Kalaw Trail Run အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စာရင်းသွင်းထားပြီးပြီဖြစ်တဲ့ ကျွန်မအစ်ကို ကိုအားပေးဖို့ မဖြစ်မနေသွားခဲ့ရတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၆ ရက် ညနေကားနဲ့ ရန်ကုန်ကနေ ကလောကို ကျွန်မတို့ မိသားစုထွက်လာခဲ့ပါတယ်။ ကားပေါ်မှာမအိပ်တတ်တဲ့ ကျွန်မကတော့ တောင်တက်လမ်းရဲ့ တချို့နေရာတွေမှာ ဘက်စ်ကားက ခက်ခက်ခဲခဲကွေ့ရတာကို အသည်းတယားယားနဲ့ ကြည့်ရင်းလိုက်ပါလာခဲ့ပါတယ်။
နံနက် ၅ နာရီရောက်တော့ ကားထဲကမီးဟာ ရုတ်တရက်ပွင့်လာပြီး ယာဉ်မောင်းအကူ ကောင်လေးက ကလောရောက်ပြီဖြစ်လို့ ဆင်းမယ့်ခရီးသည်တွေကို လိုက်နှိုးပါတော့တယ်။
ကားတံခါးကို ရုတ်တရက်ဖွင့်လိုက်ချိန်မှာ ဒရောသောပါး တိုးဝင်လာတဲ့ လေအေးတွေကြောင့် ရန်ကုန်ကနေ အညာစောင်ထူထူနဲ့ ချုပ်ထားတဲ့ ဂါဝန်ဖားဖားရယ်၊ ဂျင်းဘောင်းဘီတစ်ထပ်အပြင် ဂွမ်းလိုနွေးတဲ့ အနွေးထည် အရှည်ကြီး ထပ်ဝတ်လာတဲ့ကျွန်မ တောင့်ခနဲဖြစ်သွားပါတယ်။
ဘတ်စ်ကားက ကျွန်မတို့တည်းမယ့် ဟိုတယ်ရှေ့တည့်တည့်မှာ ရပ်ပေးတဲ့အပြင် အစောကြီးနိုးနေတဲ့ ဟိုတယ်က ဝန်ထမ်းလေးတွေကလည်း ကျွန်မတို့ အထုပ်အပိုးတွေကို အပြေးအလွှားလာကူ သယ်ပေးတာကြောင့် ဟိုတယ်ထဲကို ခပ်မြန်မြန် ရောက်သွားပါတယ်။
ဟိုတယ်က ဝန်ထမ်းကောင်လေးတွေက ဂျာကင်အင်္ကျီနဲ့ လက်အိတ်တွေဝတ်ထားတာတောင် ချမ်းလို့တုန်နေကြပါတယ်။ အိပ်အလေးကြီးတွေသယ်ထားရတဲ့ ဝန်ထမ်းတွေရော ကျွန်မတို့မိသားစုပါ တည်းခိုမယ့်အခန်းကို အအေးဒဏ်ကို မခံနိုင်လို့ ပြေးသွားရပါတယ်။
အခန်းထဲရောက်တော့ ကျွန်မက ခြေထောက်တောင်မဆေးတော့ဘဲ ခုတင်ပေါ်ကိုခုန်တက်ပြီး စောင်ခြုံကွေးလိုက်တော့တာပါပဲ။ ဒါပေမဲ့ ချမ်းလွန်းလို့ အိပ်မပျော်နိုင်ပါဘူး။
အိပ်ရေးပျက်လို့ ခေါင်းမူးနေပေမဲ့ တစ်နေ့တာ အစီအစဉ်တွေက ရှိသေးတာကြောင့် နံနက် ၈ နာရီထိုးတော့ ထရပြန်ပါတယ်။ ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အပူချိန်က ၁၃ ဒီဂရီစင်တီဂရိတ်ကို ပြနေပါတယ်။
ရှမ်းခေါက်ဆွဲ ကောင်းကောင်းစားချင်တဲ့ အမေက ဟိုတယ်ကကျွေးတဲ့ နံနက်စာကို မစားဘဲ ကလောဈေးအနောက်ဘက်က ]ရှေ့ပြေး} ဟင်းထုပ်ဆိုင်ကို ကားငှားပြီး ထွက်လာကြပါတယ်။ မှန်ချပ်တွေ ကာရံထားတဲ့ ]ရှေ့ပြေး} ဟင်းထုပ်ဆိုင်က ကလောမြို့မှာ ဟင်းထုပ် အကောင်းဆုံး ဆိုင်ရယ်လို့ နာမည်ကြီးပါတယ်။ နှစ်စဉ်ကလောကို ရောက်တိုင်း ဈေးသက်သာပြီး အရသာရှိတဲ့ ]ရှေ့ပြေး}မှာပဲ နံနက်စာ စားကြပါတယ်။
