ပြည်တွင်း မငြိမ်သက်မှု များကြောင့် ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုကို ထိခိုက်မှု မရှိ

မတ်လ ၂၀ ရက်နေ့က မန္တလေးမြို့အနီး ရှေးဟောင်းသမိုင်းဝင် နေရာတစ်နေရာဖြစ်သော အင်းဝမြို့ ဗားကရာကျောင်းတော်ကြီးသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားခရီးသွားများကို တွေ့ရစဉ်။  ဓာတ်ပုံ-တင်မိုးအောင်
မတ်လ ၂၀ ရက်နေ့က မန္တလေးမြို့အနီး ရှေးဟောင်းသမိုင်းဝင် နေရာတစ်နေရာဖြစ်သော အင်းဝမြို့ ဗားကရာကျောင်းတော်ကြီးသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားခရီးသွားများကို တွေ့ရစဉ်။ ဓာတ်ပုံ-တင်မိုးအောင်

ပြည်တွင်း မငြိမ်သက်မှု များကြောင့် ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုကို ထိခိုက်မှု မရှိ

ကိုးကန့်ဒေသတိုက်ပွဲများ၊ ကျောင်းသားနှင့် အလုပ်သမားဆန္ဒပြမှုများကို နှိမ်နင်းဖြိုခွဲခဲ့မှု များ
လတ်တလော ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ကမ္ဘာလှည့်
ခရီးသည် အရေအတွက်မှာ လျော့နည်းသွားခြင်းမရှိကြောင်း ခရီးသွား လုပ်ငန်းကျွမ်းကျင်သူများ
က မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုနှစ်၏ ပထမနှစ်လတာ ကာလ အတွင်း ဧည့်သည်ဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ် အလားတူ
ကာလကထက် ခုနစ်ရာခိုင် နှုန်း တိုးလာကြောင်း စာရင်းများတွင် ဖော်ပြ ထားသည်။

၂၀၁၄ ခုနှစ်က ပြည်တွင်းသို့ နိုင်ငံခြား ဧည့်သည် ၃ ဒသမ ၅ သန်း စံချိန်တင်လာရောက်ခဲ့ပြီး
၀င်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလျံရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၏ ပထမနှစ်လ အတွင်း ဧည့်သည် ၁၈၀,၉၂၇ ဦး လာရောက် ခဲ့သော်လည်း
ယခုနှစ် ပထမနှစ်လတွင် ၁၉၃,၈၉၁ ဦး လာရောက်လည်ပတ်ခဲ့သည်။ "တရုတ်ဈေးကွက်ကို
အနည်းငယ်ထိခိုက် မှု ရှိပေမယ့် ဥရောပဈေးကွက်ကတော့ အခြေ အနေကောင်းနေပါတယ်။
အနောက်တိုင်း မီဒီယာတွေအတွက် ဒီကအခြေအနေတွေ ထက် တခြားဒေသတွေက
အခြေအနေတွေက ပိုမိုဆိုးရွားနေပါတယ်" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်း
(UMTA) ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က ပြောသည်။

"ပြီးခဲ့တဲ့ရက်အနည်းငယ်က ဘာလင်မှာ ပြုလုပ်ခဲ့တဲ့ ITBခရီးသွားပြပွဲမှာ လောက်ကိုင်နဲ့ ကျောင်းသား
ကိစ္စတွေနဲ့ပတ်သက်ပြီး ခရီးသွားလုပ်ငန်းအတွက် ဘယ်သူကမှ စိတ် မပူကြဘူး" ဟု ၎င်းကပြောသည်။

မြန်မာခရီးသွားလုပ်ငန်းဈေးကွက်အဖွဲ့ (Myanmar Tourism Marketing) ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက
အဆိုပါ ပြဿနာများ ကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်မည် ဟုမထင်ကြောင်း ပြောသည်။
မငြိမ်သက်မှုများကြောင့် ဧည့်သည်များ အနေဖြင့် ခရီးစဉ်များ ဖျက်သိမ်းမှုပြုလုပ်ရန် အလားအလာ
အလွန်နည်းကြောင်း Asia Central Link Travel and Tour ၏ အုပ်ချုပ်မှုဒါရိုက်တာ
ဦးကောင်းမင်းသန့်ကပြောသည်။

"ဒီရာသီအတွက် ခရီးစဉ်တွေအားလုံး နီးပါက ပိုက်ဆံတွေလည်း ချေထားပြီးသား ဖြစ် နေတဲ့
အတွက်ကြောင့် ခရီးစဉ် ဖျက်သိမ်းမှု လုပ်ဖို့ကတော့ တော်တော်ခဲယဉ်းပါတယ်" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အတွင်း လာရောက်ခဲ့သည့် ဧည့်သည် များအနက်
အာရှဧည့်သည် ၁၂၂,၅၅၅ ဦး လာရောက်ခဲ့ပြီး အများဆုံးဖြစ်သည်။ အဆိုပါ အာရှဧည့်သည်များတွင်
ထိုင်းနိုင်ငံက ၂၉,၄၅၅ ဦးဖြင့် အများဆုံးဖြစ်ကာ တရုတ်က ၁၆,၀၈၃ ဦး၊ ဂျပန်က ၁၅,၃၇၈ ဦး၊
တောင်ကိုရီးယားက ၁၃,၅၁၃ ဦးတို့ဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ငါးသန်းလာရောက်
ရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မျှော်မှန်းထားသည်။