ပင်လယ်ဘေးက ဘူဆန်မြို့

ဘူဆန်ကမ်းခြေ။ အောင်ခန့်/မြန်မာတိုင်း(မ်)
ဘူဆန်ကမ်းခြေ။ အောင်ခန့်/မြန်မာတိုင်း(မ်)

ပင်လယ်ဘေးက ဘူဆန်မြို့
ဘူဆန်လို့ ဆိုလိုက်တာနဲ့ Zombie လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေအပြည့်နဲ့ရိုက်ကူးထားတဲ့ Train to Busan ဇာတ်ကားကို အရင်ပြေးသတိရလေ့ရှိပါတယ်။

စင်စစ်ဘူဆန်မြို့လေးကတော့ အေးချမ်းတည်ငြိမ်မှုကို ဝတ်ဆင်ထားပြီး သေသပ်လှပနေပါတယ်။

ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဘူဆန်က တောင်ကိုရီးယားနိုင်ငံမှာ ဆိုးလ်မြို့ပြီးရင် ဒုတိယအကြီးဆုံးမြို့ ဖြစ်ပြီး လူဦးရေသုံးသန်းခွဲနီးပါး နေထိုင်ပါတယ်။ မြို့အကျယ်အဝန်းကတော့ ရန်ကုန်မြို့ထက် ဧကငါးသောင်းနီးပါးလောက် ကျယ်ဝန်းပါတယ်။ မြို့ကကျယ်ဝန်းပြီး လူဦးရေမထူထပ်တာကြောင့် ဘူဆန်မြို့လေးက တိတ်ဆိတ်နေပုံရပါတယ်။ မြို့လေးက တိတ်ဆိတ်နေပေမဲ့ ဘူဆန်ဆိပ်ကမ်းကတော့ ကမ္ဘာ့အစည်ကားဆုံး ဆိပ်ကမ်းတွေထဲမှာ အဆင့်နံပါတ်ခြောက်မှာ ရှိပါတယ်။

Busan Tourism Organization က အာဆီယံ ၁၀ နိုင်ငံက သတင်းမီဒီယာတွေကို ASEAN-ROK Commemorative Summit အကြိုအနေနဲ့ ဖိတ်ခေါ်ခဲ့တာကြောင့် ဘူဆန်မြို့မှာ ငါးရက်ကြာ နေထိုင်ခဲ့ရပါတယ်။ ဘူဆန်မြို့က အထင်ကရနေရာတွေကို လည်ပတ်ခဲ့ပြီး ကိုရီးယား ယဉ်ကျေးမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။

ဘူဆန်မြို့က ဒီနှစ်အတွက် ASEAN-ROK Commemorative Summit နဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီး ဆွေးနွေးပွဲကို လက်ခံကျင်းပနေတာဖြစ်ပါတယ်။ ကိုရီးယား-အာဆီယံ ယဉ်ကျေးမှုဖလှယ်ပွဲတွေအဖြစ် အာဆီယံအစားသောက်ပွဲတော် (ASEAN food street) နဲ့ အာဆီယံရုပ်ရှင်ပွဲတော် (ASEAN Film Festival) တွေကိုပါ ဘူဆန်မြို့က လက်ခံကျင်းပနေပါတယ်။

ပတ်ပတ်လည် ပင်လယ်ရေတွေနဲ့ ဝိုင်းထားပြီး တောင်ကုန်းတွေအကြားမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံမြင့်မြင့်တွေကြောင့် ဘူဆန်မြို့က လေယာဉ်ပေါ်က ကြည့်ရတာ မျက်စိပသာဒဖြစ်စရာပါ။ တောင်စောင်းတွေအကြား အလိုက်သင့် တည်ဆောက်ထားတဲ့ လူနေအိမ်တွေက ရင်သပ်ရှုမောဖွယ်အတိပါပဲ။

နိုဝင်ဘာလဆိုတော့ ဘူဆန်မြို့မှာ ဆောင်းဦးပေါက်ရာသီရောက်နေပါပြီ။ မေဘယ်၊ ဂျင်ကို (Ginkgo) အမည်ရှိတဲ့ အရွက်ဝါဝါလေးတွေ မြေပေါ်ကို စလွင့်တဲ့ကာလဖြစ်ပါတယ်။ ဘူဆန်မြို့ခံ ပတ်ဟိုဂျင်း (Park Hyo-jin) ရဲ့အဆိုအရတော့ ဒီအချိန်ကာလက တောင်ကိုရီယားမှာ မပူလွန်း၊ မအေးလွန်းတာကြောင့် နေလို့အကောင်းဆုံးအချိန်ဖြစ်ပြီး လူတွေလမ်းပေါ်အထွက်များဆုံးကာလလို့ဆိုပါတယ်။