အမေ၊ အဒေါ်နဲ့ အစ်ကိုက ရှမ်းခေါက်ဆွဲမှာစားကြပြီး ကျွန်မက ဟင်းထုပ်မှာပါတယ်။ ဖက်နဲ့ထုပ်ထားပြီး အငွေ့တစ်ထောင်းထောင်း ထနေတဲ့ဟင်းထုပ်က ကြက်သွန်မြိတ် နိုင်းချင်းနဲ့စားရတာဆိမ့်ပြီး ဝမ်းထဲမှာနွေးသွားတာပါပဲ။
နံနက်စာစားပြီး ကျွန်မတို့တစ်တွေ ရွာငံက မြသပိတ်ရေပြာအိုင်ကို သွားရောက်လည်ပတ်ကြပါတယ်။ ကလောမြို့က ပန်းနှမ်းခင်းတွေကို ကားနဲ့ဖြတ်သန်းချိန်မှာတော့ ကားဆရာက အဝါနဲ့အစိမ်း ရောဖောက်ထားတဲ့ ပန်းနှမ်းခင်းကြီးထဲကို လက်ညှိုးထိုးပြပါတယ်။
"ဒါမျိုးတွေမလုပ်ဖို့ တားပေမယ့် မရဘူး"လို့လည်း သူက ပန်းနှမ်းခင်းထဲကို ဝင်ပြီး ဓာတ်ပုံရိုက်နေတဲ့ ဧည့်သည်တချို့ကို ရည်ညွှန်းငြီးတွားလိုက်ပါတယ်။
ဓာတ်ပုံ ရိုက်သူတွေ က နှမ်းခင်းတွေကို နင်းပြီးဝင်တဲ့အခါ အခင်းတွေပျက်ပြီး ခြောက်သွားတယ်လို့ သူက ပြောတော့မှ ကိုယ့်ကြောင့် တစ်ပါးသူမှာ အခက်တွေ့ရတာကို အလေးမထားတဲ့ ခရီးသွားတွေရဲ့ အပြုအမူကို သဘောပေါက်သွားပါတယ်။ စိုက်ခင်းရှင် ရှမ်းတောင်သူတွေက ဘယ်လောက်ပဲတားတား ဧည့်သည်တွေကတော့ အခင်းထဲဝင်ပြီး ဓာတ်ပုံရိုက်နေဆဲပါပဲလို့ သူကပြောတော့ စိတ်မကောင်း ဖြစ်ရပါတယ်။
မြေနီနီလမ်းတွေကို ဖြတ်သန်းပြီး မြသပိတ်ရေပြာအိုင်ရှိတဲ့ လမ်းထိပ်ကို ရောက်ပါတယ်။ အရင်တုန်းကတော့ ရေပြာအိုင်ရှိတဲ့ နေရာထိ ကားဝင်လို့ရပါတယ်။ မော်တော်ဆိုင်ကယ်တွေကိုရှောင်ရင်း လမ်းအဝင်နံဘေးက ရေကန်ထဲကို ကားတွေ ထိုးကျတတ်လို့ အခုအချိန်မှာ ကားအဝင်မခံတော့ပါဘူး။
ကားပေါ်ကဆင်းတော့ ဈေးဝယ်ရတာ ဝါသနာပါတဲ့အမေနဲ့အဒေါ်က ရေကန်အနီးက ဈေးတန်းလေးမှာ ဒေသထွက် ကော်ဖီမှုန့်နဲ့ အသီးအနှံတွေဝယ်တော့တာပါပဲ။
အမေတို့ဈေးဝယ်ထွက်နေတုန်း ကျွန်မနဲ့အစ်ကိုက ဆိုင်တကာဝင်ပြီး စပ်စုကြည့်ကြပါတယ်။ ဆိုင်တစ်ဆိုင်မှာ ထူးထူးဆန်းဆန်း ခါချဉ်ကြော်ဆိုတဲ့ အစားအစာတစ်မျိုးကို တွေ့ခဲ့ရပါတယ်။
