၀ါရှင်တန်- နှစ် ၅၀ နီးပါး လူသိများ သော အမေရိကန်အထက်လွှတ်တော် အမတ် ဖြစ်ခဲ့သည့်
ကွယ်လွန်သွားသော ဖခင် အက်ဒွပ်ကနေဒီကိုယ်စားပြု သည့် မက်ဆာချူးဆက်ပြည်နယ်
အမေရိကန် အထက်လွှတ်တော်အမတ် နေရာအတွက် ၎င်း၏သားက ၀င်ရောက် ယှဉ်ပြိုင်ရန်
စဉ်းစားနေကြောင်း အမေရိကန်ပြည်ထောင်စု မီဒီယာက ဒီဇင်ဘာလ ၂၃ ရက်နေ့က သတင်း
ဖော်ပြခဲ့သည်။
မက်ဆာချူးဆက် ဆီးနိတ်အမတ် ဂျွန်ကယ်ရီသည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် အတည်ပြု
ခံရ၍ အထက် လွှတ်တော်အမတ် နေရာလစ်လပ်သွား ရာ တက်ဒီကနေဒီ (၅၁ နှစ်) သည်
ထိုနေရာအတွက် ယှဉ်ပြိုင်ရန် လေးလေး နက်နက် စဉ်းစားနေသည်ဟု ကနေဒီ၏ အစ်ကို
ဖြစ်သော အမေရိကန်ပြည် ထောင်စုကိုယ်စားလှယ်ဟောင်း ပက်ထရစ် ကနေဒီ၏ အဆိုအရ
သိရသည်။
ငွေကြေးကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်ပြီး မသန်မစွမ်းသူများ၏ အခွင့်အရေးများအတွက်
အဓိက စည်းရုံးလှုပ်ရှားခဲ့သူ တက်ဒီကနေဒီ သည် လက်ရှိ ကွန်နက်တီကပ်ပြည်နယ်တွင်
နေထိုင်သော်လည်း မက်ဆာချူးဆက်ပြည်နယ် ဟိုင်အင်နစ်ပို့တ်ရှိ ကနေဒီမိသားစုပိုင်
ခြံကြီးတွင် အိမ်တစ်လုံးပိုင်သည်။
(အေအက်ဖ်ပီ)
















