သမ္မတ ဘာရက်အိုဘားမား ဆီးရီးယား သူပုန်များကို အသိအမှတ်ပြုလိုက်ပြီ

သမ္မတ ဘာရက်အိုဘားမား ဆီးရီးယား သူပုန်များကို အသိအမှတ်ပြုလိုက်ပြီ

၀ါရှင်တန်- ဆီးရီးယားနိုင်ငံတွင် အသစ် ပြန်လည်ဖွဲ့စည်းလိုက်သော ဆီးရီးယား အမျိုးသား
ညွန့်ပေါင်းအဖွဲ့ (Syrian National Coalition) ကို ဆီးရီးယား ပြည်သူတို့၏ တရားဝင်
ကိုယ်စားပြုအဖွဲ့ အဖြစ် အမေရိကန်သမ္မတ ဘာရက် အိုဘားမားက အသိအမှတ်ပြု
လိုက်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ကြာရှည်စွာ စောင့်စားခဲ့ရသော သမ္မတအိုဘားမား၏ ဆုံးဖြတ်ချက်သည် ရက်စက်လှသော
ဆီးရီးယားပြည်တွင်း စစ်တွင် အမေရိကန်အစိုးရ၏ အရေး အပါဆုံး ပါ၀င်ပတ်သက်မှုဖြစ်သည်။

ဤကြေညာချက်သည် ရန်သူဝိုင်းနေ သော ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ကို
ဖိအားပေးလိုက်ခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဆီးရီးယား အတိုက် အခံများထဲမှ အယ်လ်
ကေဒါအဖွဲ့နှင့် ဆက်စပ်နေသော အယ်လ်နူစရာ တပ်ဦး (Al- Nusra Front) ကို အကြမ်းဖက်
အုပ်စုအဖြစ် သတ်မှတ် လိုက်သည်။ အယ်လ်နူစရာတပ်ဦး သည် လူနည်းစုအဖွဲ့ဝင်ဖြစ်သော်
လည်း သမ္မတ အာဆတ်အစိုးရကို ဖြုတ်ချရန် တိုက်ခိုက်နေကြသော သူပုန်အုပ်စု များတွင်
အထိရောက်ဆုံးသူပုန်အဖွဲ့ ဖြစ်ရာ ထိုအစွန်းရောက်သမားများက ၂၁ လကြာခဲ့ပြီဖြစ်သော
ဆီးရီးယား တော်လှန်ရေးအား အပိုင်စီးသွားမည်ကို အမေရိကန်တို့က စိုးရိမ်လျက်ရှိသည်။

အမေရိကန်အစိုးရသည် အတိုက် အခံ (ဆီးရီးယားအမျိုးသားညွန့်ပေါင်း) အဖွဲ့ကို အသိ
အမှတ်ပြုရေးတွင် ဖြည်းဖြည်းချင်း အချိန်ယူစဉ်းစားနေခဲ့ ခြင်းဖြစ်သည်။

ထိုအတိုက်အခံအဖွဲ့ကို ပြင်သစ်၊ ဗြိတိန်၊ တူရကီနှင့် ပင်လယ် ကွေ့ ပူးပေါင်းဆောင်ရွက်ရေး
ကောင်စီ တို့က တရားဝင်အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်သည်။

အမေရိကန်တို့က အသိအမှတ်ပြုရေး ကြန့်ကြာနေရခြင်းမှာ ဆီးရီးယား လူ့အဖွဲ့အစည်း
တစ်ခုလုံးကို ကိုယ်စား မပြုဘဲရှိမည်စိုး၍လည်းကောင်း၊ အချို့အဖွဲ့များသည် အယ်လ်ကေဒါ
အစွန်းရောက်များနှင့် ဆက်သွယ်မှု ရှိနေသောကြောင့် လည်းကောင်း ကြန့်ကြာနေခြင်းဖြစ်
သည်။

ထို့ကြောင့် ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ ကို အမေရိကန်တို့၏ ဖိအားပေးမှုအရ
ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်တို့သည် ယခုအချိန်ထိ ဆီးရီးယားကို
လူသားချင်းစာနာသော အကူအညီမှတစ်ပါး လက်နက်များ ထောက်ပံ့မှုမပြုခဲ့ပေ။

(အေအက်ဖ်ပီ)