရပါတယ်။
မျှော်ရစ်ကိုလည်ပတ်အပြီး မောင်းမကန်မှာပဲ နေ့လယ်စာဝင်စားပြီး ထားဝယ်မြို့ကို ဆက်မောင်းလာခဲ့ပါတယ်။ မနက်ခင်းစောစောထပြီး မောင်းမကန်မှာ ရေကူးထားတာကြောင့် ထားဝယ်ရောက်တော့ အားလုံးပင်ပန်းနေကြပါပြီ။ အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်တာမို့ ထားဝယ်မြို့က နှစ်သက်တမ်း ၁၅၀ ရှိပြီဖြစ်တဲ့ Our Lady of Sorrow ဘုရားကျောင်းမှာ ဘုရားဝင်ရှိခိုးဖို့ စဉ်းစားကြပါတယ်။
ဘုရားကျောင်းဟာ မီးပုံးပျံဦးကျော်ရင်လမ်းထဲမှာ တည်ရှိတယ်ဆိုတာကြောင့် ပိုပြီး စိတ်ဝင်စားတာဖြစ်ပါတယ်။ ဘုရားကျောင်းက ခြေတံရှည် သစ်သားအဆောက်အအုံဖြစ်ပြီး ကျွန်းတိုင်လုံးကြီးတွေနဲ့ တည်ဆောက်ထားပြီး အခိုင်အခံ့ရှိနေပါသေးတယ်။ ဘုရားကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာတော့ မီးပုံးပျံဦးကျော်ရင်အိမ်ရှိပါတယ်။
နှစ်ထပ်သစ်သားအိမ်ရဲ့ အောက်ထပ်မှာ ပရဆေးဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဦးကျော်ရင်ရဲ့ မြေးတွေကပဲ ဦးစီးတာဖြစ်ပါတယ်။ အိမ်ဦးခန်းမှာတော့ မီးပုံပျံကြီးရှေ့မှာ မတ်တပ်ရပ်နေတဲ့ ဦးကျော်ရင်ရဲ့ ပုံတူပန်းချီကားတစ်ကား ချိတ်ဆွဲထားပါတယ်။
ရုံးပိတ်ရက်က တိုတောင်းလွန်းတဲ့အတွက် ထားဝယ်တစ်မြို့လုံးကိုတော့ အနှံ့မရောက်ခဲ့ပါဘူး။ နောက်တစ်နေ့မှာတော့ စိတ်ပျက်စွာနဲ့ပဲ ရန်ကုန်ကိုပြန်ခဲ့ရပါတယ်။
ဝေးလံတဲ့နေရာတွေခရီးထွက်ရင် ရက်တိုတိုနဲ့ မသွားဖို့သင်ခန်းစာတော့ ရလိုက်ပါတယ်။ ဒါပေမဲ့အလွန်လှတဲ့ မလွှဲတောင်ကို နောက်တစ်ခေါက် ဖြတ်ရဦးမယ်ဆိုတော့ စိတ်က လှုပ်ရှားလာပြန်ပါတယ်။ အပြန်ခရီးမှာတော့ တောင်ကြားတစ်လျှောက် စီးဆင်းနေတဲ့ ရေတံခွန်လေးတွေနားမှာ ကားရပ်ပြီး မျက်နှာသစ်ကြပါတယ်။ ပြီးတော့ လန်းလန်းဆန်းဆန်းနဲ့ပဲ ရန်ကုန်ကိုခရီးဆက်ခဲ့ကြပါတော့တယ်။