ဂျူးမြစ်၊ ငရုတ်သီးခြောက်နဲ့ ကြော်ထားတဲ့ခါချဉ်ကြော်က ချည်ဖြုံးဖြုံးအရသာ ရှိပါတယ်။ ထမင်းနဲ့ မြည်းစမ်းစားဖို့ ခါချဉ်ကြော် တစ်ဗူးဝယ်လာခဲ့ပါတယ်။ ကယားပြည်နယ်မှာတော့ ခါချဉ်ကို ထောင်းစားတယ်လို့ ကြားဖူးပါတယ်။ ဒါနဲ့ ဒီလောက်များတဲ့ ခါချဉ်တွေကို ဘယ်လိုများဖမ်းကြသလဲလို့ စပ်စုကြည့်တော့ ခါချဉ်အုံကို တုတ်နဲ့ထိုးပြီးဖမ်းတာပဲလို့ ဈေးသည်အန်တီကြီးက စကား-ဝဲဝဲနဲ့ ပြန်ဖြေပါတယ်။
လမ်းထိပ်ကနေ မြသပိတ်ရေပြာအိုင်ကို ငါးမိနစ်လောက်ပဲ လမ်းလျှောက်ရပါတယ်။ လမ်းကတော့ မြေနီလမ်းလေးဖြစ်ပြီး ကုန်းနည်းနည်းတက်ရပါတယ်။ မြေနီလမ်းလေးရဲ့ ညာဘက်မှာ အောက်ကိုဆင်းသွားရတဲ့ လှေခါးတစ်ခုရှိပြီး လှေခါးအတိုင်း ဆင်းသွားရင် ရေပြာအိုင်ကိုရောက်ပါပြီ။
အရင်တစ်ခေါက် ရေပြာအိုင်ရောက်တုန်းက အကာအရံတွေ မလုပ်ထားပေမဲ့ ရေပြာအိုင် မှာ ခြေဆေးတဲ့သူတွေရှိလို့ ခုတစ်ခေါက်မှာတော့ အုတ်တံတိုင်း နိမ့်နိမ့်လေးခတ်ထားတာကို တွေ့ရပါတယ်။ သဘာဝရဲ့ အံ့ဘနန်းတစ်ခုသဖွယ် ဖြစ်နေတဲ့ ဒီရေအိုင်လေးရဲ့တချို့ နေရာမှာပူစီပေါင်းလေးတွေ ထနေပါတယ်။အိုင်ထဲမှာ ငါးလေးတွေ ကူးခတ်နေတာတွေ့ရပြီး သက်ရှိသတ္တဝါတွေလည်း နေလို့ရပါလားလို့ တွေးမိပါတယ်။ ၁၅ ပေ လောက်နက်တဲ့ရေပြာအိုင်ထဲမှာ သစ်ပင်တချို့ လဲကျနေပြီး အိုင်ပတ်ပတ်လည်မှာ မြင့်မားတဲ့ သစ်ပင်တွေ အုပ်ဆိုင်းနေပါတယ်။အိုင်ရဲ့ပတ်ဝန်းကျင်ဟာ ပကတိတိတ်ဆိတ်နေပြီး ငှက်သံလေးတွေနဲ့ တောခေါင်ခေါင်ထဲ ရောက်သွားသလား ခံစားမိစေပါတယ်။
ရေပြာအိုင်ကနေပြန်လာတော့ မိန်းမရဲ သခင်မတောင်မှာ ကားရပ်ပေးပါတယ်။ မြင့်လွန်းတဲ့တောင်ထိပ်ထိတော့ ရောက်အောင် မတက်ခဲ့ကြပါဘူး။ ထုံးစံအတိုင်း အမေတို့ ဈေးဝယ်တာကို စောင့်ပြီး ကလောကိုပြန်လှည့်လာကြပါတယ်။
ကလောမှာ လူငယ်အများစု ဓာတ်ပုံသွားရိုက်လေ့ရှိတဲ့ ကလောဘူတာကိုလည်း ကားဆရာက အပိုဆောင်းအနေနဲ့ လိုက်ပို့ပါသေးတယ်။ ကိုလိုနီခေတ်လက်ရာ အုတ်ကျွတ်မိုး ထားတဲ့အုတ်နီနီ အဆောက်အအုံထဲက ရုံပိုင်ရဲ့အလုပ်ခန်းက ဆွဲဆောင်မှုရှိလှပါတယ်။ အုတ်နီနီအဆောက်အအုံထဲက အခန်းလေးတစ်ခန်းရဲ့ အဝင်ဝမှာStation Masters Office လို့ အင်္ဂလိပ်လို ရေးထိုးထားတဲ့ ဆိုင်းဘုတ်ဟောင်းတစ်ခုက ကိုလိုနီခေတ်အငွေ့အသက်ကို ပေးစွမ်းနေပါတယ်။ အခန်းထဲကို ချောင်းကြည့်လိုက်တော့ သစ်သားစားပွဲတစ်လုံးနဲ့ ထိုင်ခုံတစ်လုံးကို တွေ့ရပါတယ်။ အထဲမှာ လူတစ်ယောက်မှ မတွေ့ရပါဘူး။
