ဟောင်ကောင် - မိချောင်းသားရေဖြင့် ချုပ်လုပ်ထားပြီး စိန်၊ ရွှေဖြူတို့ဖြင့် အနုစိတ် မွမ်းမံထားသည့်
အဲမက်ဇ် (Hermes) လက်ကိုင်အိတ်တစ်လုံးကို ဟောင်ကောင် လေလံပွဲတင်ခဲ့ရာ အမေရိကန်ဒေါ်လာ
သုံးသိန်းခန့်ရရှိခဲ့သဖြင့် ကမ္ဘာတွင် ရောင်းဖူးသမျှ လက်ကိုင်အိတ်များတွင် ဈေးအမြင့်ဆုံးဖြင့်
စံချိန်ချိုးလိုက်သည်ဟု သိရသည်။
ရှားပါးသော Himalaya Niloticus Crocodile Diamond Birkin 30 ကို မေ ၃၁ ရက်က
တယ်လီဖုန်းဖြင့် လေလံဆွဲသော အမည်မသိသူက ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၃၂ သန်း
(၂၉၈,၆၅၅ ဒေါ်လာ) ဖြင့် ဝယ်ယူသွားကြောင်းနှင့် ၎င်း၏ မူလခန့်မှန်းခြေ ဟောင်ကောင်ဒေါ်လာ
နှစ်သန်းထက် ကျော်လွန်သွားကြောင်း ခရစ္စတီး လေလံကုမ္ပဏီက ဆိုသည်။
''လေလံပွဲမှာ ရောင်းချသမျှအိမ်တွေထဲမှာ ဒီဟာက ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြစ်တယ်'' ဟု
ဟောင်ကောင်အခြေစိုက် ခရစ္စတင်း ကုမ္ပဏီ၏ ပြောဆိုခွင့်ရှိသူ ဘင်ဂဲလီလီက အေအက်ဖ်ပီသို့
ပြောကြားလိုက်သည်။
နာမည်ကျော် ဒီဇိုင်းပုံစံထုတ်သူများ၏ လက်ရာ လက်ကိုင်အိတ်များသည် ရင်းနှီးမြှုပ်နှံမှု
အခွင့်အရေးများအဖြစ် တိုး၍မြင်လာ ကြပြီး စုဆောင်းသူများအတွက် နောက်ဆုံးပေါ် အရူးအမူး
ဖြစ်လာကြသဖြင့် လေလံကုမ္ပဏီများက အကြိတ်အနယ် စံချိန်တင် ဈေးနှုန်းများဖြင့် ဝယ်ယူကြသည်။
ယမန်နှစ်က ခေါင်းလောင်းပုံ အနီ၊ အဖြူ၊ ခရမ်းပန်းပွင့်အရောင်ရှိ အဲမက်ဇ်အိတ်တစ်လုံးကို
၂၂၂,၉၁၂ ဒေါ်လာဖြင့် ဟောင်ကောင်တွင် ရောင်းခဲ့သည်။
လန်ဒန်အခြေစိုက် ခရစ္စတီး လေလံကုမ္ပဏီက အရှားပါးဆုံးဖြစ်သည်ဟု ဖော်ပြသည့် လက်ဖြစ်
လက်ကိုင်အိတ်သည် စိန်စီထားပြီး လက်ကိုင်ကွင်းနှင့် ကုန်အမှတ် တံဆိပ်အသေးပုံ အဲမက်ဇ်
သော့ခလောက်ကို ၁၈ ကာရက် ရွှေဖြူဖြင့်ပြုလုပ်ထားသည်။
ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။






