မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၀ဲကလိကျေးရွာတွင် ရေပူစမ်းအပန်းဖြေစခန်းကို 21 Paradise
ကုမ္ပဏီက မတ်လ ၁၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။လူနှစ်ထောင်ကျော်နေထိုင်သော ၀ဲကလိ
ကျေးရွာတွင် ရေပူစမ်းတည်ရှိနေသည်မှာ ၎င်းတို့ ဘိုးဘွားစဉ်ဆက်ကတည်းကဖြစ်ပြီးယခုလို
အပန်းဖြေစခန်းမဖွင့်လှစ်ခင်အချိန်ထိ ၎င်းတို့ရွာမှာ လူသွားလူလာ အလွန်နည်းကာ၊ လမ်းပန်း
ဆက်သွယ်ရေးလည်း သိပ်မကောင်းကြောင်း ရွာသူတစ်ဦးဖြစ်သူ ဒေါ်ခင်သိန်းက ပြောသည်။
ထိုအပန်းဖြေစခန်းဖြစ်မြောက်စေရန်အကောင်အထည်ဖော်ခဲ့သည်မှာ သုံးလခန့်သာရှိသေး
ကြောင်းနှင့် ကတ္တရာလမ်းဖြစ်မြောက်အောင်လည်း ကုမ္ပဏီက ခင်းပေးကြောင်း ဒေသခံများ
ထံမှ သိရသည်။
"အန်တီတို့ခေတ်ကတည်းက ခြောက်ကပ်နေတာ အခုမှပဲစိုပြည်သွားတယ်။ ဟိုတုန်းက
မြက်တွေ ခြံုတွေနဲ့။ အခုလိုလာဖွင့်တော့အရမ်းပျော်တာပေါ့။ အခုလမ်းဆိုကတ္တရာ လမ်းချက်
ချင်းဖြစ်သွားပြီ။ ပြီးတော့ရွာကို နိုင်ငံခြားသားကော တခြားမြို့ကလူတွေကော လာကြတော့
မှာဆိုတော့ အရမ်းပျော်တယ်" ဟု ဒေါ်ခင်သိန်းက ပြောသည်။