Haeundae Beach

ဘူဆန်မြို့မှာ လည်ပတ်စရာနေရာတွေ အတော်များပါတယ်။ ကမ်းခြေတင်ခုနစ်ခုရှိပြီး နွေရာသီဆို လာရောက်လည်ပတ်ကြတဲ့သူတွေနဲ့ အတော်စည်ကားလှတယ်လို့ ဆိုကြပါတယ်။ အဲဒီထဲမှာ ရောက်ခဲ့တာက Haeundae-gu ခရိုင်မှာရှိတဲ့ Haeundae ကမ်းခြေပါ။

မြန်မာနိုင်ငံက ငွေဆောင်၊ ချောင်းသာတို့နဲ့ ယှဉ်လို့မရအောင် ကမ်းခြေအလျားက အတော်တိုပါတယ်။ ဘေးပတ်ပတ်လည်မှာ အထပ်မြင့်အဆောက်အအုံတွေ ဝန်းရံထားတာကြောင့် မြန်မာနိုင်ငံကလူတွေအတွက်တော့ ခံစားနေကျ ပင်လယ်ကမ်းခြေရောက်သွားပြီဆိုတဲ့ လွတ်လပ်မှုကို သိပ်မခံစားရပါဘူး။ မြန်မာနိုင်ငံက ကမ်းခြေတွေထက် အပြတ်အသတ်သာတာတစ်ခုက အမှိုက်တစ်စက်မှမရှိဘဲ သဲတွေက ဖြူဖွေးသန့်ပြန်လို့နေပါတယ်။

ဒုက္ခသည်တွေ တည်ဆောက်ခဲ့တဲ့ ရွာကလေး (Gamcheon culture village)

ကိုရီးယား ရိုးရာအိမ်လေးတွေနဲ့ စုဖွဲ့ထားတဲ့ Gamcheon ဆိုတဲ့ရွာကလေးကိုရောက်မှ ဘူဆန်ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တောင်စောင်းတစ်လျှောက်မှာ စုဖွဲ့တည်ဆောက်ထားတဲ့ ရောင်စုံအိမ်လေးတွေနဲ့ ရွာကလေးက ဘူဆန်ရဲ့ထင်ရှားတဲ့ အမှတ်အသားတစ်ခုပါ။

ကိုရီးယားပြည်တွင်းစစ်ကြောင့် စစ်ဘေးဒုက္ခသည်တွေဖြစ်ခဲ့ရတဲ့ ထောင်ပေါင်းများစွာသော လူတွေအတွက် Gamcheon ရွာကလေးကို ၁,၉၅၀ ပြည့်ကျော်ကာလမှာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်ကျော်ကာလ တောင်ကိုရီယားနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ဘူဆန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေနဲ့ ပြည့်လာခဲ့ပေမဲ့ ဒီရွာကလေးကတော့ ဆင်းရဲတဲ့ရွာကလေးအဖြစ် ဆက်ရှိနေခဲ့ပါတယ်။

၂၀ဝ၉ ခုနှစ်အရောက်မှာ တောင်ကိုရီးယားအစိုးရက Gamcheon ရွာကို ကမ္ဘာ့ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ယဉ်ကျေးမှုနေရာတစ်ခုအဖြစ် စတင်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဆင်းရဲနိမ့်ကျခဲ့ရတဲ့ Gamcheon ရွာလေးအဖြစ်က နှစ်စဉ် သန်းနဲ့ချီတဲ့ ခရီးသွားတွေ ဝင်ရောက်လည်ပတ်နေတဲ့ အထင်ကရယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်လာပါတယ်။ The 2012 UN-HABITAT Asian Townscape Award ကိုလည်း ရရှိထားပါတယ်။