အေးချမ်းတိတ်ဆိတ်လှတဲ့ ဒီနေရာမှာ အေးအေးလူလူအလုပ်ထိုင်လုပ်နေမယ့် ကလောဘူတာက ရုံပိုင်ကြီးတစ်ယောက်ရဲ့ဘဝကို စိတ်ထဲမှာမြင်ယောင်ကြည့်လိုက်မိပါသေးတယ်။
ဘူတာကပြန်တော့ မိုးချုပ်နေပါပြီ။ ကလောမြို့က တရုတ်အစားအစာတွေရတဲ့ ဆိုင်တစ်ဆိုင်မှာ အခေါက်ကင်နဲ့ ထမင်းဝယ်စားပြီး ဟိုတယ်ပြန်ခဲ့ကြပါတယ်။ ညအချိန်ဆို ရှစ်ဒီဂရီစင်တီဂရိတ်ထိအပူချိန်က ကျတတ်ပြီး ဟိုတယ်က ဖိုပေးထားတဲ့ မီးပုံမှာ မီးလှုံကြပေမဲ့နွေးသွားတယ်လို့ မခံစားမိပါဘူး။ ဒါနဲ့ပဲအခန်းထဲကိုပဲပြန်ပြီး ခပ်စောစော အိပ်ရာဝင်ကြပါတယ်။
ဒီဇင်ဘာ ၉ ရက် အစ်ကို အပြေးပြိုင်နေတုန်းမှာ ကျွန်မတို့မိသားစုက ကလောကနေ တောင်အောက်ကို မိုင်၂၀ လောက်ပြန်မောင်းရတဲ့ မကွေရွာက ွမနနည ံငူ ဠေူနပ ဆင်စခန်းကို သွားရောက်လည်ပတ်ကြပါတယ်။
အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရွှေညောင်အနီးမှာရှိတဲ့ သံတဲတိုက်နယ်၊ သံသွေရွာက အစ်ကို့ဆရာမရဲ့အိမ်ကို သွားရောက်နှုတ်ဆက်ကြပါတယ်။ သူ့ခြံထဲမှာ ဘူးပင်၊ သံပုရာသီးပင်လို စားပင်တွေနဲ့ နှင်းဆီပင်တွေစိုက်ပျိုးထားပါတယ်။
သူနေတဲ့ နေရာက ဈေးနဲ့မနီးတော့ ခြံထွက်တွေကိုပဲ ရေလုံပြုတ်ချက်စားပါတယ်။ မီးကိုလည်း ပြောင်းရိုးတွေနဲ့ မွှေးပြီး ပြောင်းဆံတွေကိုတော့ ခြံထဲမှာ မွေးထားတဲ့ယုန်တွေကို သူကကျွေးပါတယ်။ တစ်ယောက်တည်းနေတဲ့သူ့ကို ယုန်တွေအစား ခွေးမွေးရမှာလို့ အစ်ကိုကတောင် အကြံပေးလိုက်ပါတယ်။
သူ့အိမ်ကပြန်တော့ ခြံထွက်သံပရာသီးတွေနဲ့ နှင်းဆီဖြူဖြူတွေ လက်ဆောင်ပေးလိုက်ပါတယ်။ သူ့အိမ်ကအထွက် သံသွေရွာထဲမှာပဲ သဘာဝရေပူစမ်းတစ်ခုကိုလည်း ဝင်ခဲ့ကြပါတယ်။
အငွေ့တွေထွက်နေတဲ့ ရေပူစမ်းကန်တစ်ကန်ကိုတော့ သံဆူးကြိုးတွေခတ်ထားပြီး ကျန်တဲ့ကန်တွေထဲမှာတော့အမျိုးသားတွေရော အမျိုးသမီးတွေပါ ရောနှောပြီး ရေစိမ်နေကြပါတယ်။
ရေပူစမ်းကအပြန် လမ်းတစ်နေရာမှာ ညစာစားကြပြီး ဟိုတယ်ကို ပြန်ရောက်တော့ ည ၉ နာရီထိုးခဲ့ပါပြီ။ နောက်တစ်နေ့မနက်မှာတော့ ဟိုတယ်ကကျွေးတဲ့ နံနက်စာ ရှမ်းခေါက်ဆွဲစားပြီး ကားလာကြိုမယ့် ကလောက သုမောင်ထမင်းဆိုင်မှာ အထုပ်တွေတစ်ပွေ့တစ်ပိုက်နဲ့ ရန်ကုန်ပြန်ဖို့ ထိုင်စောင့်နေခဲ့ပါတယ်။ ကားမရောက်လာသေးခင်မှာတော့ ထမင်းဆိုင်က အခမဲ့တိုက်တဲ့ ဘလက်ကော်ဖီတစ်ခွက်ငုံရင်း နေပူစာလှုံရင်းနဲ့ပေါ့။







