ငြိမ်းချမ်းရေးသံ ဘရာဟီမီ အာဆတ်နှင့် အတိုက်အခံကိုတွေ့

ငြိမ်းချမ်းရေးသံ ဘရာဟီမီ အာဆတ်နှင့် အတိုက်အခံကိုတွေ့

ဒမတ်စကတ်- ကုလသမဂ္ဂ ငြိမ်းချမ်း ရေးသံတမန် လက်ဒါဘရာဟီမီသည် ဒီဇင်ဘာလ ၂၅
ရက်နေ့က ဆီးရီးယား ပြည်တွင်း အတိုက်အခံများအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပင်လယ်ကွေ့ အာရပ်နိုင်ငံများ အဖွဲ့ကလည်း အလျင် အမြန် နိုင်ငံရေးအဖြေရှာကြရန်
တိုက်တွန်းနေသည်။

ပုတ်ရဟန်းမင်းကြီး ၁၆ ဆက်မြောက် ဘင်နီဒစ်က အစဉ်အလာ ခရစ္စမတ် သဝဏ်လွှာ
စကားမိန့်ကြားရာတွင် ဆီးရီးယားတွင် သွေးထွက်သံယိုမှုများ ချက်ချင်းရပ်ဆိုင်းပြီး
နိုင်ငံရေးအဖြေရှာရေး တွေ့ဆုံ ဆွေးနွေးကြရန် တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့ ၏ ဆီးရီးယားဆိုင်ရာ အထူးသံတမန် လက်ဒါဘရာဟီမီ
သည်ဒမတ်စကတ် မြို့ဟိုတယ်တွင် ဟာဆန်အဗ္ဗဒယ် အာဇင် ခေါင်းဆောင်သော အဖွဲ့ဝင်
ခြောက်ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ သည်။

အဗ္ဗဒယ်အာဇင်သည် အာဆတ် အစိုးရက ခွင့်ပြုထားသော ဒီမိုကရေစီ အသွင်ပြောင်းရေး
အမျိုးသားညှိနှိုင်းမှု ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည်။

ဘရာဟီမီသည် ဆီးရီးယားအကျပ်အတည်း အဆုံးသတ်ရေး နိုင်ငံတကာသဘောတူညီချက်
ကို အကောင်အထည် ဖော် ကြိုးပမ်းရန် ဆီးရီးယားတွင် ဒီဇင် ဘာလ ၃၀ ရက်အထိ
ဆက်လက် ရှိနေမည်ဟု အာဇင်ကပြောသည်။

၎င်း၏လက်ထောက်ဖြစ်သူ ရာဂျာနတ် ဆာက သတင်းထောက်များအား ပြောကြားရာတွင်
"တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ အာဏာအားလုံး ပိုင် ဆိုင်တဲ့ ကြားဖြတ်အစိုးရထူ
ထောင်ဖို့ပဲ။ နိုင်ငံရေးအဖြေရှာနိုင်ဖို့ လက်ရှိ အစိုးရအစား ဒီမိုကရေစီအစိုးရသစ် ထူထောင်ရ
မယ်လို့ ဆိုလိုပါတယ်" ဟု ၎င်းကဆိုသည်။

လေ့လာစောင့်ကြည့်သူများ ခန့်မှန်း တွက်ချက်မှုအရ ဆီးရီးယားတွင် လွန်ခဲ့ သောနှစ် မတ်လ
မှစ၍ ယနေ့ထိ ၄၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

ကုလသမဂ္ဂမှ သံတမန်တစ်ဦးက ပြောကြားရာတွင် သမ္မတအာဆတ် ကလည်း တွေ့ဆုံ
ဆွေးနွေးရန် အဆင်သင့် ဖြစ်ပုံမရသေးကြောင်း၊ လက်နက်ကိုင် ပုန်ကန်နေကြသော အတိုက်
အခံများ ကလည်း အပေးအယူလုပ်ပြီး ဆွေးနွေး ညှိနှိုင်းရန် ငြင်းဆိုနေကြသောကြောင့်
ထူးထူးခြားခြား ဖြစ်ထွန်းမည့် လက္ခဏာ မမြင်ရသေးကြောင်း ပြောဆိုခဲ့သည်။

ထိုအတောအတွင်း ဒမတ်စကတ်မြို့ အနောက်တောင်ဘက်ရှိ မြို့ငယ်များ တွင် လူရှစ်ဦးထက်
မနည်းကို အစိုးရ တပ်ဖွဲ့များက အကျဉ်းရုံးကွပ်မျက်ခဲ့ ကြကြောင်း သိရှိရသည်။

အနောက်မြောက်ဘက် အိုင်လစ်နယ် ရှိ ဟာရမ်မြို့မှာ အတိုက်အခံတပ်များ လက်သို့
ကျရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။

မြောက်ဘက် အလပ်ပို မြို့တွင် သူပုန်များ သိမ်းဆည်းထား သော စာသင်ကျောင်း
တစ်ကျောင်းကို အစိုးရစစ်လေယာဉ်များက တိုက်ခိုက် ခဲ့ကြကြောင်း သတင်းများရရှိ
သည်။

ဆီးရီးယားတွင် အစိုးရတပ်များက သွေးထွက်သံယိုမှုများကို ဆက်လက် ကျူးလွန်နေမှု
အတွက်လည်းကောင်း၊ မြို့များနှင့် အခြေခံအဆောက်အအုံ များကို ဖျက်ဆီးနေမှုအတွက်
လည်း ကောင်း စိတ်မချမ်းမြေ့ဖြစ်ရကြောင်း၊ နိုင်ငံရေးအရ ကြားဖြတ်အစိုးရတစ်ရပ်
အမြန်ဖွဲ့စည်းရေးကို အာရပ်စော်ဘွား ခြောက်နိုင်ငံပါ၀င်သည့် ပင်လယ်ကွေ့ ပူးပေါင်း
ဆောင်ရွက်ရေး ကောင်စီက တောင်းဆိုလိုက်သည်။

(အေအက်ဖ်ပီ)