Gamcheon culture village ကို လည်ပတ်ဖို့အတွက် မြေပုံတစ်ခုအရင်ဆုံး ဝယ်ဖို့လိုအပ်တယ်။ ရှုပ်ထွေးပြီး ကျဉ်းမြောင်းလှတဲ့လမ်းတွေကြောင့် လမ်းလျှောက်ရင်း လမ်းပျောက်ဖို့ကတော့ အသေအချာပါပဲ။ ကိုရီးယားစတိုင်အိမ်လေးတွေအကြားမှာ ကိုရီးယားရိုးရာအင်္ကျီလေးဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် Gamcheon culture village က အသင့်တော်ဆုံးပါပဲ။ ဘူဆန်မြို့မှာ လေလွင့်ခွေးတစ်ကောင်မှ မတွေ့ခဲ့ပေမဲ့ Gamcheon ရွာမှာ လေလွင့်ကြောင်လေး (ပိုင်ရှင်မဲ့) တွေ အများကြီးတွေ့ခဲ့ရပါတယ်။

ဒုံဘတ်ကျွန်း

လေတဖြူးဖြူးတိုက်နေတဲ့အကြား လမ်းလျှောက်ဖို့အတွက်ကတော့ ဒုံဘတ် (Dongbaek) ကျွန်းမှာရှိတဲ့ဒုံဘတ်ပန်းခြံက အသင့်တော်ဆုံးပါပဲ။ သူကလည်း Haeun dae-gu ခရိုင်မှာ ရှိပါတယ်။ ပန်းခြံက ကျယ်ဝန်းလှတဲ့အပြင် တောင်အတက်တွေများလှပါတယ်။

ပန်းခြံတစ်လျှောက်ဆွဲပေးနေတဲ့ ရထားပုံစံတွဲလေးတွေက အချိန်တိုင်းထွက်နေပါတယ်။ ဒီရထားတွဲလေးနဲ့ လိုက်သွားပြီး ကိုယ်ဆင်းကျန်ချင်တဲ့နေရာမှာ ဆင်းကျန်ခဲ့လို့ ရပါတယ်။ ပြီးမှလမ်းလျှောက်ပြီး ကိုယ်သွားချင်တဲ့နေရာကို ဆက်သွားပြီး ဓာတ်ပုံတွေတဝကြီး ရိုက်လို့ရပါတယ်။

ပန်းခြံအတွင်းမှာ ဘူဆန်ရဲ့ အမှတ်အသားပန်းလို့ခေါ်တဲ့ Camellia ပန်းတွေအများကြီး ပေါက်နေပါတယ်။ နိုဝင်ဘာကတော့ အဖူးဖူးတဲ့ရာသီမို့လို့ အပွင့်တွေကို အနည်းငယ်သာတွေ့ခဲ့ရပါတယ်။ ပန်းခြံအတွင်းမှာ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပလေ့ရှိတဲ့ Nurimaru APEC house လည်း တည်ရှိပါတယ်။ ပန်းခြံအတွင်း လျှောက်လည်ရင်း မီးပြတိုက်ပေါ်လည်းတက်ပြီးပင်လယ်ပြင်ကြီးကို တဝကြီးကြည့်ရှုခံစားခဲ့ရပါသေးတယ်။

ဘူဆန်မြို့ရဲ့ အကြီးဆုံးငါးဈေးကြီး

ဘူဆန်မြို့က ပင်လယ်မြို့ဖြစ်တဲ့အတွက်ကြောင့် ကြီးမားတဲ့ ငါးဈေးကြီးတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဘူဆန်ငါးဈေးက တောင်ကိုရီးယားမှာ ဒုတိယအကြီးဆုံးငါးဈေးလို့ ဆိုပါတယ်။ ငါးဈေးရုံဆိုတဲ့အတိုင်း စိုစွတ်နေပေမဲ့ သန့်ပြန့်နေပြီး အနံအသက်က မဆိုးဝါးပါဘူး။ ငါးဈေးအတွင်းမှာ မြင်ဖူးတဲ့ငါးတွေရော၊ မမြင်ဖူးတဲ့ငါးဂဏန်းတွေပါ တွေ့ရပါတယ်။

ပင်လယ်ဘေးမှာရှိလို့ ငါးတွေအားလုံး ဘူဆန်မြို့က ထွက်တယ် ထင်ထားတာကြောင့် အချို့ငါးတွေကို နိုင်ငံခြားတိုင်းပြည်တွေက တင်သွင်းထားတယ်လို့ ဘူဆန်မြို့ခံဧည့်လမ်းညွှန်က ရှင်းပြတဲ့အချိန်မှာတော့ အံသြခဲ့ရပါတယ်။

ငါးရှဉ့်တွေမှာ အမေရိကန်က တင်သွင်းတဲ့ အမည်းရောင်ငါးရှဉ့်တွေနဲ့ ဘူဆန်မြို့ကထွက်တဲ့ အဖြူရောင်ငါးရှဉ့်တွေဆိုပြီး နှစ်မျိုးတွေ့ခဲ့ရပါတယ်။ ကင်းခရပ် (King Crab) ဂဏန်းတွေကိုတော့ ရုရှားကတင်သွင်းပြီး တစ်ကောင်ကို အနည်းဆုံး ဝမ်ငွေတစ်သိန်းနီးပါးရှိတာကြောင့် အခြေခံလူတန်းစားတွေ လက်လှမ်းမမှီဘူးလို့ဆိုပါတယ်။

မြေအောက်မြို့တော် ဘူဆန်

ဘူဆန်မြို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ လူတွေနည်းပါးလှတာကြောင့် ဘူဆန်မြို့ကလူတွေက အိမ်တွင်းမှာပဲနေတတ်ကြတာလားလို့ ဧည့်လမ်းညွှန်ကိုတောင် စနောက်ခဲ့ပါသေးတယ်။ ဘူဆန်မြို့ကလူတွေ ဘယ်ပျောက်နေလဲဆိုတာကို မြေအောက်ရထားဘူတာတွေနဲ့ မြေအောက်မှာဆောက်ထားတဲ့ရှော့ပင်းစင်တာတွေမှာ ပျားပန်းခတ်သွားလာနေတဲ့ လူတွေကိုတွေ့မှ အဖြေရခဲ့ပါတယ်။

ဘူဆန်မြို့မှာ မြေအောက်ရထားလိုင်း လေးလိုင်းရှိပြီး လူအများဆုံးစီးနင်းကြတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါတယ်။

Nangpo-dong shopping ဧရိယာ

Nangpo-dong က ဘူဆန်မြို့ရဲ့ downtown ဧရိယာထဲမှာ ရှိပါတယ်။ မြို့တွင်းဆိုတဲ့အတိုင်း သွားလာသူတွေ စည်ကားလှတာကြောင့် ဈေးတွေကလည်း အဲဒီနေရာမှာတစ်စုတစ်စည်တည်းရှိ နေပါတယ်။ Nangpo-dong မှာရှိတဲ့ Gukje Market က ကိုရီးယားစတိုင်ရိုးရာဈေးဖြစ်ပါတယ်။ အဲဒီဈေးမှာ အိမ်အပြန်လက်ဆောင်တွေဝယ်လို့ရသလိုကိုရီးယားမုန့်နဲ့ အစားအသောက်တွေကို မြည်းစမ်းလို့ရပါတယ်။

ကင်ချီမျိုးစုံကို တောင်ပုံရာပုံ ရောင်းချနေတာလည်းတွေ့မြင်ခဲ့ရပါတယ်။

Gukje Market နဲ့ မလှမ်းမကမ်းမှာ ရှိနေတာက BIFF Square (Busan International Film Festival Square) ပါ။

Nangpo-dong အတွင်း လမ်းတွေမှာလည်း နာမည်ကြီးကုန်စည်တွေရောင်းတဲ့ ဆိုင်တွေကိုတွေ့ရမှာဖြစ်ပြီး ဖိနပ်၊ အလှကုန်၊ မျက်မှန်၊ အဝတ်အစား အစုံရှိပါတယ်။ ဧရိယာအတွင်း ကားသွာလာခွင့်ကို ပိတ်ထားတာကြောင့် စိတ်ချမ်းသာစွာနဲ့ အေးအေးချမ်းချမ်းဈေးဝယ်လို့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဘူဆန်မြို့မှာ လည်ပတ်ခဲ့တဲ့နေရာတွေ၊ အစားအသောက်တွေနဲ့ အဖြစ်အပျက်တွေက ရေးလို့ကုန်မှာ မဟုတ်ပါဘူး။ ဖော်ရွေတဲ့ မြို့ခံတွေနဲ့ ရင်းနှီးလွယ်ပြီး အချင်းချင်းရိုင်းပင်းကြတဲ့ အာဆီယံကခရီးသွားဖော်တွေကြောင့် ဘူဆန်ခရီးက ပျော်ရွှင်ဖွယ်အတိနဲ့ မမေ့နိုင်တဲ့အမှတ်တရတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။